ရန်ကုန်အဲဝေးလေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှစတင်ကာ Air Thanlwin လေကြောင်းလိုင်းအဖြစ် အမည်ပြောင်းလဲ၍ ခရီးစဉ်များစတင်ပျံသန်းမည်

ရန်ကုန်အဲဝေးလေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှစတင်ကာ Air Thanlwin လေကြောင်းလိုင်းအဖြစ် အမည်ပြောင်းလဲ၍ ခရီးစဉ်များစတင်ပျံသန်းမည်
 ရန်ကုန်အဲဝေးလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
ရန်ကုန်အဲဝေးလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 9 September 2019
ရွှန်းလဲ့ဝင်း

ရန်ကုန်အဲဝေးလေကြောင်းလိုင်းသည် အောက်တိုဘာ ၁ ရက်မှစတင်ကာ Air Thanlwin လေကြောင်းလိုင်းအဖြစ် အမည်ပြောင်းလဲ၍ ခရီးစဉ်များ စတင်ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

“Air Thanlwin အမည်နဲ့ လေကြောင်းလိုင်းပျံသန်းမယ်ဆိုတာ လေကြောင်းလိုင်းအသစ်က စတင်ပျံသန်းမှာမဟုတ်ပါဘူး။ ရန်ကုန်အဲဝေးလေကြောင်းလိုင်းက အမည်ပြောင်းလဲပျံသန်းမှာဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်အဲဝေးလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို လက်ရှိအချိန်ထိ ရန်ကုန်အဲဝေးလေကြောင်းလိုင်းအမည်ဖြင့်သာ ရောင်းချနေခြင်းဖြစ်ပြီး အောက်တို ဘာ ၁ ရက်တွင်မှ Air Thanlwin အဖြစ်အမည်ပြောင်းလဲ၍ ပျံသန်းနိုင်ဖွယ်ရှိကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ် အချို့က ပြောကြားသည်။

“ရန်ကုန်အဲဝေးလေကြောင်းလိုင်းကတော့ အခုထိ ရန်ကုန်အဲဝေးနာမည်နဲ့ပဲ လက်မှတ်ထွက်ပါသေးတယ်။ မပြောင်းသေးပါဘူး။ အခုထိ ကျွန်မတို့ကိုတော့ ဘာမှအသိပေးတာမျိုးမရှိသေးဘူး။ အောက်တိုဘာလောက်မှ ဖြစ်မယ်ထင်ပါတယ်” ဟု လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်အဲဝေးလေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ မြစ်ကြီးနားနှင့် ပူတာအိုမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် Air Bagan လေကြောင်းလိုင်းနှင့် Apex လေကြောင်းလိုင်းနှစ်ခုက လေကြောင်းခရီးစဉ်ပျံသန်းခြင်းကို ရပ်နားခဲ့ပြီး ယင်းတို့၏ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့်လိုင်စင် Air Operators Certificate (AOC) ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ပြန်လည်အပ်နှံခဲ့သည်။

၂၀၁၈ ဇူလိုင်လအတွင်း FMI လေ ကြောင်းလိုင်းက လေယာဉ်ခရီးစဉ်ပျံသန်းခြင်းကို ရပ်နားခဲ့ပြီး သက်တမ်း ၂၄ နှစ်ရှိပြီဖြစ်သည့် ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Mandalay လေကြောင်းလိုင်းမှ လက်ရှိမှာ ခရီးစဉ်ပျံသန်းမှုကို ယာယီရပ်နားခဲ့ပြီး စျေးကွက်အခြေအနေကောင်းမွန်တဲ့အချိန်မှာသာ ခရီးစဉ်ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လေကြောင်းခရီးစဉ် ပျံသန်းခြင်းကို ရပ်နားခဲ့ရသည့် ပြည်တွင်းလေကြောင်းလိုင်းများသည် လေယာဉ်စင်းရေနည်းပါးခြင်း၊ လေကြောင်းလိုင်းများ ကိုယ်တိုင်အရှုံးပေါ်ခြင်းများကြောင့် ခရီးစဉ်ပျံသန်းနိုင်ခြင်းမရှိနိုင်ခြင်းကြောင့်ဖြစ်ကာ အချို့လေကြောင်းလိုင်းများသည် လေယာဉ်များအား ငှားရမ်းပျံသန်းခဲ့ကြပြီး ငှားရမ်းသည့်သက်တမ်း ကုန်ဆုံးခဲ့ချိန်တွင် လေယာဉ်အား ကုမ္ပဏီသို့ ပြန်လည် အပ်နှံလိုက်ရခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။                                         

 

 

Most Read

Most Recent