စာရင်းစစ်ချုပ်အစီရင်ခံစာအား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံသာ ပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ညွှန်ကြားခဲ့ပြီး ဝန်ကြီးချုပ်အား တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် လွှတ်တော်သို့တင်ပြရမည်ဟု ဥပဒေ၌ပါရှိကြောင်း တိုင်းစာရင်းစစ်ချုပ်ပြောကြား

စာရင်းစစ်ချုပ်အစီရင်ခံစာအား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံသာ ပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ညွှန်ကြားခဲ့ပြီး ဝန်ကြီးချုပ်အား တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် လွှတ်တော်သို့တင်ပြရမည်ဟု ဥပဒေ၌ပါရှိကြောင်း တိုင်းစာရင်းစစ်ချုပ်ပြောကြား
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှအား တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှအား တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ်
Published 19 October 2019
ဆန်းထူးအောင်

၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာအား ဝန်ကြီးချုပ် နှင့် လွှတ်တော်ဥက္ကဋ္ဌထံ တစ်အုပ်စီသာပေးပို့ ရန်  တိုင်းဒေသကြီးအစိုးရက စာဖြင့် ညွှန်ကြားခဲ့ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေတွင် ဝန်ကြီးချုပ်အား တင်ပြပြီးသည်နှင့်တစ်ပြိုင် နက် လွှတ်တော်သို့ တင်ပြရမည်ဟု ပါရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက အောက်တိုဘာ ၁၈ ရက်ညပိုင်းတွင် The Daily Eleven သတင်းစာကို ပြောကြားသည်။

၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာအား ၂၀၁၉ ဇူလိုင် လဆန်းပိုင်းကတည်းက လွှတ်တော်သို့အုပ်ရေ ၁၄၀ ကျော်ပေးပို့ခဲ့ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့က စာရင်းစစ်ချုပ်ရုံးသို့ စာဖြင့်ညွှန်ကြားမှုများပြုလုပ်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့သာ တစ်အုပ်စီပေးပို့ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

“ဒါကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ အန်တီဆီကို စာနဲ့ အကြောင်းကြားတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်တဲ့မူအရပေါ့နော်၊ ဝန်ကြီးချုပ်ကို တစ်အုပ်၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌကို တစ်အုပ်ပဲပို့ပေးပါရန် ညှိနှိုင်းပါတယ် ဆိုပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူးလက်မှတ်နဲ့ စာပို့လို့ တစ်အုပ်စီပဲပို့လိုက်ရတယ်” ဟု ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

လက်ရှိတွင် လွှတ်တော်ဥက္ကဋ္ဌထံစာရင်းစစ်ချုပ်အစီရင်ခံစာ ပေးပို့ထားမှုမှာ လွှတ်တော်သို့ တင်ပြထားခြင်း ဟုတ် မဟုတ် ၀ိ၀ါဒ ကွဲပြားလျက်ရှိသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေတွင် ဌာနများ၏ စာရင်းများစစ်ဆေးပြီးပါက ဝန်ကြီးချုပ်အား တင်ပြပြီးသည်နှင့် တစ်ပြိုင်နက် တိုင်းလွှတ်တော်သို့ တင်ပြရမည်ဆိုသည့် ဥပဒေတစ်ရပ်ပါရှိကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဆိုသည်။

“၂၅(ဃ)မှာပါတာပေါ့နော်။ ၂၀၁၈ မှာ နောက်ဆုံးပြင်လိုက်တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပေါ့နော်။ အခုလိုလုပ်တဲ့ ကိစ္စက တော့ ဥပဒေထဲမှာ မပါပါဘူး” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်ပြီး  စာရင်းစစ်ချုပ်ရုံးမှ လွှတ်တော်သို့ တင်သွင်းစရာမလိုဘဲ ပြည်သူ့ငွေစာရင်းကော်မတီကသာ ရန်ကုန်တိုင်းလွှတ်တော်သို့ တင်မည်ဆိုသည့် သတင်းအားမီဒီယာအချို့တွင် ဖော်ပြထားသည်ကို တွေ့ရှိရဟု ၎င်းက ဆိုသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ ပြည်သူ့ငွေစာရင်းကော်မတီကိုမေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးရှင်းပါလို့ ကျွန်မတို့အကုန်လုံးက လွှတ်တော်မရောက်ခင်ထဲက ရင်းနှီးပြီးသား လူတွေပဲလေ”ဟု စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ယခု စာရင်းစစ်ချုပ်အစီရင်ခံစာနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတစ်ခုထဲမှ စိစစ်နေမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေသည်။

၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုကြောင့် လွှတ်တော်သို့ ဖြန့်ဝေနိုင်ခြင်းမရှိမှုနှင့် ပတ်သက်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် “ ဥပဒေပြဋ္ဌာန်းထားပြီးသားရှိပါလျက် ပြည်ထောင်စုပုံစံအတိုင်း လိုက်လုပ်တာပါဆိုတာ အကြောင်းပြချက် မခိုင်လုံပါဘူး။ ပြည်ထောင်စုပုံစံအတိုင်း လိုက်လုပ်လို့ ကော ဘာအကျိုးကျေးဇူးတွေ ရရှိသွားပါသလဲ။ ဒါဆိုရင် တခြားပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေကကော ပြည်ထောင်စု ပုံစံအတိုင်း ဘာဖြစ်လို့ မလုပ်သလဲ။ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ပထမ ဒုတိယအကြိမ် စာရင်းစစ်ချုပ် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်အတိုင်း ဘာဖြစ်လို့ မလုပ်ခဲ့သလဲ။ စာရင်းစစ်ဆိုတာ ဌာနဆိုင်ရာတွေကို စာရင်းကော လုပ်ငန်းကော စစ်ရမှာ သူ့တာဝန်ပါ။ ပြီးရင် တွေ့ရှိ ချက်တွေကို လွှတ်တော်တင်ပြရမှာလည်း သူ့ တာဝန်ပါပဲ။ ဒီအပေါ်မှာ ကိုယ်စားလှယ်တိုင်းက ဆွေးနွေးခွင့်ရှိတာ ဥပဒေပါအခွင့်အရေးပါ။ ဒါကိုကြောက်ပြီး စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တွေကို မပြနိုင်တာကတော့ စာရင်းစစ်ချုပ်ရဲ့ပျက်ကွက်မှု မဟုတ်ပါဘူး။ လွှတ်တော်ကြီးရဲ့ သဘာဝ မကျမှုပါ”ဟု ရေးသားထားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) အရ ပုဒ်မ ၂၅ (က) တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံးစာရင်းများနှင့် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်များကို စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ အနည်းဆုံးတစ် နှစ်လျှင် တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားအခြေအနေတွင် အခါအားလျော်စွာတင်ပြခြင်း၊ ပုဒ်မ ၂၅ (ဃ) တွင် မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့်တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင် ခံခြင်းဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ ၂၅ (စ) အရ  သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးရန် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း ဆိုသည့် အချက် ပါဝင်သည်။

 

 

Most Read

Most Recent