ဖက်ဒရယ်ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်တည်း တိုင်းရင်းသားလူမျိုးအသီးသီးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးတို့ကို ပြောကြားကြသည့်အပြင် ခွဲထွက်ကိစ္စနှင့် ပတ်သက်၍ အခွင့်အရေးတစ်ခုအဖြစ် ပြောဆိုမှုများလည်း ရှိနေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမြင့်စိုးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ဒေသအခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ တိုင်းရင်းသားတွေနဲ့ ထိတွေ့တဲ့အပိုင်းမှာ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် သွားတဲ့အခါမှာ ဖက်ဒရယ်ဆိုတာ ဘာလဲ။ ဒီမိုကရေစီဆိုတာ ဘာလဲ။ ဒါတွေက ၀ိ၀ါဒတွေ ကွဲတာတွေ အများကြီး ရှိပါတယ်။ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ တပြိုင်နက် တချို့က ဘာတွေထင်ကြလဲဆိုတော့ ပြောချင်တာပြော ရေးချင်တာရေး လုပ်ချင်တာလုပ်လို့ရတဲ့ဟာကို ဒီမိုကရေစီလို့ တလွဲတွေးထင်တာတွေလည်း ရှိတယ်။ ဖက်ဒရယ်လို့ပြောလိုက်တာနဲ့ တပြိုင်နက် တိုင်းရင်းသားလူမျိုး အသီးသီးကလည်းပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ တန်းတူအခွင့်အရေးတို့ ဒါတွေနဲ့ သူတို့က ပြောလာကြတယ်။ အဲဒီထဲမှာ ပိုဆိုးတာက ဖက်ဒရယ်လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ခွဲထွက်ခွင့်ဆိုတဲ့ကိစ္စမှာ ဒါအခွင့်အရေးတစ်ခုပဲဆိုပြီး တိုင်းရင်းသားတွေထဲမှာလည်းပဲ ပြောလာတယ်။ ဒါကြောင့် ကျွန်တော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းရင်းကနေပြီးတော့မှ ဒီဖက်ဒရယ်ဆိုတဲ့ ကျွန်တော်တို့ NCA မှာ လက်ခံနားလည်ထားတဲ့ဟာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ခံနားလည်တဲ့ အကြောင်းအရာ ဒါတွေကို ကျွန်တော်တို့က ဒီနေ့ ရှင်းလင်းတင်ပြတဲ့အထဲမှာလည်းပဲ ပါပါတယ်” ဟု ဦးမြင့်စိုးက ပြောကြားသည်။
ဒေသအခြေစိုက် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်း အစီအစဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အလှည့်ကျပြုလျက်ရှိရာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူလူထုအကြား ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးမြင့်စိုးက ပြောကြားသည်။
“နိုင်ငံရေးပါတီ အစုအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို ရှင်းလင်းတင်ပြတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းလုံး ပြည်နယ်၊ တိုင်းအသီးသီး အထူးသဖြင့်တော့ ကျွန်တော်တို့က ပြည်နယ်တွေမှာ အလှည့်ကြ ရှင်းလင်းတင်ပြတဲ့ အခမ်းအနားတွေ လုပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်သူလူထုကြားမှာ အထူးသဖြင့် နိုင်ငံရေးပါတီတွေရဲ့ကြားမှာ၊ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ကြားမှာ ထိထိရောက်ရောက်နဲ့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ဖို့ အတွက်ကို ကျွန်တော်တို့ ရည်ရွယ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုက ရှင်းရှင်းလင်းလင်းနဲ့ သိရှိနားလည်အောင် အထူးသဖြင့် ပြည်နယ်ဒေသအသီးသီးမှာ တိုင်းရင်းသားတွေ အသီးသီးမှာ နားလည်နိုင်အောင်လို့ ရှင်းလင်းတာဖြစ်ပါတယ်။ ခန္တီးကိုရွေးတဲ့ အကြောင်းရင်းက ဒီမှာအခုဆိုရင် လက်ရှိ နာဂပါတီပေါ့နော်။ နာဂလူမျိုး နောက်တစ်ရက်ကိုလည်း လဟယ်အထိကိုသွားမယ့် အစီအစဉ်လေးပါ ထည့်သွင်းရေးဆွဲထားပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ဘုံအကျိုးစီးပွားတစ်ရပ်ဖြစ်ပြီး ယခုနောက်ပိုင်းတွင် INGO များ၊ NGO များ၊ CSO များအကြားတွင် တိုင်းရင်းသားလူနည်းစု အခွင့်အရေး၊ တန်းတူအခွင့်အရေးနှင့် ပတ်သက်၍ တွင်တွင်ကျယ်ကျယ် ပြောကြားလာမှုများရှိရာတွင် အချို့က နားလည်၍ ပြောကြားခြင်းဖြစ်သော်လည်း အချို့မှာနားမလည်ပဲ ပြောကြားခြင်းများ တွေ့နေရသဖြင့် လှည့်လည်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးမြင့်စိုးက ဆက်လက်ပြောကြားသည်။
” ဒီပွဲမှာ ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေ တက်ရောက်လာတာတွေ့တဲ့ အတွက်ကြောင့် အများကြီး ဝမ်းသာပါတယ်။ ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားတဲ့အခါမှာ လက်ရှိအစိုးရတစ်ဖွဲ့တည်းကပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ဒါ ကျွန်တော်တို့က ဘုံအကျိုးစီးပွားပါ။ ဒီထဲမှာ အာဏာရနေတဲ့ NLD ပါတီလည်း ပါမယ်။ အခု အတိုက်အခံ သဘောမျိုးနဲ့ ဖြစ်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်း ပါမယ်။ နောက် တိုင်းရင်းသားပါတီအသီးသီးကလည်း ပါမှာပဲ။ အားလုံးဟာ ဘုံရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ရမယ့် အပိုင်းဖြစ်တဲ့အတွက် နိုင်ငံရေးပါတီအစုအဖွဲ့ အနေနဲ့လည်းပဲ အခုလို အချိန်ကုန် ငွေကုန်ခံပြီးတော့မှ ဒီလို ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတင်ပြတဲ့အပေါ်မှာ တက်ရောက်လာကြတဲ့ နိုင်ငံရေးပါတီတွေ အထူးသဖြင့် ဒီဒေသမှာ အခြေစိုက်တဲ့ ဒေသခံပါတီအတွေနဲ့ ရှင်းရှင်းလင်းလင်းနဲ့ နားလည်သဘောပေါက်ပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ကိုလည်းပဲ ဖိတ်ခေါ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့အရေးဟာ နိုင်ငံတော်ရဲ့အရေးလည်း ဖြစ်ပါတယ်။ ဒီကနေ့ တိုင်းရင်းသားလူနည်းစု အခွင့်အရေးဆိုတာကို တချို့တွင်တွင်ကျယ်ကျယ်နဲ့ အထူးသဖြင့် INGo တွေအပိုင်းမှာ၊ NGO တွေအပိုင်းမှာ CSO တွေအပိုင်းမှာ ဒါတွေ ပြောလာတာတွေ ဆိုလာတာတွေ အများကြီးရှိတယ်။အဲဒီအထဲမှ တန်းတူအခွင့်အရေး နောက်တစ်ခါ အဲဒီအထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီဟာနဲ့ပတ်သက်ရင် definition ကို သေသေချာချာ နားလည်လို့ ပြောတဲ့လူတွေရှိသလို နားမလည်ဘဲနဲ့လည်းပဲ ပြောတဲ့ဟာတွေလည်းပဲ တွေ့ရတယ်။ ဒါကြောင့်မို့ ဒါလေးတွေကို ကျွန်တော်တို့အနေနဲ့ တတပ်တအား အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ နိုင်ငံရေးပါတီ အစုအဖွဲ့ကနေပြီးတော့မှ လှည့်လည်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဦးမြင့်စိုးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) နှင့် ဒေသအခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။















