ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အောက်ခြေပါတီဝင်များ၏အသံကို နားထောင်မည်ဖြစ်သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသာ ချမှတ်မည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အောက်ခြေပါတီဝင်များ၏အသံကို နားထောင်မည်ဖြစ်သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသာ ချမှတ်မည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 23 September 2019
ဉာဏ်လင်းထွန်း

NLD ပါတီကိုယ်စားပြု၍ ၂၀၂ဝအထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာ၌ အောက်ခြေပါတီဝင်များ၏ အသံကို နားထောင်မည်ဖြစ်သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကို ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကသာချမှတ်မည်ဟု ပါတီဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ကျွန်တော်တို့ အမြဲတမ်း အောက်ခြေရဲ့ အသံတွေကို နားထောင်ပါတယ်။ အဲဒါတွေကို လည်း စဉ်းစားမှာပါ။ ဒါပေမယ့် နောက်ဆုံး ရွေး ချယ်တဲ့မူကတော့ CEC ကပဲ ရွေးမှာပါ။ အောက်ခြေက အသံကိုလည်း နားထောင်မယ်။ အပေါ်ကလည်း ပြန်စိစစ်ပြီးတော့ သင့်တင့်ဆုံးသူ၊ NLD ကို အထောက်အကူပြုနိုင်မယ့် အောင်မြင်နိုင်မယ့် ကိုယ်စားလှယ်တွေ ရွေးချယ်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ရှိ NLD ပါတီရုံးချုပ်တွင် နှစ်ရက်တာကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးအပြီး စက်တင်ဘာ ၂၂ ရက်ကပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ဗဟိုကော်မတီ အစည်းအဝေးတွင် လာမည့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ပြည်သူထောက်ခံမဲ ပေးနိုင်မည့်သူများကို  စိစစ်ရွေးချယ်ပေးရန် ပါတီဗဟိုကော်မတီဝင်များက တောင်းဆိုခဲ့ကြသည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“တချို့ ကိုယ်စားလှယ်တွေက အခုချိန်မှာ ပုံရိပ်ထိခိုက်တာတွေရှိတယ်ပေါ့။ ဒီဟာမျိုးကို မရွေးချယ်မိဖို့ဆိုပြီး ကျွန်တော်တို့ကို တင်ပြတောင်းဆိုတာရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပါတီဗဟိုမှ လျာထားသည့် လွှတ်တော်ကိုယ်စားလှယ်စာရင်းတွင် ရပ်/ကျေး နှင့် မြို့နယ်အဆင့် ပါတီဝင်များ၊ ဒေသခံများ တင်ပြသည့် ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိဟုဆိုကာ ဒေသခံ NLD ပါတီဝင်အချို့ ဆန္ဒထုတ်ဖော်သည့်ဖြစ်စဉ်များ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သည်။

NLD ပါတီ၏မူနှင့် သဘောတရားသည် ပြည်သူကို မျက်နှာမူ၍ ပြုပြင်ပြောင်းလဲသင့် သည်များကို ပြုပြင်ပြောင်းလဲသည့် အစဉ်အလာရှိသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် ၂၀၁၅ ရွေးကောက်ပွဲနှင့် တစ် ထပ်တည်းဖြစ်မည်ဟု ပြော၍မရနိုင်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်နှင့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆိုသည်။

“ပြည်သူလူထု တကယ်လိုလား အားထားနိုင်လောက်တဲ့ ပါတီအပေါ်မှာရော ကိုယ်စားလှယ်အပေါ်မှာရော ရွေးချယ်နိုင် လောက်တဲ့ စနစ်မျိုးဖြစ်အောင် စီစဉ်ရွေး ချယ်သွားမယ့် မူတော့ရှိနေပါပြီ” ဟု ၎င်းက ပြောကြားသည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံရှိ NLD ပါတီတွင် လွှတ်တော် ကိုယ်စားလှယ် လောင်းရွေးချယ်ရေးနှင့် စပ်လျဉ်းသည့်မူ ရှိပြီးဖြစ်ပြီး ရှိနှင့်ပြီးမူအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ပါတီဒုဥက္ကဋ္ဌ (၂) က ဖြည့်စွက်ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင်  NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (လက်ရှိ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်) ကိုယ်တိုင် ပြောကြားခဲ့ သည့် ‘လူကို မကြည့်နဲ့၊ ပါတီကိုကြည့်’ဆိုသည့် စကားကြောင့် မဲဆန္ဒရှင်အချို့ လွှတ်တော်ကိုယ်စားလှယ်ကို လေ့လာဆန်းစစ်မှုမပြုလုပ်ဘဲ ပါတီကိုကြည့်၍ မဲပေးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ပြီးနောက်ပိုင်းတွင် စည်းကမ်းပျက်ယွင်းခြင်းနှင့် အရည်အချင်းနည်းပါးသည့် လွှတ်တော်ကိုယ်စားလှယ်အချို့ကြောင့် ဆောင်ပုဒ် နှင့်ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်ခဲ့သည်။

NLD ပါတီ၏ နှစ်ရက်တာ ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက် ငါးချက်ချမှတ်ခဲ့ပြီး လယ်ယာမြေကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာအစိုးရအဖွဲ့များသို့ တိုက်တွန်းရန်၊ ရွေးကောက်ပွဲမဟာဗျူဟာ ရေးဆွဲရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အ လက်ပေးပို့ပေးရန်၊ တိုင်းရင်းသားရေးရာ ကော်မတီဖွဲ့စည်းရန်၊ ပါတီ၊ အစိုးရ၊ လွှတ် တော် ဟန်ချက်ညီညီဆောင်ရွက်ရန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဆောင်၍ စွမ်းရည် မြှင့်သင်တန်းများပေးရန်တို့ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဒီမိုရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ NLD ပါတီဝင်များ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ရေး စသည်တို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့သည်။