TNLA အဖွဲ့က နမ့်ဆန်မြို့အနီး တောင်ရိုးစေတီတောင်ကုန်းပေါ်တွင် လာရောက်တပ်စွဲမှုကြောင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းနှင့် လက်ပိုက်ကြည့်နေပါက လောက်ကိုင်ကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြား

TNLA အဖွဲ့က နမ့်ဆန်မြို့အနီး တောင်ရိုးစေတီတောင်ကုန်းပေါ်တွင် လာရောက်တပ်စွဲမှုကြောင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းနှင့် လက်ပိုက်ကြည့်နေပါက လောက်ကိုင်ကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြား
စက်တင်ဘာ ၁၃ ရက်က နမ့်ဆန်မြို့အနီး  တိုက်ပွဲများဖြစ်ပွားမှုကြောင့် နမ့်ဆန်မြို့အတွင်း လူသွားလူလာကင်းမဲ့နေသည်ကို တွေ့ရစဉ်
စက်တင်ဘာ ၁၃ ရက်က နမ့်ဆန်မြို့အနီး တိုက်ပွဲများဖြစ်ပွားမှုကြောင့် နမ့်ဆန်မြို့အတွင်း လူသွားလူလာကင်းမဲ့နေသည်ကို တွေ့ရစဉ်
Published 14 September 2019
မင်းနိုင်စိုး

တပ်မတော်နှင့် တအာင်းလက်နက် ကိုင်အဖွဲ့ (TNLA) တို့ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ထိုသို့တိုက်ပွဲဖြစ်ပွားရခြင်းသည် TNLA အဖွဲ့က နမ့်ဆန်မြို့အနီး တောင်ရိုးစေတီတောင်ကုန်းပေါ် တွင် လာရောက် တပ်စွဲမှုကြောင့်ဖြစ်ကြောင်း နှင့် ထိုသို့ တပ်စွဲမှုကို လက်ပိုက်ကြည့်နေပါက လောက်ကိုင်မြို့ကဲ့သို့ ဖြစ်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြးသည်။

လက်ရှိ တပ်မတော်နှင့် TNLA အဖွဲ့ တိုက်ပွဲဖြစ်ပွားရာနေရာသည် နမ့်ဆန်မြို့နှင့် မီတာ ၅၀၀၀ ခန့် ကွာဝေးသော တောင်ရိုး စေတီတောင်ကုန်းပေါ်တွင် ဖြစ်ပွားနေခြင်း ဖြစ်ပြီး အဆိုပါနေရာမှာ နမ့်ဆန်မြို့ရှိ အစိုး ရအုပ်ချုပ်မှု ယန္တရားများအား နှောင့်ယှက် ပစ်ခတ်လာနိုင်သည့်အတွက် လိုအပ်သည့် အင်အားများ အသုံးပြု၍ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော ကြားသည်။

“အဲဒီတောင်ကုန်းပေါ်မှာ TNLA အ ဖွဲ့တွေ ယခင်ကလည်း မရှိခဲ့ဖူးပါဘူး။ ဒါက မြို့နဲ့ကပ်လျက် တောင်ကုန်းပါပဲ။ အဲဒီမှာ လာရောက်စွဲတဲ့အတွက် တပ်က လှည့်ကင်းအ ဖွဲ့နဲ့ မြို့ရွာလုံခြုံရေးလှည့်ကင်းအဖွဲ့နဲ့တိုးပြီးတော့ တိုက်ပွဲဖြစ်ခြင်းဖြစ်ပါတယ်။ အဲဒီအပေါ်မှာ သူတို့အနေနဲ့ လာပြီးတော့ တပ်စွဲနေခြင်းဖြစ်တယ်။ ဒီနေရာသည် ကျွန်တော်တို့ နမ့်ဆန်မြို့နဲ့ နီးတယ်။ နမ့်ဆန်မြို့ကို အ လွယ်တကူ နှောင့်ယှက်ပစ်ခတ်နိုင်တဲ့ နေရာမျိုးဖြစ်တယ်။ နမ့်ဆန်မြို့ကိုလည်း အပေါ်စီးကနေ မြင်ကြည့် လို့ရတယ်။ အပေါ်စီးကနေ နှောင့်ယှက်ပစ်ခတ်လို့ ရတယ်။ ဒါကို ကျွန်တော်တို့ကတော့ လက်ပိုက်ကြည့်နေလို့မရဘူး။ ဒီနေရာမှာသာ ကျွန်တော်တို့က လက်ပိုက်ကြည့်နေမယ်ဆိုရင် လောက်ကိုင်လို ဖြစ်သွားမယ်။ လောက်ကိုင်မှာရှိတဲ့ တောင်ကုန်းတွေပေါ် ကနေပြီးတော့ လောက်ကိုင်မှာရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ ရုံးကို ပစ်ခတ်သလိုမျိုး ဖြစ်သွားမယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ် ပြန်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် အပိုဒ် (၅၊ ၆၊ ၇) တွင် ပြည်သူလူထု၏ အ သက်အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့် ရှောက်ရန် ၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားအ ဆင့်ဆင့်အား နှောင့်ယှက်ဖျက်ဆီးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ဒီနေ့ (စက်တင်ဘာ ၁၄ ရက်) မနက် အထိလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေတုန်း ပဲလို့ ကျွန်တော်တို့ သိရပါတယ်။ နမ့်ဆန်မှာ ဖြစ်တဲ့ဟာကတော့ သူတို့အနေနဲ့ နယ်မြေ တိုးချဲ့လာတဲ့အနေအထားအထိ ရှိတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ပါပြီးသားဖြစ်တယ်။ ငြိမ်းချမ်းရေး အပစ်ရပ်ထားတာကို အကာ အကွယ်ယူပြီးတော့ အပစ်ရပ်ထားတာကို အခွင့်ကောင်း ယူပြီးတော့ အင်အားတိုးချဲ့တာ တွေမလုပ်ဖို့ ၊ နယ်မြေတိုးချဲ့တာတွေမလုပ် ဖို့  အသိပေးထားပြီးသား ဖြစ်ပါတယ်။ ဒါ့အ ပြင် အဲဒီဟာတွေတင်မကတော့ဘဲနဲ့  ကျွန် တော်တို့ မြို့ရွာလုံခြုံ ရေးပါ ထိခိုက်လာနိုင်တဲ့ အနေအထားရှိတဲ့အတွက် ဒီလိုဆောင်ရွက် ရခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်  (မြောက်ပိုင်း) အတွင်းရှိ မြို့နယ် သုံးခုခန့်တွင် ယခု သုံးရက်ခန့်အတွင်း တပ်မတော်နှင့် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ်တွင်မူ စက်တင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများမှာ သာမန်ထိတွေ့မှုများသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နမ့်ဆန်မြို့နယ်အတွင်း စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီမှစ၍ တပ်မတော်က နမ့်ဆန်မြို့ တပ်စခန်း ၊ ဇယန်းကြီးကျေးရွာ  မြသပိတ် ၊ ဇယန်းကြီးကျေးရွာ ပတ္တမြားစေတီ တို့မှနေ၍ လက်နက်ကြီးများဖြင့် ပတ်ဝန်း ကျင်ကျေးရွာများသို့ ပစ်ခတ်နေကြောင်း၊ တပ်မတော်နှင့် TNLA တို့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းမှစ၍ နမ့်ဆန်မြို့ တောင်ရိုး ဘုရားတောင်ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

လာမည့် စက်တင်ဘာ ၁၇ ရက်တွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ရှမ်းမြောက်ရှိ ဒေသအချို့တွင် ပစ်ခတ်တိုက် ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကာ ယခု တိုက် ပွဲဖြစ်ပွားရာနေရာများသည် နှစ်ဖက်အပစ် ရပ်ကြောင်း ကြေညာထားသော နယ်မြေဖြစ် သည်။

“ကျွန်တော်တို့ မျှော်လင့်တာကတော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေရလာနိုင်တယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် တွေကို ကျွန်တော်တို့ ဦးစားပေးအဆင့်ထားတဲ့အတွက် ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ရေးကို မဖြစ်မနေဆောင်ရွက်ပေးနေခြင်း ဖြစ်တယ်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ကတော့ အဲဒီဘက် အပေါ်မှာလည်း မူတည်လိမ့်မယ်။ ကျွန်တော်တို့ကတော့ အစကတည်းက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကြိုးစားဆောင် ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေရှိပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ အဓိက ဆွေးနွေးရန် ကျန်ရှိနေသည့် Bilateral လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးကြမည့် အစိုးရ နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ စက်တင် ဘာ ၁၇ ရက် တွေ့ဆုံပွဲသို့ တပ်မတော်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့မှ အဆင့်မြင့်အရာရှိကြီး များ တက်ရောက်မည်ဟု ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ပြောကြားသည်။       

 

 

 

Most Read

Most Recent