နှစ်စဉ် အနာကြီးရောဂါ လူနာသစ် ၂ဝဝဝခန့်ရှိနေ၍ လူနာအသစ်တွေ့ရှိမှုများသော ရပ်ကွက်ကျေးရွာများသို့ သွားရောက်ပြီး လူနာသစ်ရှာဖွေခြင်းကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အနာကြီးရောဂါဖြစ်ပွားနှုန်းသည် ၂၀၁၈ခုနှစ် စာရင်းအရ လူဦးရေ ၁ဝဝဝလျှင် ဝဒသမ၃၉ဦးသာ ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် အနာကြီးရောဂါလူနာသစ် ၂ဝဝဝခန့် ရှိနေသောကြောင့် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် အနာကြီးရောဂါ ဆေးစားပျက်ကွက်သူ လူနာများကို တွေ့ရှိနေရ၍ မည်သည့် အကြောင်းများကြောင့် သတ်မှတ်ကာလအပြည့် ဆေးသောက်ခြင်း မရှိသည်ကို သိရှိနိုင်ရန် အသုံးချ သုတေသနပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။
မတ္တရာမြို့နယ်ရှိ ခုတင် ရဝဝဆံ့ ရေနံ့သာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးအား ပြန်လည်သန်စွမ်းရေး ဆေးရုံ (အထက် မြန်မာပြည်) အဖြစ် တိုးချဲ့မွမ်းမ ံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ‘ မြန်မာနိုင်ငံ အမျိုးသား အဆင့် ပြန်လည်သန်စွမ်းရေး မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၃) မိတ်ဆက်ပွဲ’ အခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရသိရသည်။
“ ကမ္ဘာ့ကျန်းမာရေးညီလာခံက ကြေညာချက်တွေ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေ ၂၀၁၅၊ မသန်စွမ်း သူများဆိုင်ရာ နည်းဥပဒေများ ၂၀၁ရနဲ့ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(၂၀၁၆- ၂၀၂၅) တို့နဲ့ အညီ ပြန်လည်သန်စွမ်းရေးလုပ်ငန်းတွေကို ဝန်ကြီးဌာနက အားဖြည့်ဆောင်ရွက်နေပါတယ်။ ပြန်လည် သန်စွမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းက မသန်စွမ်းသူ တစ်ဦးကိုလူမှုဘဝနဲ့နေထိုင်မှု အဆင့်အတန်း မြင့်မားစေခြင်း၊ ပညာရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်းတွေ မြင့်မားစေခြင်း နဲ့ စိတ်ဓာတ် ခွန်အား တိုးမြှင့်စေခြင်း စတဲ့ အကျိုးများစွာရရှိစေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ မတ္တရာမြို့နယ်ရှိ ခုတင် ရဝဝဆံ့ ရေနံ့သာ အနာကြီးရောဂါအထူးကုဆေးရုံကြီးကို ပြန်လည်သန်စွမ်းရေး ဆေးရုံ (အထက်မြန်မာပြည်) အဖြစ် တိုးချဲ့မွမ်းမံ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်သန်စွမ်းရေးဆိုင်ရာ အထူးပြုသူနာပြု ဒီပလိုမာ ကိုးလ သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးသွား မှာပါ ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။
မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် အနာကြီးရောဂါတိုက်ဖျက်ရေး ရည်မှန်းချက်ဖြစ်သော လူဦးရေ တစ်သောင်းတွင် ရောဂါဖြစ်ပွားသူ တစ်ဦးထက် နည်းပါးခဲ့ပြီးနောက် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းအဖြစ်မှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၃ရက်က ကျင်းပပြုလုပ်ခဲ့သည့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံမှရရှိသည့် အချက်အလက် များအရသိရသည်။
အနာကြီးရောဂါသည် လွယ်ကူစွာ မကူးစက်နိုင်ဘဲ ရောဂါဖြစ်ပွားပါကလည်း စောစီးစွာကုသမှုခံယူခြင်းဖြင့် ရောဂါကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့မှုများ မဖြစ်ပွားတော့ ဘဲပျောက်ကင်းကြောင်း၊ ပြည်သူများသိရှိနိုင် ရန်အတွက် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်း နှင့် မြန်မာနိုင်ငံတွင် ၂၀၀၃ခုနှစ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၁ဝဝဝဝတွင် ရောဂါဖြစ်ပွားသူ တစ်ဦး ထက်နည်းပါးကာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ အနာကြီးရောဂါတိုက်ဖျက်ရေး ရည်မှန်းချက်ပြည့်မီပြီ ဖြစ်ကြောင်း သိရသည်။















