ဘဏ်ကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူများအကြား ဖြစ်ပေါ်နေသော ကောလာဟလများသည် မဟုတ်မှန်သည့်အချက်အလက်များသာဖြစ်ပြီး စိုးရိမ်ပူပန်မှု လုံးဝဖြစ်စရာမလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားဟု အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက စက်တင်ဘာ ၆ ရက်တွင် မီဒီယာများအား ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၅ ရက်က ပဲခူးတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ချိုချို၏ ပြောကြားချက်အရ သိရသည်။
“နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကတော့ ဘဏ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ ပြည်သူတွေကြားမှာ ကောလာဟလဖြစ်နေတဲ့ ဟာတွေပေါ့။ ဒါတွေဟာ ကောလာဟလတွေပဲဖြစ်တယ်။ မဟုတ်မှန်တဲ့ အချက်အလက်တွေပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ လုံးဝဖြစ်စရာမလိုဘူး။ ဖြစ်လာစရာအကြောင်း မရှိပါဘူးဆိုတဲ့ အကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားလိုက်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောကြား သည်။
ဘဏ်များတွင် ပူစရာမလိုဘဲ ငွေပြည့်ပြည့်စုံစုံရှိပြီးသားဖြစ်ကြောင်း၊ ငွေသုံးသည့် အဖွဲ့အစည်းဖြစ်၍ ဘဏ်များသည် ငွေအဆင်သင့်ရှိနေကာ အမြဲတမ်းဖြန့်ထားပြီးသား ဖြစ်နေသည့်အတွက် ပူစရာမရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။
“အားလုံးကတော့ အကြောင်းတွေ သူ့ အကြောင်းနဲ့သူ ရှိပြီးသားပဲ။ တကယ်တမ်းက ဘဏ်တွေမှာကျတော့ ဒီလောက်ပူစရာလည်း မလိုဘူး။ ဘဏ်တွေမှာ ငွေက ပြည့်ပြည့်စုံစုံလည်း ရှိပြီးသား။ ခုနပြောသလိုပဲ ထရီလီယံနဲ့ ချီပြီးတော့ ရှိတယ်။ တို့အဖွဲ့အစည်းကိုက ငွေသုံးတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ဘဏ်တွေကလည်း ငွေတွေကို အဆင့်သင့်ရှိနေပြီးသား။ အမြဲတမ်း ဖြန့်ထားပြီးသားဖြစ်နေတဲ့အတွက် ဒါတွေကတော့ ပူစရာ မရှိပါဘူး”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။
ထို့ပြင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက “စိုးရိမ်စရာတော့ မရှိပါဘူး။ တကယ်တမ်းကျ တော့ တချို့ပြောနေတာတွေရှိတယ်။ ဘဏ်ထဲက ငွေထုတ်ပြီးတော့ ရွှေဝယ်နေကြတယ် တို့ဘာတို့၊ ဆိုတော့ တကယ်တမ်းကျတော့ ဘဏ်တွေမှာ အားလုံးက တို့က ငွေသုံးတဲ့ အဖွဲ့အစည်းဆိုတဲ့အခါကျတော့ ငွေတွေက ဘဏ်က အကုန်လုံး Liquidity က ရှိနေ ပြီးသား။ ထရီလီယံလောက်ချီပြီးတော့ကို ရှိနေကြတာ။ အဲဒီတော့ ထုတ်မယ်ဆိုလို့ရှိရင်လည်း ဘဏ်တွေအနေနဲ့ ပြဿနာ မရှိဘူး။ ဒါကတော့ ဗဟိုဘဏ်က ဘယ်လို ထိန်း ကျောင်းနေလဲဆိုတော့ ဗဟိုဘဏ်က အမြဲ တမ်းဘဏ်တွေရဲ့ ခိုင်မာဖို့အတွက်၊ တိုးတက်ဖို့အတွက်က အမြဲတမ်းလုပ်နေတယ်။ နေ့စဉ်ကို အချက်အလက်တွေကို ကြည့်ပြီးတော့ Monitor လုပ်နေတာဖြစ်တဲ့အတွက် ဘယ်လို ထိန်းကျောင်းနေလဲဆိုတာကို ထူးထူးခြားခြားပြောစရာမရှိဘူး” ဟု ပြောကြားသည်။
ဆက်လက်ပြီး ကြီးကြပ်မှုအပိုင်းသည် ဗဟိုဘဏ်၏ လုပ်ငန်းဖြစ်သည့်အတွက် ပုံမှန်လုပ်ငန်းဖြစ်၍ အမြဲတမ်း ကြီးကြပ်နေကြောင်းနှင့် အမှန်တကယ်စိတ်မပူရန် ပြည်သူကို သတင်းပေးပေးရန် လိုကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲများအနေဖြင့်လည်း အားလုံးကို အဆင်ပြေအောင်နှင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ထားခြင်းများရှိကြောင်း ဦးစိုးမင်းက ပြောကြားသည်။










