ရန်ကုန်ဘူတာကြီးအတွင်း မှောင်ခို ရထားလက်မှတ်ရောင်းဝယ်မှုများ ပျောက်ကွယ်လုနီးပါး ရှိနေပြီဟုသိရပြီး သီတင်းကျွတ် အစိုးရရုံးပိတ်ရက် အားလပ်ရက်များအတွက် ခရီးသွားလာရန် ရထားလက်မှတ်များ ဝယ်ယူရာတွင် ရိုးရိုးတန်း လက်မှတ်များထက် အထက်တန်းတွဲ လက်မှတ်များက ပိုမိုအရောင်းသွက်လျက်ရှိကြောင်း ရန်ကုန်ဘူတာကြီး မီးရထားရုံပိုင်ချုပ်ကြီးထံမှ သိရသည်။
ယခင်နှစ်များစွာက ရန်ကုန်ဘူတာကြီးအတွင်း မီးရထားမှောင်ခိုလက်မှတ်များ ရောင်းချမှုများ များစွာရှိခဲ့ပြီး လက်ရှိအချိန်တွင်မူ အဆိုပါ လက်မှတ်မှောင်ခိုရောင်းချမှုများမှာ ရာခိုင်နှုန်း၉၀ ကျော် ပျောက်ကွယ်သွားပြီဟု ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။
“ မီးရထားလက်မှတ် မှောင်ခိုရောင်းဝယ်တာတွေက ရာခိုင်နှုန်း ၉၀ ကျော်လောက်တော့ မရှိတော့ပါဘူး။ အကုန်လုံးမရှိတော့ဘူးလို့တော့ မပြောနိုင်ပေမဲ့ တော်တော်များများကတော့ မရှိတော့ဘူး” ဟုရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။
ယင်း အခြေအနေများအပြင် ယခုရက်ပိုင်းအတွင်း သီတင်းကျွတ် အစိုးရရုံးပိတ်ရက်၌ ရထားဖြင့် ခရီးသွားလာမည့် ပြည်သူ အများအပြားရှိနေရာ ၎င်းတို့က မီးရထား လက်မှတ်များဝယ်ယူရာတွင် ရိုးရိုးတန်း လက်မှတ်များထက် အထက်တန်းတွဲ လက်မှတ်များကို ပိုမိုဝယ်ယူလျက်ရှိနေကြောင်း သိရသည်။
ယင်းသို့ အထက်တန်းတွဲလက်မှတ်ကိုသာ ဦးစားပေးဝယ်ယူနေခြင်းကြောင့် မြန်မာ့ မီးရထားမှ ဝန်ထမ်းများက ရိုးရိုးတန်းလက်မှတ်များကိုလည်း ခွဲဝေဝယ်ယူရန် တိုက်တွန်းပန်ကြားနေရကြောင်း သိရသည်။
“လက်မှတ်ကတော့ ပုံမှန်အတိုင်း ရောင်း ပေးပါတယ်။ တချို့ခရီးသည်တွေကျတော့ ကားလက်မှတ်က မရလို့ဆိုပြီးတော့ ရထား ကို လာဝယ်တဲ့ အနေအထားလေးတွေ ရှိတယ်။ ကျွန်တော်တို့ မီးရထားကလည်း တတ်နိုင်သမျှတော့ အဆင်ပြေအောင် လုပ်ပေးပါတယ်။ အခုမြန်မာ့မီးရထားမှာက အထက်တန်း လက် မှတ်ကို ဝယ်ယူမယ့်သူတွေ များနေတယ်။ ရိုးရိုးတန်းက နည်းနည်း နည်းတယ်။ ဝန်ထမ်း တွေအနေနဲ့က အထက်တန်းလေးတွေ များနေတယ်။ ရိုးရိုးတန်းလေးတွေ ခွဲဝယ်ပေးပါ။ အဲဒီလိုတော့ဖျောင်းဖျပေးပါတယ်” ဟု ဦးသောင်းထိုက်က ပြောကြားသည်။
ယင်းအပြင် ရန်ကုန်-တောင်ငူ မီးရထား လမ်းပိုင်းအား အောက်တိုဘာ ၁ရက်မှ စတင် ၍ အဆင့်မြှင့်တင်နေခြင်းကြောင့် မီးရထား ခရီးစဉ်အချို့ကို ဖျက်သိမ်းထားရသော်လည်း ဖျက်သိမ်းထားသည့် ခရီးစဉ်များမှ တွဲဆိုင်း များအား လက်ရှိ ဆက်လက်ပြေးဆွဲလျက်ရှိ သည့် တွဲဆိုင်းများနှင့်အတူ အားဖြည့်ပြေးဆွဲ ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ရှိ အနေအထားကတော့ အောက်တိုဘာ ၁ ရက်ကစပြီး ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်နေတဲ့ အတွက် တွဲဆိုင်းတွေက ပိုပါတယ်။ တွဲဆိုင်းတွေ ပိုပေမဲ့လည်း ရထားအားလုံးကို ထုတ်လို့မရ ပါဘူး။ ကျွန်တော်တို့က နေ့ဘက်ဆိုရင် လေးနာရီလုပ်ရမယ်။ ညဘက်ဆိုရင် လေးနာ ရီအလုပ်လုပ်ချိန်ပေးရတဲ့အတွက် ကျွန်တော်တို့ကအလုပ်လုပ်ချိန်နဲ့ လွတ်တဲ့ အချိန်တွေကို Double Line ဆို အစုန်-အဆန် နှစ်စင်းသွားရတဲ့ နေရာကို Single Line ရထားတစ်စင်းပဲ သွားရတဲ့ စနစ်လုပ်နေတဲ့အတွက် သူတို့ လုပ်ငန်းလုပ်ဆောင်တဲ့ အချိန်မှာ ကျွန်တော်တို့ လမ်းပိုင်းကို ရထားမဖြတ်နိုင်အောင် ထိန်းပြီး လုပ်နေရပါတယ်။ အဲဒါကြောင့် ရထားအစင်းအရေအတွက်ကို လျှော့ပေးရခြင်း ဖြစ်ပါတယ်။ရန်ကုန်မန္တလေးက အမှတ် (၁)အဆန် ၂ အစုန်၊ ၉ အဆန်၊ ၁၀ အစုန်၊ အဲဒါတွေကို တော့ လုံးဝဖျက်သိမ်းလိုက်ပါတယ်။ အမှတ် ၃၁ အဆန်၊ အမှတ် ၃၂အစုန်၊ မနက် ၅နာရီ အမှတ် ၁၁အဆန်မှာ တွဲဆိုင်းတွေ အမှတ် ၃၁အဆန်က တွဲဆိုင်းတွေကို ထည့်ပါတယ်။ မီးရထားစက်ခေါင်းဆွဲနိုင်တဲ့ ယူနစ်အထိကို ဖြည့်ပြီးတော့ ဆွဲပေးပါတယ်။ အခုလက်ရှိကတော့ ခရီးသည်က သီတင်းကျွတ်ပိတ်ရက်နဲ့ခံနေတော့ လုံးလုံးတော့ မကျဆင်းသွားဘူး။ ရထားအရေအတွက်ကျတဲ့အတွက် ခရီးသည်တော့ကျမှာပဲ “ ဟု ဦးသောင်းထိုက်က ပြောကြားသည်။















