ဖိလစ်ပိုင်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူငါးဦး သေဆုံး

ဖိလစ်ပိုင်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူငါးဦး သေဆုံး
 ဖိလစ်ပိုင်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် အောက်တိုဘာ ၁၇ ရက်၌ စတိုးဆိုင်တစ်ဆိုင် ပျက်စီးနေမှုကို တွေ့ရစဉ်
ဖိလစ်ပိုင်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် အောက်တိုဘာ ၁၇ ရက်၌ စတိုးဆိုင်တစ်ဆိုင် ပျက်စီးနေမှုကို တွေ့ရစဉ်
Published 17 October 2019
     Ref: AP

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၁၆ ရက်၌ အင်အားပြင်းထန်သော ငလျင်လှုပ်မှုကြောင့် မြေပြိုခြင်းနှင့် အဆောက်အဦများပျက်စီးကာ လူငါးဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

Davao DelSur ပြည်နယ်ရှိ  မက်ဆေးဆေးမြို့တွင် ငလျင်လှုပ်မှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံးကာ ၁၈ ဦး  ဒဏ်ရာရရှိသွားကြောင်း မြို့ပြကာကွယ်ရေးရုံးက အောက်တိုဘာ ၁၇ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ပြိုကျလာသော အိမ်နံရံထိမှန်ရာမှ မိန်းကလေးတစ်ဦးအပါအဝင် နောက်ထပ် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ABS- CBN ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။

ပြင်းအား ၆.၃ ရှိသော ငလျင်သည် မြောက်ဘက်ကိုတာဘာတို ပြည်နယ်၊ တူလူနမ်မြို့၏ အရှေ့တောင်ဘက် ၂၂ ကီလိုမီတာ (၁၄မိုင်) အကွာကို ဗဟိုပြုကာ ၈ ကီလို မီတာ (၅ မိုင်) အနက်တွင် လှုပ်သွားခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့်  မြေငလျင်ဆိုင်ရာသိပ္ပံက ထုတ်ပြန်ခဲ့သည်။ နောက်ဆက်တွဲငလျင် ၂၀၀ ကျော်လည်း လှုပ်ခဲ့သည်။

အမေရိကန်ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ကမူ ထိုငလျင်သည် ပြင်းအား ၆.၄ ရှိပြီး ၁၄ ကီလိုမီတာ (၉မိုင်) အနက်၌ လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မက်ဆေးဆေးမြို့တွင် မြေပြိုခြင်း သို့မဟုတ် အရာဝတ္ထုများနှင့် ထိခိုက်မိခြင်းကြောင့် သို့မဟုတ် ပြိုကျလာသော ကွန်ကရစ်နံရံများကြောင့် လူ ၂၇ ဦး ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း မြို့ပြကာကွယ်ရေး ရုံးက ထုတ်ပြန်ခဲ့သည်။

ငလျင်လှုပ်ခြင်းကြောင်ဆက်သွယ်ရေး အချက်အချာဒေသဖြစ်သော ကီဒါပါဝမ်မြို့အပါအဝင် အချို့ဒေသများတွင် လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ငလျင်လှုပ်ပြီးပြီးချင်းတွင် General Santos မြို့ရှိ Gaisano စျေးဝယ်စင်တာတွင် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း စင်တာထဲတွင် လူများပိတ်မိနေခြင်းများ မရှိခဲ့ပေ။

ငလျင်လှုပ်စဉ်တွင် လူနာများ၏ ဘေးကင်းလုံခြုံရေးအတွက် သူတို့ကို ဆေးရုံမှ ထွက်ခွာခွင့်ပြုခဲ့ကြောင်း ကိုတာဘာတို မြောက်ပိုင်းရှိ M*Lang မြို့၏ ဒုတိယမြို့တော်ဝန် Joselito Pinoi က ပြောကြားသည်။ Pinoi ၏ မှန်များတပ်ဆင်ထားသော ရုံးခန်းအပါအဝင် အဆောက်အဦအများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

သမ္မတ၏ ဇာတိမြေဖြစ်သော ဒါဗာအိုမြို့အပါအဝင် ငလျင်လှုပ်သွားခဲ့သောဒေသများရှိ စာသင်ကျောင်းများ၏ အပျက်အစီးကို စစ်ဆေးရန်အတွက် အောက်တိုဘာ ၁၇ က ခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခဲ့စဉ်က သမ္မတရိုဒရီဂိုဒူတာတေးသည် မနီလာမြို့တော်တွင်ရှိနေကြောင်း သိရသည်။ Davao Del Sur ပြည်နယ်ရှိ သေးငယ်သော Digos ကောလိပ်တွင် ပျက်စီးမှုများပြားခဲ့ကြောင်း ဒေသတွင်းရှိ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုအရာရှိ Lesile Francisco က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည်တိုင်ဖွန်းမုန်တိုင်း၊ ငလျင်လှုပ်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့အပါအဝင် သဘာဝဘေးအန္တရာယ်များကို  မကြာခဏတွေ့ကြုံရသော နိုင်ငံဖြစ်သည်။ ဖိလစ်ပိုင်သည် ပိစိဖိတ်သမုဒ္ဒရာရှိ ပြတ်ရွေ့ကြောရှိရာတွင် တည်ရှိပြီးထိုအရပ်သည် ကမ္ဘာပေါ်တွင် မြေငလျင်များအများ ဆုံးလှုပ်ရာဒေသဖြစ်သည်။

၁၉၉၀ က ဖိလစ်ပိုင်မြောက်ပိုင်းတွင် လှုပ်ခဲ့သောပြင်းအား ၇.၇. ရှိသော ငလျင်ကြောင့် လူပေါင်း ၂၀၀၀ နီးပါး သေဆုံးခဲ့သည်။               

Most Read

Most Recent