၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သူ အရေအတွက် ၃၉ သန်းခန့် ရှိနိုင်ပြီး ယခင် ၂၀၁၅ အထွေထွေရွေးကောက် ပွဲထက် ငါးသန်းတိုးလာမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။
“၂၀၁၅ တုန်းကတော့ ၃၄ သန်းပေါ့။ အခုကတော့ ငါးသန်းလောက် တိုးမယ်ဆိုတော့ ၃၉ သန်းလောက် မှန်းတာပေါ့” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ မဲပေးနိုင်သူ ၃၉ သန်းသည် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ၏ မဲစာရင်းပါဝင်ခြင်း မရှိသေးကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း အခြေခံမဲ ဆန္ဒရှင်စာရင်း ကောက်ယူပြုစုလျက်ရှိရာ ယခုလလယ်တွင် လုပ်ငန်းစဉ်များ အဆုံးသတ်နိုင်မည်ဟု ဦးမြင့်နိုင်က ဆိုသည်။
“ပြီးရင် လစဉ် အတိုးအလျှော့ Update လုပ်သွားမယ်။ ထုတ်ပြန်ဖို့ကတော့ ရွေးကောက်ပွဲမတိုင်မီ အရင်လိုပဲ ၁၄ ရက် ၁၄ ရက် နှစ်ကြိမ် ကျွန်တော်တို့ ထုတ်ပြန်ကြေ ညာပေးမှာပါ” ဟု ၎င်းက ပြောကြားသည်။
၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပြီး ဇူလိုင်မှ စက်တင်ဘာအထိ ကောက်ယူပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲစာရင်းကောက်ယူရေး သတ်မှတ်ကာလအမီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး တပ်မတော်မဲစာရင်းကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ထပ်မံညွှန်ကြားသည့် အချိန်မှ ကောက်ယူရမည်ဟု ရှမ်းပြည်နယ် ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောကြားသည်။
“တပ်မတော်က သိတဲ့အတိုင်း ရှေ့တန်း ထွက်သွားလိုက်၊ အကြောင်းတစ်ခုခုနဲ့ ဝင် လိုက်ထွက်လိုက်နဲ့ဆိုတော့ သူ့အင်အားက မတည်ငြိမ်သေးတော့ အခုတည်းကကောက် ထားလည်း Update လုပ်လို့မရသေးတော့ UEC က ညွှန်ကြားတဲ့အချိန်မှ ယူလိုက်တာ အကောင်းဆုံးပေါ့” ဟု ၎င်းက ဆိုသည်။
မဲစာရင်း ကောက်ယူပြုစုခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့ခွဲ များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီး ကြပ်ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပေးသည့် မြို့နယ်အတွင်း နေထိုင်သူ ဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြန်လည်စိစစ်ကာ အဆိုပါ စိစစ်ထားသည့် လူဦးရေစာရင်းအပေါ်အခြေခံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက မဲစာရင်း ပြုစုခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယင်းနှစ်၏ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန််ထားသည်။
ထို့အတွက်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာလုပ် ငန်းညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara Hotel ၌ အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။















