ပြည်သူ၏ နိုင်ငံရေးအသိအမြင်များလာမှုကြောင့် ယခင်ရွေးကောက်ပွဲကဲ့သို့ ပါတီကိုကြည့်ပြီး မဲပေးတော့မည် မဟုတ်ကြောင်း NLD ပါတီဝင်များအား ပါတီဒုတိယဥက္ကဋ္ဌ (၂) သတိပေး

ပြည်သူ၏ နိုင်ငံရေးအသိအမြင်များလာမှုကြောင့် ယခင်ရွေးကောက်ပွဲကဲ့သို့ ပါတီကိုကြည့်ပြီး မဲပေးတော့မည် မဟုတ်ကြောင်း NLD ပါတီဝင်များအား ပါတီဒုတိယဥက္ကဋ္ဌ (၂) သတိပေး
NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီ၊ လွှတ်တော်၊ အစိုးရ စုံညီတွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် အမှာစကားပြောကြားနေစဉ်
NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီ၊ လွှတ်တော်၊ အစိုးရ စုံညီတွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် အမှာစကားပြောကြားနေစဉ်
Published 24 October 2019
ဉာဏ်လင်းထွန်း

ပြည်သူ၏ နိုင်ငံရေးအသိအမြင် များပြားလာမှုကြောင့် လာမည့်ရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲကဲ့သို့ ပါတီကိုကြည့်ပြီး မဲပေးတော့မည် မဟုတ်ကြောင်း NLD ပါတီဝင်များကို ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က သတိပေး ပြောကြားသည်။

NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီ၊ လွှတ်တော်၊ အစိုးရသုံးပွင့်ဆိုင် သတ္တမအကြိမ်မြောက် တွေ့ဆုံပွဲကို အောက်တိုဘာ ၂၄ ရက်က တာမွေမြို့နယ်ရှိ Sky Star Hotel တွင် ကျင်းပစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အတိုင်ပင်ခံပုဂ္ဂိုလ်က လူပုဂ္ဂိုလ်ကို မကြည့်ပါနဲ့။ ကျွန်မ ထိန်းသိမ်းပါမယ်။ ပါတီကိုကြည့်ပြီး မဲပေးပါလို့ ပြည်သူတွေဆီကနေ ဆန္ဒတောင်းခဲ့တယ်။ တကယ်လည်း ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးအသိအမြင် ဒီထက်ပိုရင့်ကျက်လာတယ်။ ဒီထက် ပိုများပြားလာတယ်။ အရင်တုန်းကလို တစ်ခုတည်းတော့ ကြည့်မှာမဟုတ်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ့်ကိုယ်ကိုယ် ပြု စုပျိုးထောင်ဖို့၊ ဝမ်းစာဖြည့်ဖို့ လိုပါလိမ့်မယ်” ဟု NLD ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အချို့၏ စွမ်းဆောင်ရည်နှင့် အပြောအဆိုအချို့ကြောင့် လူကိုမကြည့်နှင့် ပါတီကိုကြည့်ပါဆိုသည့် မဲဆွယ်တိုက်တွန်းချက်ကို ဆက်လက်သုံးစွဲရန် မဖြစ်နိုင်တော့ဟု စဉ်းစားချက်များ NLD ပါတီခေါင်းဆောင်ပိုင်းတွင် ရှိနေကြောင်း သတင်းထွက်ပေါ်ချက်များကို ပါတီ၏ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက အတည်ပြုသည့် သဘောဖြစ်သည်။

ပါတီကိုသာကြည့်ပြီး မဲပေးရန်ဆိုသည့် စကားက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မလုံလောက်တော့ဟု ထင်မြင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

“ပါတီကိုလည်း ကြည့်ဖို့လိုပါလိမ့်မယ်။ အစဉ်အလာအားဖြင့် ဘယ်လိုဆောင်ရွက်ခဲ့လဲ၊ ဘယ်လို ပေါက်ဖွားခဲ့လဲ ကြည့်ဖို့လိုသလို ပါတီက တာဝန်ပေးတဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း တစ်ဦးချင်းစီ အရည်အချင်းတွေကို စိစစ်ဖို့လိုပါလိမ့်မယ်” ဟု ဦးမြင့်ဌေးက ပြောကြားသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများ အောင်နိုင်ခဲ့ခြင်းက NLD ပါတီ၏ အလံတော်ကြောင့်ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အနေဖြင့် မည်သည့်အနေအထားတွင် ရှိနေသည်ဖြစ်စေ ပါတီအလံတော်အောက်သို့ ဝင်ရောက်သည်နှင့် ပါတီ၏စည်းမျဉ်း၊ စည်းကမ်းမူဝါဒများကို လိုက်နာရမည်ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ပါတီ၊ လွှတ်တော်၊ အစိုးရ သုံးပွင့်ဆိုင် စုံညီတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဝင် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲသဘာပတိအဖြစ် တာဝန်ယူသူများက ပါတီဝင်အချင်းချင်း ညီညွတ်မှုရှိရေးကို အလေးပေးမှာကြားခဲ့သည်။

စီးပွားရေးမြို့တော်၊ နိုင်ငံခြားသံတမန်များ ရုံးစိုက်ရာမြို့တော်နှင့် NLD ပါတီ ရုံးချုပ်တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေး လွန်စွာအရေးကြီးပြီး ၂၀၁၅ ခုနှစ်က ရရှိထားသည့် အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ပါတီဝင်များ ညီညွတ်ရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတို့က တိုက်တွန်းသည်။

“ကျွန်တော်တို့ဟာ ဘယ်တခြားအဖွဲ့အစည်းကိုမှ စိုးရိမ်ကြောင့်ကြနဲ့ ကြည့်နေစရာ မလိုဘူး။ ရန်ဖြစ်နေဖို့လည်း မလိုဘူး။ တုံ့ပြန်နေဖို့လည်း မလိုဘူး။ လိုအပ်ချက်က ကျွန်တော်တို့ အချင်းချင်း ညီညွတ်ဖို့။ ကျွန်တော်တို့ အချင်းချင်း ညီညွတ်နေသမျှ ပြင်ပက အနှောင့်အယှက်ဆိုတာကို စိုးရိမ်စရာမရှိဘူး။ လုံးဝ စိုးရိမ်စရာမရှိဘူး။ ပြည်သူလူထုက ကျွန်တော်တို့ဘက်မှာ ရှိပြီးသား။ ကျွန်တော်တို့ကသာ ညီညွတ်ဖို့ အရေးကြီးတယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

သုံးပွင့်ဆိုင် စုံညီတွေ့ဆုံပွဲတွင် သဘာပတိအဖြစ် ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က တာဝန်ယူ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယင်းနောက်တွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌ ဦးမြင့်ဌေးတို့ ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့လည်း အဖွင့်စကားပြောကြားခဲ့သော်လည်း ၎င်းတို့ပြောကြားချိန်တွင် သတင်းမီဒီယာများ ခန်းမတွင်းမှ ပြန်လည်ထွက်ခွာရသဖြင့် မည်သည့်အကြောင်းအရာများအား ပြောကြားသည်ကို မသိရှိရပေ။

 

 

Most Read

Most Recent