ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်း မဟာမိတ်သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုများအတွက် ဝမ်းနည်းကြောင်းအဆို ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်

ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်း မဟာမိတ်သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုများအတွက် ဝမ်းနည်းကြောင်းအဆို ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်
စက်တင်ဘာ ၂၄ ရက်က ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-စည်သာ)
စက်တင်ဘာ ၂၄ ရက်က ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-စည်သာ)
Published 24 September 2019
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်းမဟာမိတ် သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုများအတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းရာတွင် ရှမ်းပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်   ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ရှမ်းပြည်နယ်တွင် သြဂုတ် ၁၅ ရက်က စတင်၍ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် တံတားများ၊ အဆောက်အအုံများပျက်စီးခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးခဲ့ရခြင်း များအတွက် အဆိုပါမြောက်ပိုင်းမဟာမိတ် သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို ပြင်း ထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် သေဆုံးသူများအတွက် ကြေကွဲဝမ်းနည်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ များကြောင့် တံတားလေးစင်း၏ ပျက်စီးမှု တန်ဖိုး ကျပ်သန်းပေါင်း ၉၈၁၅ သန်း ဆုံးရှုံးခဲ့သည့်အပြင် ဆိုင်ကယ်သုံးစီး၊ မော်တော်ယာဉ် အစီး၂၀ ၊ ထော်လာဂျီ တစ်စီး စုစုပေါင်း ၂၄ စီးခန့် ပျက်စီးခဲ့သည့်အတွက် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၈၇၉ သိန်းရှိခဲ့ကြောင်းနှင့် အရပ်သားသေဆုံးမှုတွင် နောင်ချိုမြို့နယ်၌ သေဆုံးသူနှစ်ဦး၊ ဒဏ်ရာရရှိသူ ၁၁ ဦး၊ ကျောက် မဲမြို့နယ်၌ သေဆုံးသူတစ်ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦး၊ လားရှိုးမြို့နယ်၌ သေဆုံးသူလေးဦး၊ ဒဏ်ရာရရှိသူ ခြောက်ဦး၊ သိန္နီမြို ့နယ်၌ သေ ဆုံးသူသုံးဦး၊ ဒဏ်ရာရရှိသူနှစ်ဦး၊ ကွတ်ခိုင်မြို့ နယ်၌ သေဆုံးသူခုနစ်ဦး၊ ဒဏ်ရာရရှိသူ ၂၁ ဦးဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၁၇ ဦးနှင့် ဒဏ် ရာရရှိသူ ၄၅ ဦးရှိကြောင်း သတင်းရရှိသည်။

ထိုသို့ ဒေသခံများကို အနိုင်ကျင့်ခြင်း၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့် အား နှောင့်ယှက်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့စေရေးနှင့် ပြည်သူတို့၏ အသက်အိုး အိမ်စည်းစိမ်အကျိုးစီးပွားများဖျက်ဆီးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိခိုက်အောင် ဆောင်ရွက်လာသော မြောက်ပိုင်းမဟာမိတ်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်အား ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်းနှင့် အဆိုပါလုပ်ရပ်များကြောင့် ထိ ခိုက်သေဆုံးခဲ့ရသူများအတွက် ကြေကွဲဝမ်း နည်းရကြောင်း အဆိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့နောက် ယင်းအဆိုကို နမ့်စန်မဲဆန္ဒ နယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးလင်းအောင်ဆွေက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ သဘောတူညီချက်ဖြင့် အဆိုကို အတည်ပြု မှတ်တမ်းတင်ခဲ့ကြောင်း ရှမ်းပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ကြေညာခဲ့သည်။

ပြီးစီးခဲ့သည့် ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အ စည်းအဝေးတွင် မေးခွန်းပေါင်း ၅၉ ခု၊ အဆို နှစ်ခုနှင့် ၂၀၁၉-၂၀၂၀ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှစ်ခု ကို အတည်ပြုနိုင်ခဲ့သည်ဟု ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဆိုသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်မှ ၂၄ ရက်အထိ ခြောက်ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး၏ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၅၉ ခု၊ မေးမြန်းခြင်းဖြေကြားခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တင်သွင်းခဲ့သော အဆိုတစ်ခုကို အတည်ပြုနိုင်ခဲ့သည့် အပြင် ဝမ်းနည်းကြောင်းအဆိုတစ်ခုကိုလည်း လွှတ်တော်က မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ဥပဒေအနေဖြင့် ၂၀၁၉-၂၀၂၀ ခု နှစ် ရှမ်းပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအ သုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဌာနအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများစီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတာဝန်ခံမှုနှင့်အတူ ထိရောက်စွာအကျိုးရှိစေရန် အသုံးပြုဖို့လိုအပ်ပါတယ်။ ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ရှမ်းပြည်နယ်၏ ရင်း နှီးမြှုပ်နှံမှု အဆိုပြုချက်ပါ စီမံကိန်းများနှင့် အဆိုပြုချက်ပါ လုပ်ငန်းများအရ အချိန်မီပြီး စီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိမဲဆန္ဒနယ်ကို ကိုယ်စားပြုသဖြင့် မိမိမဲဆန္ဒနယ်အတွင်း စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထားဆန္ဒများ ဖော်ဆောင်ရာတွင်လည်းကောင်း၊ သက် ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များကဖြစ်စေ အလေးထား တိုင်ပင်ရမည့် ပုဂ္ဂိုလ်များအဖြစ် မှတ်ယူရမည် ဟု ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄ အရ မိမိတို့မဲဆန္ဒနယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စောင့်ကြည့်ထိန်းညှိခြင်းဆိုင်ရာ တာဝန်များကိုဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ပြောကြားသည်။

အတည်ပြုခဲ့သောအဆိုမှာ ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မြှင့်တင်ရန် နှင့် ရိုးရာဓလေ့ပွဲလမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရသုံး မှန်းခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်း ရေးဆွဲရေးအဆိုကို ရှမ်းပြည်နယ်လွှတ်တော် က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တင်သွင်းခဲ့သော ဥပဒေကြမ်းများအနက် ကြက်မွေးမြူရေး ဥပဒေကြမ်းကိုလည်း အတည်ပြုပေးနိုင်ခဲ့ပြီး၊ လွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ရယူနိုင်ရန် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအစည်းအဝေးတွင် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အကြိမ်ကြိမ် စိစစ်သည်သာမက သက်ဆိုင်ရာပြည်ထောင် စုဝန်ကြီးဌာနအထိ တင်ပြဆောင်ရွက်ရသ ဖြင့် များစွာအချိန်ယူရခြင်းဖြစ်ကြောင်း၊ ဥပဒေကြမ်းများ အတည်ပြုပြဋ္ဌာန်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန် နည်းဥပဒေများ ဆက်လက် ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။