၂၀၁၉ ခုနှစ် ရှစ်လအတွင်း ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ် သြဂုတ်တွင် ကျပ်နှစ်ဘီလျံခန့် ဖြစ်ပေါ်

၂၀၁၉ ခုနှစ် ရှစ်လအတွင်း ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ် သြဂုတ်တွင် ကျပ်နှစ်ဘီလျံခန့် ဖြစ်ပေါ်
Published 8 September 2019
ဖြိုးဝေ

၂၀၁၉ ခုနှစ် ရှစ်လအတွင်း လအလိုက် အရောင်းအဝယ်ဖြစ်မှုများတွင် သြဂုတ်မှာ အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ် ကျပ်နှစ်ဘီလျံခန့်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက်ဖြစ်ပေါ်သည့် အရောင်းအဝယ်ဖြစ်မှုများအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် အရောင်းအဝယ်ဖြစ်မှု ယခုနှစ်အတွင်း စံချိန်တင်ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ်မူ မတ်လတွင် ကျပ် ၃၉၆၂ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပထမဆုံးအဖြစ် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံနှင့် ဇူလိုင်တွင် ကျပ် ၁ ဒသမ ၂ ဘီလျံ ကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး စတော့အိတ်ချိန်း အရောင်းအဝယ်နှစ်လဆက်တိုက် ပြန်လည်ကျဆင်းခဲ့ရာမှ သြဂုတ်တွင် စံချိန်တင်အမြင့်ဆုံးအဖြစ် ကျပ် ၁ ဒသမ ၉၄ ဘီလျံအထိ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ လအလိုက်ထုတ်ပြန်သည့် အရောင်းအဝယ်စာရင်းများအရ သိရသည်။

ရှယ်ယာတစ်စုလျှင် ကျပ် ၈၈၀၀ အထိ ကျဆင်းခဲ့သည့် FMI ရှယ်ယာမှာ မေလတွင် ကျပ် ၁၂၅၀၀ အထိ ပြန်လည်မြင့်တက်မှုကြောင့် ကျပ် ၆၅၆၄ သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သလို ကျပ် ၂၈၀၀ အထိ စျေးနှုန်းကျဆင်းထားသည့် သီလဝါရှယ်ယာမှာလည်း မေလအဖွင့်စျေးတွင် ကျပ် ၂၉၅၀ အထိရှိခဲ့ပြီး ကျပ် ၃၂၅၀ အထိ စျေးနှုန်းမြင့်တက်ကာ ကျပ် ၄၆၅၃ သိန်းကျော်အထိ အရောင်းအဝယ်ဖြစ်မှုကြောင့် စတော့အိတ်ချိန်း အရောင်းအဝယ်ကျဆင်းနေသည့် ကိုးလအတွင်း ကျပ်တစ်ဘီလျံကျော် ပြန်လည်အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လတွင်မူ စတော့အိတ်ချိန်း၌ FMI ရှယ်ယာမှာ ကျပ် ၁၁၅၀၀ အထိ ပြန်လည်ကျဆင်းသွားသော်လည်း သီလဝါရှယ်ယာမှာ ကျပ် ၃၄၅၀ အထိ ဆက်လက်မြင့်တက်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့် FMI နှင့် သီလဝါရှယ်ယာရောင်းချမှုမှ ဇွန်လအတွင်း ကျပ် သိန်း ၉၅၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဇူလိုင်တွင် FMI ရှယ်ယာ မှာ အမြင့်ဆုံး ကျပ် ၁၂၀၀၀ ဖြစ်ခဲ့ပြီး အနိမ့်ဆုံး ကျပ် ၁၁၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး သီလဝါရှယ်ယာမှာ ကျပ် ၃၃၀၀ သို့ ကျဆင်းခဲ့သော်လည်း FMI နှင့် သီလဝါရှယ်ယာ ရောင်းချမှုမှာ ဇွန်လတွင် ကျပ်တစ်ဘီလျံ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ်တွင်မူ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု သုံးဆခန့်မြင့်တက်လာခြင်းနှင့်  TMH တယ်လီကွန်းမှာ ယခင်လထက် အရောင်းအဝယ်ဖြစ်မှု မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပြီး အမြတ်ဝေစုပေးမည့် သီလဝါရှယ်ယာမှာ ကျပ် ၄၄၀၀ အထိ စျေးနှုန်းပြန်လည်မြင့်တက်မှုများကြောင့် ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုမှာ ယခုရှစ်လအတွင်း သြဂုတ်လမှာအမြင့် ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် အတွင်း  ကျပ် ၂၂  ဒသမ ၁၃ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း  ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ် ဆိုးရွားစွာကျ ဆင်းခဲ့ပြီး ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျပ် ၁၁ ဘီလျံကျော်သာရှိခဲ့ကာ Block Trading အရောင်းအဝယ်ဖြစ်မှုတွင်လည်း ကျပ်ငါးဘီလျံခန့် ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နှစ်အလိုက်ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှုစာရင်းအရ သိရပြီး လက်ရှိ ၂၀၁၉ ခုနှစ် အရောင်းအဝယ် ဖြစ်မှုများမှာလည်း ၂၀၁၈ ခုနှစ်ထက် ကျဆင်းဖွယ်ရှိကာ နှစ်ကုန်ရန် လေးလအလိုအထိ ကျပ် ၇ ဒသမ ၈ ဘီလျံခန့်သာ အရောင်းအဝယ်ဖြစ်ပေါ်ထားသည်။         

 

 

Most Read

Most Recent