တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တွင် အောက်တိုဘာ ၁ ရက် ညပိုင်းက ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းလာသော အေး ခဲအသားကီလို ၇၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ဒဏ်ကြေးနှစ်သိန်း တပ်ရိုက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ မြို့သစ် ရပ်ကွက် ၆ လမ်း သွယ်ရှိ ဒေါ်ခင်သိန်းနေအိမ်တွင် အသားများ သိုလှောင်ရောင်းချခြင်းကို ယင်းနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ထားဝယ်မြို့ အမှတ် ၄၉၇ တ လိုင်းမရပ်ကွက် ချယ်ရီလမ်းနေ ဦးတင်စိုးထံ မှ တရားမဝင် အေးခဲကလီစာ ကီလို ၅၀၊ ကြက်ရိုး ကီလို ၇၀၊ ကြက်သား ၆၀၀ ကီလိုနှင့် ဝက်သား ကီလို ၅၀ တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီး မြို့သစ် ၁၁ လမ်း ၇ လမ်းနဲ ့၆ လမ်းအကြားမှာ အေးခဲအသား လုပ်နေတယ်လို့ သတင်းပေးတယ်။ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး စုံစမ်းခိုင်းတယ်။ စုံစမ်းခိုင်းတော့ တကယ်လည်း အေးခဲအသားလုပ်နေတဲ့ လက္ခဏာတွေ တွေ့လိုက်ရတယ်ပေါ့။ ဒီတော့ ကျွန်တော်တို့ဆီ ပြန်အကြောင်းကြားပြီး ကားလာမယ့်အချိန်ကို စောင့်တယ်။ ည ၁၀ နာရီကျော်ကျော်လောက်မှာ ကားရောက်လာပြီ ဆိုတော့ စည်ပင်ဝန်ထမ်းခြောက်ဦး၊ ဒုဦးစီးနှစ်ဦး ခေါ်ပြီးတော့ ပူးပေါင်းပြီး သွားဖမ်းတယ်။ သွားဖမ်းတော့မိတယ်။ သူတို့လည်း အသာတကြည် အဖမ်းခံပါတယ်။ ကျွန်တော်တို့တွေ့တော့ စည်ပင်ကားပေါ် တင်လိုက်ပြီး အမှိုက်ကန်မှာ သွားထားလိုက်တယ်။ မနက် ၉ နာရီထိုးတော့ FDA၊ စည်ပင်ကော်မတီ၊ အုပ်ချုပ်ရေးမှူး၊ တိမွေးကု၊ စားသုံးသူရေးရာကော်မတီတို့နဲ့ အမှိုက်ကန်ကိုသွားပြီး အေးခဲအသားတွေကို မြေမြှုပ်လိုက်တယ်။ အေးခဲအသားတင်သွင်း ရောင်းချတဲ့သူကိုတော့ ခေါ်ယူပြီး ဒဏ်ငွေနှစ်သိန်း တပ်ရိုက်လိုက်တယ်။ နောက်တစ်ခါ မလုပ်ဖို ့ခံဝန်ထိုးခိုင်းလိုက်တယ်” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးဇော်လေးက ပြောကြားသည်။
ဖမ်းဆီးရမိသော အေးခဲအသား တန်ဖိုး ၁၈ သိန်းကျော်ရှိပြီး တင်သွင်းလာသူကို ဒဏ်ရိုက်ပြီး ခံဝန်ထိုးခိုင်းခဲ့သည့်အပြင် နောက်တစ်ကြိမ် ရောင်းချနေကြောင်း စိစစ်တွေ့ရှိပါက စည်ပင်ဥပဒေအရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင် တင်သွင်းလာသည့် အေးခဲအသားများမှာ ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းလာသောကြောင့် ဒေသတွင်းသို့ အေးခဲအသားများ ဝင်ရောက်လာခြင်း မရှိစေရန် တိုင်းဒေသကြီး အစိုးရအနေဖြင့် စိစစ်ကြပ်မတ်ပေးပြီး နယ်စပ်ဂိတ်လုုံခြုံအောင် ဆောင်ရွက်ပေးရန်လိုကြောင်း ဦးဇော်လေးက ပြောကြားသည်။
ထားဝယ်ဒေသအတွင်းသို့ အဆိုပါ ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် အေးခဲအသားများနှင့် ဟင်းသီးဟင်းရွက်များ နေ့စဉ်ဝင်ရောက်မှုရှိနေပြီး စျေးကွက်အတွင်း ရောင်းချနေမှုများကို လိုက်လံစစ်ဆေးဖမ်းဆီး အရေးယူမှုများ ဆောင်ရွက်နေသည့်အပြင် ယင်းသို့ အေးခဲအသားများ ရောင်းချနေသည်ကို တွေ့ရှိပါက ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံ သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။















