ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်မည်ဟု မျှော်လင့်ချက်မြင့်တက်စေခဲ့သည့် နှစ်နိုင်ငံစလုံး၏ ပြေရာပြေကြောင်း အစီအစဉ်များ ထုတ်ပြန်ခဲ့အပြီး တစ်ရက်အကြာတွင် အမေရိကန်ကုန်သွယ်ရေးဝန်ကြီး စတီဗင်အမ်နူချင်က အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးသူများသည် တရုတ်နှင့် ပြုလုပ်မည့် လာမည့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် အရေးပါသော တိုးတက်မှုများရရှိရန် လိုလားနေကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယာယီသဘောတူညီချက်တစ်ခု ရရှိနိုင်ခြေအတွက် အရိပ်အမြွက် ပြောကြားထားစဉ် ထိုကုန်သွယ်ရေးစစ်ပွဲအား ဖြေရှင်းနိုင်မည့် သဘောတူညီချက်ရရှိနိုင်ရန် အခွင့်အလမ်းများနှင့် ပတ်သက်၍ သတိဖြင့် အကောင်းမြင်ထားကြောင်း အမ်နူချင်က CNBC သတင်းဌာနသို့ ပြောကြားခဲ့သည်။
၀ါရှင်တန်နှင့် ပေကျင်းတို့သည် လက်ထောက်အဆင့် ဆွေးနွေးပွဲများအား ဦးစွာပြုလုပ်မည်ဖြစ်ပြီး ယင်းနောက် သဘောတူညီချက်တစ်ခု ရရှိနိုင်ရန်အတွက် အကြီးတန်းတာဝန်ရှိသူများက ဆက်လက်ဆွေးနွေးကြ မည်ဖြစ်သည်။
ဆွေးနွေးမှုများ တစ်သီတစ်တန်းပြုလုပ်ရန် ခရီးထွက်လာသည့်ပုံစံကို မလိုလားကြောင်းနှင့် အရေးပါသော တိုးတက်မှုရရှိနိုင်ရန် လိုလားကြောင်း အမ်နူချင်က ပြောကြားခဲ့သည်။ သို့သော် ထရန့်သည် ကောင်းမွန်သော သဘောတူညီချက်ကိုသာ လက်ခံလိမ့်မည်ဖြစ်ပြီး လိုအပ်ပါက စည်းကြပ်ခွန်များ တိုးမြှင့်သွားရန် ဆန္ဒရှိနေကြောင်း အမ်နူချင်က ထပ်မံ သတိပေးခဲ့သည်။
ထရန့်က သူသည် ပြီးပြည့်စုံသော သဘောတူညီချက် ရရှိရန် ပိုမိုလိုလားကြောင်း၊ သို့သော် ယာယီ သဘောတူညီချက်တစ်ခုကို လက်ခံစဉ်းစားရန်လည်း ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ လွယ်ကူသည်နှင့် ခက်ခဲသည်ဟူ၍ မရှိဘဲ သဘောတူညီချက် ရရှိသည် သို့မဟုတ် မရသေးဟူ၍သာရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။
တရုတ်က အမေရိကန်ကုန်ပစ္စည်းအချို့အား ပြင်းထန်သော စည်းကြပ်ခွန်များ ချမှတ်မည့်စာရင်းမှ ယာယီ ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ထရန့်ကလည်း ဒေါ်လာဘီလျံ ၂၅၀ တန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် တိုးမြှင့်မည့်အစီအစဉ်ကို အောက်တိုဘာ ၁၅ ရက်အထိ ရွှေ့ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းအတွက်ကြောင့် ဒုတိယမြောက်နှစ်သို့ ဝင်ရောက်လာပြီဖြစ်သော ကုန်သွယ်ရေးပဋိပက္ခအား ဖြေရှင်းနိုင်ရန်အတွက် ယခုသီတင်းပတ်အတွင်း အပြုသဘောဆောင်သော အရိပ်အယောင်များ မြင်တွေ့ခဲ့ရသည်။
တရုတ်သည် ဝက်သားနှင့် ပဲပိစပ်တို့ကဲ့သို့ အရေးပါသော ပစ္စည်းများအပါအဝင် အမေရိကန်၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များအား ဝယ်ယူရန်အတွက် စုံစမ်းမေးမြန်းခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်သည် လယ်ယာထုတ်ကုန် အများအပြားအား ဝယ်ယူမည်ဟု မျှော်လင့်ကြောင်း ထရန့်ကလည်း ထိုနေ့အစောပိုင်းတွင် Twotter ၌ ရေးသားခဲ့သည်။
အမ်နူချင်နှင့် အမေရိကန်ကုန်သွယ် ရေးကိုယ်စားလှယ် လိုက်သီဇာတို့ ဦးဆောင်၍ အောက်တိုဘာအစောပိုင်းတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အမေရိကန်နှင့် တရုတ်တို့မှ ထိပ်တန်းတာဝန်ရှိသူများက ယခုလနှောင်းပိုင်းတွင် အကြိုဆွေးနွေးပွဲများ ပြုလုပ်ကြမည်ဖြစ်သည်။ ဟောင်ကောင်ဆန္ဒပြမှုသည် နိုင်ငံခြားရေးဝန်ကြီးနှင့် သက်ဆိုင်သောကြောင့် ကုန်သွယ်ရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည်မဟုတ်ကြောင်း အမ်နူချင်က ပြောကြားခဲ့သည်။














