ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေ့စဉ် အသက်ငါးနှစ်အောက်ကလေး ၁၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ သေဆုံးမှုနှုန်းသည် နိုင်ငံအလိုက်၊ ဒေသအလိုက်ကြီးမားသည့် ကွာဟချက်များရှိကြောင်း အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ကလေးသေဆုံးမှုဆိုင်ရာ အသေးစိတ်ချင့်တွက်ထားသည့် လေ့လာမှုအရသိရသည်။
ဝင်ငွေနည်းပါးနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံ ၉၉ နိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အကုန်အထိ မွေးကင်းစ၊ နို့စို့ကလေးနှင့် လမ်းလျှောက်ခါစအရွယ်ကလေးငယ် ၁၂၃ သန်း သေဆုံးခဲ့ပြီး ငါးနှစ်အောက် ကလေးသေဆုံးမှု ရာခိုင်နှုန်း ၉၀ ကျော်ရှိသည်ဟု ယင်းလေ့လာမှုကရှာဖွေ တွေ့ရှိခဲ့သည်။
၂၀၁၈ ခုနှစ်အတွက် ကြိုတင်ကိန်းဂဏန်းများကို ထည့်သွင်းမည်ဆိုပါက ၂၁ ရာစု၏ ပထမဆယ်စုနှစ်နှစ်ခုတွင် ကလေးငယ်များ အရွယ်မတိုင်မီ သေဆုံးသည့်အရေအတွက်သည် သန်း ၁၃၀ ကျော်လွန်နိုင်ခြေရှိသည်ဟု သုတေသနပညာရှင်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ယင်းစာရင်းတွင် ပါဝင်သည့် နိုင်ငံများတွင် တရုတ်၊ မက္ကဆီကို၊ ဘရာဇီးနှင့် မလေးရှားတို့မှ အချက်အလက်များ မပါဝင်ပေ။
သေဆုံးသည့် အဓိကအကြောင်းအရင်းသည် အသက်အရွယ်ပေါ်မူတည်ပြီး ခြားနားမှုရှိသည်ဟု ရာနှင့်ချီသော သုတေသနပညာရှင်များပေါင်းစည်းထားသည့်အဖွဲ့ အစည်းက ထိုလေ့လာမှုကို ဂျာနယ်တွင် ဖော်ပြခဲ့သည်။
လမစေ့ဘဲ မွေးဖွားမှုသည် အသက်တစ်နှစ်အောက်နို့စို့ကလေးများ သေဆုံးရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ အသက် နှစ်နှစ်မှ လေးနှစ်အရွယ်အတွင်း ကလေးများသည် ငှက်ဖျား၊ ဝမ်းလျှောရောဂါနှင့် အဆုတ်ရောင်ရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
မွေးကင်းစ(သို့မဟုတ်) လမ်းလျှောက်ခါစကလေး သေဆုံးမှုသည် နိုင်ငံများအလိုက် ၁၀ ဆနှင့် ဒေသအလိုက် အဆ ၄၀ ကွာခြားနိုင်ခြေရှိသည်။
ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်တွင် ကျူးဘားနိုင်ငံ၊ ဆန်တာကလာရာမြို့ရှိ ကလေး ၁ဝဝဝတွင် လေးဦးသာလျှင် အသက်ငါးနှစ်မတိုင်မီ သေဆုံးခဲ့သော်လည်း နိုင်ဂျီးရီးယားနိုင်ငံ၊ ဂါကီခရိုင်တွင် ကလေး ၁၀၀၀ လျှင် ၁၉၅ ဦးခန့်သည် အသက်ငါးနှစ်မတိုင်မီ ကွယ်လွန်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင်မူ အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစပြီး ထက်ဝက်နီးပါး ကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၁၀ သန်းမှ ၅.၄ သန်းအထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ၁၈ နှစ်တွင် နိုင်ငံအချို့၌ တိုးတက်မှုရှိလာခဲ့ပြီး အရွယ်မတိုင်မီသေဆုံးမှုနှုန်းလျှော့ချသည့် ရည်မှန်းချက်များကို လက်လှမ်းမီလာခဲ့သည်။
ဥပမာအားဖြင့် ရဝမ်ဒါ၌ ၂၀၁၇ ခုနှစ် တွင် ကလေးသေဆုံးမှုအမြင့်ဆုံး ပမာဏဖြစ်သည့်ခရိုင်တွင် သေဆုံးမှုသည် ၂၀၀၀ ပြည့်နှစ်တွင် ကလေးသေဆုံးမှုအနိမ့်ဆုံး ပမာဏဖြစ်သည့်ခရိုင်ထက် ထက်ဝက်ကျဆင်းခဲ့သည်။ ကျန်းမာရေးအာမခံချက် ရရှိမှုကျယ်ပြန့်လာခြင်းနှင့် ဆင်းရဲသည့် ဒေသများတွင် ကျန်းမာရေးဝန်ထမ်းအရေအတွက် တိုးမြှင့်ခဲ့့ခြင်းများကြောင့် ယင်းရလဒ်များရရှိခဲ့ခြင်းဖြစ်သည်။














