အင်အားပြင်း တိုင်ဖွန်း ဝင်ရောက်မှုကြောင့် ဂျပန်တွင် လူ ၇၀ နီးပါးသေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ဆောင်နေမှု သုံးရက်အတွင်းသို့ ရောက်ရှိလာချိန် အောက်တိုဘာ ၁၅ ရက်တွင် ကယ်ဆယ်ရေးသမားများသည် အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေရန် အပြင်းအထန်ကြိုးပမ်းနေကြသည်။
တိုင်ဖွန်းမုန်တိုင်း Hagibis သည် လေ ပြင်းတိုက်နှုန်း တစ်နာရီလျှင် ၂၁၆ ကီလိုမီတာ (၁၃၄ မိုင်) ဖြင့် အောက်တိုဘာ ၁၂ ရက်ည ပိုင်းတွင် ဂျပန်နိုင်ငံတွင်းသို့ ဝင်ရောက်တိုက် ခတ်ခဲ့ခြင်းဖြစ်ကာ မုန်တိုင်းတိုက်ခတ်စဉ် အတွင်း လေပြင်းများတိုက်ခတ်ခြင်းနှင့် မိုး သည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် မြေပြို မှုများဖြစ်ပွားခဲ့ပြီး ဂျပန်နိုင်ငံရှိ မြစ် ၁၇၆ စင်းထက်မနည်းတွင် မြစ်ရေလျှံမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုအများစုမှာ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားရခြင်းဖြစ် သည်။ မုန်တိုင်းကြောင့် ဂျပန်တွင် ပြေးဆွဲနေ သော ရထားခရီးစဉ်ဝန်ဆောင်မှုများကို ရပ် ဆိုင်းခဲ့ရပြီး လေကြောင်းခရီးစဉ်များကို ဖျက် သိမ်းခဲ့ရသည်။
သေဆုံးသူအရေအတွက်မှာ အောက် တိုဘာ ၁၅ ရက်နံနက်ခင်းအချိန်တွင် ၇၀ နီးပါးထိရှိလာခဲ့ကာ လူတစ်ဒါဇင်ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း NHK သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ အစိုးရအဖွဲ့က အတည်ပြုခဲ့သော သေဆုံးသူအရေအတွက် မှာ NHK မှထုတ်ပြန်ခဲ့သော အရေအတွက် ထက် ပိုနည်းနေသော်လည်း သတင်းအချက် အလက်သစ်ကို ထုတ်ပြန်ရန် အတည်ပြုနေ ဆဲဖြစ်ကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့ သည်။
ရဲတပ်ဖွဲ့ဝင်များ၊ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ် သားများ စုစုပေါင်းဝန်ထမ်း ၁၁၀၀၀၀ ဝန်းကျင် ခန့် ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်နေပြီး ကယ်ဆယ်ရေးလုပ်ဆောင်မှုများကို လျှော့ချ ရန် အစီအစဉ်မရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာတော့ ပျက်စီးမှုဖြစ် နေတဲ့ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ ပျောက် ဆုံးသူ ရှာဖွေရေးလုပ်ငန်းတွေကို ၂၄ နာရီ ပတ်လုံး လုပ်ဆောင်နေပါတယ်။ မြစ်ကမ်းပါး ပြိုကျတဲ့နေရာမှာ ပြုပြင်ထိန်းသိမ်းရေးလုပ် ဆောင်နေပြီးတော့ ရေကြီးရေလျှံမှုတွေဖြစ် ပွားနေတဲ့နေရာတွေမှာ ရေတွေကို စက်နဲ့ စုပ်ထုတ်ခဲ့ပါတယ် “ဟု အာဘေးကဆိုသည်။
မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက်ပိုင်း လူ ၃၀၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ မုန်တိုင်းဒဏ်သင့် ဒေသအများအပြားတွင် အောက်တိုဘာ ၁၅ ရက်တစ်နေ့လုံး မိုးပိုမို ရွာသွန်းမည်ဟု ခန့်မှန်းရကြောင်း အစိုးရ တာဝန်ရှိသူများက သတိပေးထားသည်။
ဂျပန်နိုင်ငံ၏ စီရင်စု ၄၇ ခုအနက် ၃၆ ခုသည် မုန်တိုင်းဒဏ်သင့်ခဲ့ပြီး အောက်တို ဘာ ၁၅ ရက်နံနက်ခင်းအချိန်ထိ အိမ်ထောင် စု ၃၄၀၀၀ ခန့်သည် လျှပ်စစ်မီးမရရှိသေးဘဲ အိမ်ခြေ ၁၃၃၀၀၀ ခန့်သည် သောက်သုံးရေ ပြတ်လပ်နေကြောင်း သိရသည်။ ထောင်နှင့် ချီသောလူများသည် အောက်တိုဘာ ၁၄ ရက် ညတွင် အစိုးရခိုလှုံရေးစခန်းများတွင် နေ ထိုင်နေကြရသည်။
မုန်တိုင်းဒဏ်သင့်ဒေသများသို့ ငွေကြေးအကူအညီများ ထောက်ပံ့ရန် အစိုးရ အဖွဲ့က ကတိပြုထားပြီး ထောက်ပံ့ငွေပမာဏ မည်မျှ လျာထားသည်ဆိုသည်ကို အတိအကျ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ အောက်တိုဘာ ၁၅ ရက်တွင် ပုံမှန်အခြေအနေပြန်ဖြစ်လာသော်လည်း လေကြောင်းခရီးစဉ်အချို့ကို ဆက် လက်ဖျက်သိမ်းထားရပြီး မုန်တိုင်းကြောင့် ပျက်စီးမှုဖြစ်နေသော ရထားလမ်းပိုင်းနေရာတွင် ရထားပြေးဆွဲမှုများကို တစ်စိတ်တစ်ပိုင်း အနှောက်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။














