မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ၏ စွပ်စွဲချက်များအား ပယ်ချကြောင်း၊ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ၏ လုပ်ဆောင်ချက်များနှင့် အစီရင်ခံစာများကို ပယ်ချကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းများအတွင်း ARSA အဖွဲ့၏ ခြိမ်းခြောက်မှုများအား အမြန်ဆုံးအရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။
၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ) ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဘာသာရပ်ဆိုင်ရာ အစည်းအဝေးများကို နယူးယောက်မြို့တွင် အာက်တိုဘာ ၂၂ ရက်၌ ဆက်လက်ပြုလုပ်နေပြီး ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် ယခင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူတို့က ဆွေးနွေးမှုများကို အသီးသီး ပြုလုပ်ခဲ့သည်။
၎င်းတို့၏ဆွေးနွေးမှုများအပေါ် တုံ့ပြန်ပြောကြားသည့် မိန့်ခွန်းတွင် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အထက်ပါအချက်များအား ထည့်သွင်းပြောကြားခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မစ္စယန်ဟီးလီ၏ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ အပ်နှင်းထားသည့် လွတ်လပ်သည့် လုပ်ပိုင်ခွင့်တာဝန်ရှိသူများနှင့် ယန္တရားများအနေဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် လွတ်လပ်မှု၊ သမာသမတ်ကျမှုနှင့် ပညာရှင်ဆန်သည့် ဂုဏ်သိက္ခာရှိမှုတို့ကို မြဲမြံစွာကျင့်ကြံရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးဆိုသည့် မြင့်မြတ်သည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် စံနှုန်းနှစ်ခု ကျင့်သုံးခြင်း၊ နိုင်ငံရေးအရ ခုတုံးလုပ်ခြင်းနှင့် နိုင်ငံတစ်နိုင်ငံအား ပစ်မှတ်ထား ရွေးချယ်ထိုးနှက်ခြင်းစသည့် အလေ့အကျင့်များက မည်သို့မျှ အထောက်အကူပြုမည် မဟုတ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နှစ်ပေါင်း ၃၀ ကျော် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံတစ်နိုင်ငံအား ပစ်မှတ်ထားသည့် အဆိုဆုံးဖြတ်ချက်များ၊ မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများမှ သွေဖည်ပြီး သမာသမတ်မကျသည့် လုပ်ဆောင်မှုများဖြင့် နိုင်ငံရေးအရ ဖိအားပေး အသုံးချရန် ရည်ရွယ်ထားသည့် ယန္တရားများသာ တိုးပွားလာနေကြောင်း ၎င်းကပြောကြားသည်။
အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် သူမ၏တာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်အတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားချက်များသည် သမာသမတ်မကျ၊ ဓမ္မဓိဋ္ဌာန်မကျဘဲ မြန်မာပြည်သူများ၏ ခံစားချက်နှင့် စိတ်ရင်းမှန်များကို အမြဲလျစ်လျူရှုလျက်ရှိကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အသိုက်အဝန်းအမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအတွင်း အချင်းချင်း သဘောထားကွဲပြားမှု၊ ယုံကြည်မှုကင်းမဲ့လာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည့်အတွက် မြန်မာအစိုးရအနေဖြင့် သူမ၏ လုပ်ရပ်များအပေါ် အထူးစိုးရိမ်မိကြောင်း၊ မစ္စယန်ဟီးလီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများသည် ဆက်လက်ပြီး ဆိုးရွားဆုတ်ယုတ်လျက်ရှိသည်ဆိုသည့် ခြုံငုံသုံးသပ်ချက်နှင့် ပတ်သက်ပြီး များစွာစိတ်ပျက်မိကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အချက်အလက် ရှာဖွေရေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ထို့အတူ အချက်အလက် ရှာဖွေရေးအဖွဲ့ သက်တမ်းကုန်ဆုံးသည့်နောက် ဆက်လက်တာဝန်ယူဆောင်ရွက်မည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရား ဆိုသည့် Independent Investigative Mechanism (IIM) ကိုလည်း လက်မခံ ကန့်ကွက်ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရား ဆိုသည်မှာ ခွဲခြားဆက်ဆံမှုအလေ့ကို အခြေခံလျက် နိုင်ငံတစ်နိုင်ငံအား စိစစ်စုံစမ်းမှုပြုလုပ်ရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့၏ လုပ်ထုံးလုပ်နည်းများမှ သွေဖည်ပြီး လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုသာဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများသည် ဇာတ်ကြောင်းပြန်ဆို ပြောကြားမှုများအပေါ် အခြေခံထားကြောင်း၊ အထောက်အထားမဲ့ ရေးသားထားပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့များကို ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် ပုံဖော်ထားသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ် သြဂုတ်တွင် ဖြစ်ပေါ်ခဲ့သည့် ARSA မှ လုံခြုံရေးကင်းစခန်းများအား ဝင်ရောက်တိုက်ခိုက်မှုများနှင့် ယင်းတို့၏ အကျိုးဆက်များအဖြစ် ယခုကြုံတွေ့နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ဖြစ်ပေါ်လာရခြင်းကို ထည့်သွင်းပြောကြားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားခဲ့ကြောင်း၊ သက်သေအထောက်အထား အထင်အရှားရှိသည့် ရခိုင်ပြည်နယ်အတွင်း ဟိန္ဒူများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခြင်းခံရမှုများကို တစ်ကြိမ်တစ်ခါမျှပင် ရှုတ်ချပြောဆိုမှုမျိုး မရှိခဲ့ကြောင်း ဦးဟောက်ဒိုဆွမ်းက ဆိုသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဘက်ခြမ်းရှိ ဒုက္ခသည်စခန်းများအတွင်း လုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ ARSA အနေဖြင့် စခန်းများအတွင်း ခြိမ်းခြောက်မှု ပြုလုပ်နေမှုများကို အမြန်ဆုံး အရေးယူဆောင်ရွက်သွားရန် အရေးကြီးကြောင်းကိုလည်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။















