ဘဏ်ကောလာဟလများနှင့် ပတ်သက်၍ ပြည်သူများ စိတ်ပူစရာမလိုဘဲ တစ်နိုင်ငံလုံး၏ နေ့စဉ် ငွေထုတ်ငွေသွင်းစာရင်းများကို စောင့်ကြည့်နေပြီး အစိုးရပိုင်းက အုပ်ချုပ်မှုနည်းလမ်းဖြင့်ထိန်းကျောင်းနေဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဘဏ်ကောလာဟလများနှင့် ပတ်သက်၍ ပြည်သူများ စိတ်ပူစရာမလိုဘဲ တစ်နိုင်ငံလုံး၏ နေ့စဉ် ငွေထုတ်ငွေသွင်းစာရင်းများကို စောင့်ကြည့်နေပြီး အစိုးရပိုင်းက အုပ်ချုပ်မှုနည်းလမ်းဖြင့်ထိန်းကျောင်းနေဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 14 September 2019
နေရိုင်း၊ အောင်မင်းသိန်း

ဘဏ်ကောလာဟလများနှင့်ပတ်သက်၍ ပြည်သူများ စိတ်ပူစရာမလိုဘဲ တစ်နိုင်ငံလုံး၏ နေ့စဉ်ငွေထုတ်ငွေသွင်းစာရင်းမျာကို စောင့်ကြည့်နေပြီး အစိုးရပိုင်းက အုပ်ချုပ်မှု နည်းလမ်းဖြင့် ထိန်းကျောင်းနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမ၌ သမ္မတအိမ်တော်သတင်းထောက်များနှင့်တွေ့ဆုံသည့် Press Briefing တွင် သမ္မတရုံးအနေဖြင့် ဘဏ်များနှင့်ပတ်သက်၍ သတင်းများထွက်ပေါ်နေသည့်အပေါ် မည်သို့ပြောလိုသနည်းဟု သတင်း ထောက် တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင်  ဦးဇော်ဌေးက အထက်ပါကဲ့သို့ ထည့် သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒါကတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ကောလာဟလပေါ့။ Speculation က အရမ်းများတယ်။ အဲဒီများတဲ့အပေါ်မှာ လူတွေ စိုးရိမ်မှုတွေ ဖြစ်လာတဲ့အချိန်မှာ အတောမသတ်နိုင်တဲ့ဟာတွေ ဖြစ်လာတာ ပေါ့။ ဖြစ်လာတော့ ကျွန်တော်တို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ရှင်းလင်းချက်နဲ့ပတ်သက်လို့လည်း ဗဟိုဘဏ်က Statement ထုတ်ထားတယ်။ ဒါ ဗဟိုဘဏ်အပိုင်းပေါ့။ နောက်တစ်ပိုင်းက တော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် အစိုးရတာ ဝန်ရှိသူတွေ၊ ဗဟိုဘဏ်တာဝန်ရှိသူတွေ၊ နောက် ကျန်တဲ့ ဝန်ကြီးတချို့နဲ့ ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌတွေ တွေ့တယ်။ တွေ့တဲ့အချိန်မှာ ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်တွေ လက်ရှိကြုံတွေ့ နေတဲ့ အခက်အခဲတွေ၊ အစိုးရက ဘာလုပ် ပေးရမလဲ။ ဗဟိုဘဏ်က ဘာလုပ်ပေးရမလဲ။ ကျွန်တော်တို့ ညှိနှိုင်းပါတယ်။ ညှိနှိုင်းပြီးတော့ အဲ့အတိုင်း ဆက်လုပ်နေတယ်။ ဒါက တစ်ပိုင်းပေါ့။ အဲဒါ ကျွန်တော်တို့ နည်းလမ်းနှစ်ခု ရှိတယ်။ တစ်ခုကတော့ ဗဟိုဘဏ်ရဲ့ စည်း မျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီပေါ့။ သူတို့ ဗဟိုဘဏ်က ထိန်းကျောင်းတဲ့အပိုင်း။  နောက်တစ်ပိုင်းကကျတော့  အစိုးရပိုင်းက အုပ်ချုပ် မှုနည်းလမ်းနဲ့ ထိန်းကျောင်းတဲ့အပိုင်းပေါ့။ ဒီနှစ်ပိုင်းနဲ့ ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် ဗဟိုဘက်မှ နေ့စဉ် ညနေ တွင် တစ်နိုင်ငံလုံးရှိ ဘဏ်များ၏ ငွေထုတ် ငွေသွင်းစာရင်းများကို နိုင်ငံတော်သမ္မတရုံး သို့ တင်ပြနေပြီး ငွေထုတ်ငွေသွင်းများအပေါ် ဗဟိုဘဏ်က စောင့်ကြည့်နေကြောင်း ၎င်းက ပြောကြားသည်။

“စောင့်ကြည့်တဲ့အပိုင်းကို ကျွန်တော်တို့ သမ္မတရုံးကို တင်တယ်။ နောက်တစ်ချက်က ဒေါ်လာစျေးပေါ့။ ဒီမနက်ပိုင်း ဘယ်လောက် ဖွင့်တယ်။ ညနေပိုင်း ဘယ်လောက်ပိတ်တယ် ပေါ့။ အဲဒီအဖွင့်အပိတ် စျေးနှုန်းတွေလည်း တက်လာတဲ့ Plus ၊ Minus ပေါ့။ ဒီဟာတွေကို နေ့စဉ် ကျွန်တော်တို့ဆီ တင်ပါတယ်။ နေ့စဉ် တင်တော့ ပုံမှန်မဟုတ်ဘဲနဲ့ ဥပမာသွင်းတဲ့ဟာနည်းပြီးတော့ ထုတ်တာများတယ်။ ဒါမျိုး တွေကတော့ ဖြစ်တက်တယ်။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ တွေ့သမျှကတော့ အထုတ်အသွင်းမှာတော့ အရမ်းကြီး ဟတာ မရှိဘူး။ ထုတ်တာအများကြီး ဖြစ်နေတာလည်းမရှိဘူး။ နေ့စဉ် အဲဒီဇယားနဲ့ ကျွန်တော်တို့ဆီ တင်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ စောင့်ကြည့်တယ်။ အကယ်၍ ထုတ် တာများပြီဆိုရင် ဒီထုတ်တဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲပေါ့။ ဒါမျိုးတွေ ကျွန်တော် တို့လိုက်ပြီးတော့ အုပ်ချုပ်မှုနည်းလမ်းနဲ့ ဆောင်ရွက်ရတဲ့ အပိုင်းတွေရှိတယ်။ အခု လောလောဆယ် ပြောနိုင်တာကတော့ ဒီကာလမှာလည်း ကျွန်တော်တို့ အဲဒီ ၆ ရက်နေ့မှာ လုပ်လိုက်တယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက် ပိတ်သွားပြီးတော့ နောက် ၉ ရက်နေ့က စပြီး တော့ ဒေါ်လာစျေး ပြန်ငြိမ်သွားပြီးတော့ ရွှေ စျေးလည်း ပြန်ကျသွားတယ်။ ပြဿနာက ရွှေနယ်ပယ်မှာကျတော့ ကျွန်တော်တို့လည်း ပြည်ထဲရေးကလည်း Report တွေ တက်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် ပြည်တွင်း ရွှေစျေးနှုန်း မြင့်တက် သွားရခြင်းသည် မူဆယ်လမ်းကြောင်းတွင် တိုက်ပွဲများဖြစ်ပွားသည့်အတွက် ရွှေဝင်ရန် မရှိခြင်း၊ ပြည်တွင်းတွင် မိုးကြီးခြင်းကြောင့် ရွှေထုတ်လုပ်နိုင်သည့် ပမာဏနည်းပါးလားပြီး ရောင်းလိုအားနည်းလာခြင်း၊ အိမ်ခြံမြေ စျေးကွက် အေးနေခြင်းနှင့် စတော့ရှယ်ယာစျေးကွက် ငြိမ်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် ဘဏ်များနှင့်ပတ်သက်၍ ပုံမှန်ပြန်ဖြစ်အောင်လုပ်နေပြီး စိုးရိမ်စရာမရှိကြောင်း၊ စိုးရိမ်စရာကောင်းသည်မှာ  ကောလာဟလများကိုဆင့်ပွားပြီး ဘဏ်များမှ ငွေများကို မထုတ်ရန်ဖြစ်ကြောင်း၊ အကယ်၍ ထုတ်ပါကလည်း လက်ရှိဘဏ်များမှာ ၎င်းတို့ ၏ Saving သည် အပ်ထားသည်များကို ထုတ်ပေးနိုင်သည့် အနေအထားဖြစ်ကြောင်း၊ ယခင် ၂၀၀၃ ခုနှစ်၊ ၂၀၀၄ ခုနှစ်က အကျိုး ဆောင်ကိစ္စများဖြစ်ပေါ်ခဲ့ကြောင်း၊ အကျိုးဆောင်များတွင် ပိုက်ဆံများစုပြီး ကောလာ ဟလဖြစ်သည့်အခါ ပိုက်ဆံများပြန်ထုတ်ချိန်တွင် အကုန်လုံးမလျော်နိုင်သည့် အခြေ အနေဖြစ်ခဲ့ကြောင်း၊ အချို့ဘဏ်များပင် ပြို လဲသွားသည့်အပိုင်းဖြစ်ကြောင်း၊ ကောလာဟလသည် ကြောက်စရာကောင်းသည့်အ တွက်  အဓိကအနေဖြင့် ဘဏ်သမားများကို စိတ်ချယုံကြည်အောင် လုပ်လိုက်သဖြင့် ကောလာဟလများ ငြိမ်သွားကြောင်း၊ မြန်မာနိုင်ငံရဲ့ ထူးခြားသည့် သဘောသည် ကောလာဟလကို ငြိမ်အောင် ထိန်းနိုင်ပြီဆိုပါက ပုံမှန်အတိုင်းပြန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

 

 

Most Read

Most Recent