ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်
Published 5 October 2019

ဘရိုက်တန် နှင့် စပါး (စနေည ၆းဝ၀ နာရီ)

ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးကို ရှုံးခဲ့သလို ဒီရာသီ (၇)ပွဲ ကစားပြီးချိန်မှာ (၁)ပွဲပဲ အနိုင်ရထားတယ်။ အခုအချိန်အထိ အိမ်ကွင်းနိုင်ပွဲရဖို့အတွက် စောင့်နေရဆဲဖြစ်ပြီး ဒီပွဲလည်း နိုင်ပွဲရဖို့ မဖြစ်နိုင်သေးပါဘူး။ စပါးက ရလဒ်ပိုင်းကျဆင်းနေသလို၊ ဘိုင်ယန်နဲ့ပွဲမှာ အရှက်တကွဲရှုံးထားတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ သူတို့ ပြန်တုံ့ပြန်နိုင်မယ်ထင်တယ်။ စပါး နိုင်ဖို့ရှိတယ်။

ဘန်လေ နှင့် အဲဗာတန် (စနေည ၈း၃၀ နာရီ)

ဘန်လေက နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ လီဗာပူးလ်တစ်သင်းတည်းကို ရှုံးခဲ့တယ်။ နိုင်ပွဲတစ်ပွဲရဖို့ ရုန်းကန်နေရပေမယ့် မရှုံးအောင်ကစားနိုင်တယ်။ မာကျောမှုရှိပြီး အိမ်ကွင်းခြေစွမ်းပိုင်းက ပိုကောင်းတာလည်း တွေ့ရတယ်။ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာလည်း နောဝစ်ချ်ကိုအနိုင်ကစားခဲ့တယ်။ အဲဗာတန်က ရလဒ်တွေကျဆင်းနေပြီး မာကိုဆေးလ်ဗားလည်း ဖိအားရှိနေပါပြီ။ ဒီပွဲလည်း ဘန်လေကိုကြိုက်တယ်။

လီဗာပူးလ်    နှင့် လက်စတာ (စနေည ၈း၃၀ နာရီ)

ရှက်ဖီးယူနိုက်တက်အသင်းရဲ့ကွင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပြီး အနိုင်(၃)မှတ်ရယူခဲ့ရတဲ့ လီဗာပူးလ်အတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲပါပဲ။ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်လုနီးပါးဖြစ်ခဲ့ဖူးတဲ့ ဘရန်ဒန်ရော်ဂျာနဲ့ ပြန်ဆုံတွေ့ရမှာဖြစ်ပြီး ရော်ဂျာရဲ့လက်ရှိ လက်စတာကလည်း အားကောင်းနေတာကြောင့် အိမ်ကွင်းမှာတောင် ခက်ခက်ခဲခဲ ကျော်ဖြတ်ရမယ့် အနေအထားဖြစ်နေတယ်။ ဒါပေမဲ့ ဒီပွဲအပြီးမှာ ဆက်တိုက်လာဖို့ ရှိနေတဲ့ ပွဲကျပ်တွေကြောင့် လီဗာပူးလ်အတွက် အမှားခံလို့မရတဲ့ အခြေအနေလို့လည်းဆိုရမယ်။ လက်စတာက နယူးကာဆယ်အသင်းနဲ့ပွဲမှာ အကောင်းဆုံးပုံစံပြခဲ့သလို၊ အခု စနေပွဲအတွက်လည်း ကြားထဲမှာ နားရက်အပြည့်ရထားလို့ ကလော့ပ်ရဲ့အသင်းထက် အများကြီးပိုလန်းဆန်းနေလိမ့်မယ်။ ဗာဒီကလည်း အသင်းကြီးတွေနဲ့ပွဲတွေမှာ ဂိုးမြူးတတ်ပြီး ဒီလိုပွဲကျပ်မှာ မတ်ဒီဆန်မပါနိုင်ရင်တော့ အားနည်းချက်ရှိတယ်။ မန်စီးတီးနဲ့ အမှတ်ကွာဟချက်ကို အကပ်မခံနိုင်တဲ့ လီဗာပူးလ် နိုင်ပွဲတော့ရမှာပါ။ (၂-၁)လောက်ပဲဖြစ်လိမ့်မယ်။

နောဝစ်ချ် နှင့် အက်စတွန်ဗီလာ (စနေည ၈း၃၀ နာရီ)

နောဝစ်ချ်က မန်စီးတီးအသင်းကို မထင်မှတ်ဘဲ အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲစလုံး (၀-၂)ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးခဲ့တယ်။ ပွတ်ကီလည်း နောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ ခက်ခဲလာခဲ့ပြီး နောဝစ်ချ်ရဲ့ခြေစွမ်းပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ အားနည်းနည်းလျော့သွားပါပြီ။ ဗီလာက မနှစ်ကတော့ နောဝစ်ချ်ကို မယှဉ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီ ရာသီအင်အားဖြည့်တင်းမှုအရ နောဝစ်ချ်ဆီက အမှတ်ယူနိုင်လောက်ပါပြီ။

ဝက်ဖို့ဒ် နှင့် ရှက်ဖီးယူနိုက်တက် (စနေည ၈း၃၀ နာရီ)

ဝက်ဖို့ဒ်က တစ်ရာသီလုံးမှာ ရမှတ် (၂)မှတ်တည်းရသေးပြီး၊ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတယ်။ နယူးကာဆယ်၊ အာဆင်နယ်တို့ကို သရေကစားခဲ့ပြီး နောက်ပိုင်း မန်စီးတီးနဲ့ ဝုလ်ဗ်တို့ကို ဂိုးမသွင်းနိုင်ဘဲ ရှုံးခဲ့တယ်။ လူအင်အားပိုသာတာမှန်ပေမယ့် လက်ရှိအချိန်မှာ ခြေစွမ်းရော၊ စိတ်ဓာတ်ပိုင်းပါ ရှက်ဖီးယူနိုက်တက်က ပိုကောင်းနေတယ်။ ဒီပွဲလည်း ရှက်ဖီး အမှတ်ယူနိုင်မယ်ထင်တယ်။

ဝက်စ်ဟမ်း နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၁၁းဝ၀ နာရီ)

ဝက်စ်ဟမ်းက အိမ်ကွင်းမှာ နောက်ဆုံး (၂)ပွဲစလုံး အနိုင်ကစားခဲ့သလို၊ နောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိဘူး။ အိမ်ကွင်းနောက်ဆုံးပွဲမှာ မန်ယူလိုအသင်းမျိုးကို သက်သောင့် သက်သာကစားပြနိုင်ခဲ့တယ်။ ပဲလေ့စ်ရဲ့ရလဒ်တွေကလည်း အားရစရာပါ။ ဒါပေမဲ့ ဒီပွဲမှာ ဝက်စ်ဟမ်းက အားသာနေတာ ငြင်းလို့မရဘူး။ အိမ်ကွင်းလည်းဖြစ်နေတယ်။ သရေကျနိုင်ခြေကို ထည့်စဉ်းစားသင့်ပေမယ့် ဝက်စ်ဟမ်းနိုင်ဖို့များပါတယ်။

 

Most Read

Most Recent