ဆော်ဒီအာရေဗျတွင်ရှိသော အဓိက ရေနံချက်စက်ရုံနှစ်ရုံအား အီရန်မဟာမိတ် ဟူသီသူပုန်အဖွဲ့က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကို တုံ့ပြန်ရန် အသင့်ရှိနေသည်ဟု ဆော်ဒီအာရေဗျက စက်တင်ဘာ ၁၄ ရက် တွင် ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ရေနံထုတ်လုပ်ရေးလုပ်ငန်းကို အ နှောင့်အယှက်ဖြစ်စေခဲ့ပြီး တိုက်ခိုက်မှုအတွက် အမေရိကန်က အီရန်ကို ပြစ်တင်ဝေဖန်ခဲ့သည်။
ဆော်ဒီအာရေဗျအရှေ့ဘက်တွင်ရှိ သော နိုင်ငံပိုင် Aramco ကုမ္ပဏီ၏ အဓိက ရေနံချက်စက်ရုံနှစ်ရုံဖြစ်သည့် Abqaiq နှင့် Khurais ကို အရုဏ်တက်ချိန်မတိုင်မီတွင် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ထို စက်ရုံများတွင် မီးလောင်ကျွမ်းမှုနှင့် ပေါက် ကွဲမှုအများအပြားဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုသည် Aramco ကုမ္ပဏီ၏ ရေနံ ထုတ်လုပ်မှု စုစုပေါင်းပမာဏ၏ ထက်ဝက်ခန့်ကို လျော့ကျစေခဲ့ပြီး ရေနံချက်စက်ရုံ နှစ်ခုတွင် လုပ်ဆောင်နေသော ထုတ်လုပ်ရေး လုပ်ငန်းကို ဆိုင်းငံ့ခဲ့ရကြောင်း ဆော်ဒီ စွမ်းအင်ဝန်ကြီး အဗ္ဗဒူလာ ဇစ်ဘင်ဆယ်လ်မန် က ပြောကြားခဲ့သည်။
ဒရုန်း ၁၀ စင်း ပါဝင်သော ကြီးမားသည့် စစ်ဆင်ရေးတစ်ရပ်ဖြင့် စက်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း အီရန်နှင့်ဆက်နွှယ်နေသော ဟူသီသူပုန်အဖွဲ့၏ ပြောကြားချက်ကို Al-Masirah ရုပ်သံလိုင်းက ထုတ်ပြန်ခဲ့သည်။
ဒရုန်းများကို ယီမင်နိုင်ငံတွင်းမှ ပစ် လွှတ်ခဲ့သည့် သက်သေအထောက်အထား မရှိကြောင်းပြောကြားရင်း တိုက်ခိုက်မှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်ကို ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုကဲ့သို့အကြမ်းဖက်ဆန်သော ကျူးကျော်ရန်စမှုကို ဆော်ဒီအာရေဗျနိုင်ငံက လက်တုံ့ ပြန်နိုင်သလို လက်တုံ့ပြန်မည့် ဆန္ဒလည်း ရှိကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်က အစောပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ဆော်ဒီရေနံချက်စက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် အီရန်သည် နောက်ကွယ် မှ ပါဝင်နေသည်ဟူသော အမေရိကန်၏ စွပ်စွဲချက်များမှာ အဓိပ္ပာယ်မဲ့ကြောင်း၊ ထို စွပ်စွဲချက်များသည် အီရန်အား ဆန့်ကျင်ရန်အတွက် အကြောင်းပြခြင်းသာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင် ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်အပေါ် အမေရိကန်၏ ဝေဖန်ရှုတ်ချမှု သည် ကျင်းပတော့မည့် ကုလသမဂ္ဂအထွေ ထွေညီလာခံ၌ အီရန်သမ္မတ ဟက်ဆန်ရိုဟာ နီနှင့်တွေ့ဆုံဆွေးနွေးရန် သမ္မတ ထရန့် ကြိုး ပမ်းနေသည်ဟူသော မျှော်လင့်ချက်များကို ဝေ၀ါးစေခဲ့သည်။
■ ရေနံစိမ်းထုတ်လုပ်မှုပမာဏ ထက်ဝက်လျော့ကျ
ဆော်ဒီအရှေ့ပိုင်းပြည်နယ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း လူ သေဆုံးမှု မရှိကြောင်း ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မန်ဆော်အယ်တာကီ က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ဒရုန်း ဖြင့် တိုက်ခိုက်ခံရသော ရေနံချက် စက်ရုံများ တွင် ဆော်ဒီအာဏာပိုင်များက လုံခြုံရေး တင်းကျပ်စွာချထားပြီး သတင်းထောက်များကိုလည်း စက်ရုံအနီးသို့ လာရောက်ခွင့် မ ပေးခြင်းကြောင့် ပျက်စီးဆုံးရှုံမှုပမာဏ မည်မျှအထိရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Abqaiq နှင့် Khurais ရေနံချက်စက်ရုံ များကို တိုက်ခိုက်မှုကြောင့် တစ်နေ့လျှင် ထုတ်လုပ်သော ရေနံစိမ်း စည် ၅.၇ သန်းကို ထုတ်လုပ်မှု ဆိုင်းငံ့ခဲ့ရကြောင်းနှင့် ရေနံစိမ်း ထုတ်လုပ်မှုကို ပြန်လည်စတင်နိုင်ရန် လုပ် ဆောင်နေဆဲဖြစ်ကြောင်း Aramco အမှုဆောင်ဒါရိုက်တာချုပ် အာမင်နာဆာက ပြောကြားခဲ့သည်။














