ရန်ကုန်ဆေးရုံကြီးဝင်းရှိ အစားအသောက် အရောင်းဆိုင်များကို တရားဝင် သတ်မှတ်ထားသော စားသောက်ဆိုင်တန်းများ၌သာ ရောင်းချခွင့်ပြုထားပြီး ဆိုင်ခန်းပေါင်း ၇၀ ကျော် စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုထား

ရန်ကုန်ဆေးရုံကြီးဝင်းရှိ အစားအသောက် အရောင်းဆိုင်များကို တရားဝင် သတ်မှတ်ထားသော စားသောက်ဆိုင်တန်းများ၌သာ ရောင်းချခွင့်ပြုထားပြီး ဆိုင်ခန်းပေါင်း ၇၀ ကျော် စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုထား
ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ပင်မဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ပင်မဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 5 September 2019
အိသဥ္ဇာကျော်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အစားအသောက် အရောင်းဆိုင်များ၊ ထမင်းဆိုင်များနှင့် ကွမ်းယာဆေးလိပ် အရောင်းဆိုင်များ စသည့်ဆိုင်များအား တရားဝင် သတ်မှတ်ထားသည့် စားသောက်ဆိုင်တန်းများတွင်သာ ရောင်းချခွင့်ပြုထားပြီး ဆိုင်ခန်းပေါင်း ၇၀ ကျော်ကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပြုထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ဆေးရုံအုပ်ချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားသော အသိပေးကြေညာချက်တွင် ဆေးရုံကြီးဧရိယာအတွင်း တရားဝင် သတ်မှတ်ထားရှိသော စားသောက်ဆိုင်တန်းများတွင် သတ်မှတ်ချက်အတိုင်း ရောင်းချခြင်းကို ဆောင်ရွက်ရန်နှင့် အခြားမည်သည့် နေရာတွင်မှ စျေးရောင်းချခြင်း၊ ကွမ်းယာဆေးလိပ် ရောင်းချခြင်း၊ အစားအသောက်များ ရောင်းချခြင်းမပြုရန်၊ ဆိုက်ကား ဝင်ရောက်ခြင်း၊ လူနာအတင်အချမှလွဲ၍ အငှားယာဉ်များ ရပ်နားခြင်းမပြုရန် ဆေးရုံအုပ်ချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန် ကြေညာထားကြောင်းနှင့် အသိပေး ကြေညာမှုအား လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ရောင်းချသောပစ္စည်းနှင့် အသုံးအဆောင်များအား ဖျက်သိမ်းရန် သိမ်းဆည်းခြင်း၊ တရားဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

“ဆေးရုံမှာ အစားအသောက် အရောင်းဆိုင်တွေအတွက် သီးသန့် စားသောက်ဆိုင်တန်းတွေ လုပ်ပေးထားတယ်။ အရင်က အဲဒီမှာ မရောင်းကြဘဲ အပြင်ထွက် ရောင်းကြတယ်။ အခု စျေးဆိုင်တွေကို စားသောက်ဆိုင်တန်းတွေမှာပဲ စနစ်တကျရောင်းဖို့ ကာလအပိုင်းအခြားနဲ့ စာချုပ် ချုပ်ဆိုထားတယ်။ အခုတော့ စည်းကမ်းမဲ့ ရောင်းတဲ့သူတွေတော့ တော်တော် လျော့သွားပြီ။ ရောင်းချသူတွေက စည်းကမ်း ထပ်ဖောက်လို့ရှိရင် အရေးယူမှုအပိုင်းကို ညှိနှိုင်းပြီး လုပ်တော့မှာပါ။ စည်းကမ်းမလိုက်နာတဲ့အပေါ် မူတည်ပြီး အရေးယူမှုတွေ လုပ်သွားမှာပါ” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနေဝင်းသိန်းက ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ပျံကျ စျေးသည်များ အဆမတန် များပြားလာခြင်းကြောင့် တိုင်းဒေသကြီးအဆင့် ရန်ကုန်ဆေးရုံကြီး လုံခြုံရေးနှင့် သန့်ရှင်းရေးစီမံချက်ဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့သည်။ ဆေးရုံကြီးသည် ရန်ကုန်မြို့၏ အဓိကအချက်အချာ ကျသောနေရာတွင် တည်ရှိပြီး နေ့စဉ် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာ၊ လူနာစောင့်များ၊ ဧည့်သည်များအကြား သွားလာမှု အဆင်ပြေစေရေး၊ အရေးကြီးလူနာများ သယ်ယူပို့ဆောင်ရေး၊ မီးဘေးအန္တရာယ်၊ ခိုးယူမှု၊ ဖောက်ထွင်းမှုများ၊ အစုလိုက်အပြုံလိုက် အရေးပေါ်ကိစ္စများ ဖြစ်ပွားပါက လုံခြုံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်ရန် အရေးကြီးလုပ်ငန်းတစ်ခု ဖြစ်နေကြောင်း နှင့် ဆေးလာရောက် ကုသသော လူနာများ၊ လူနာစောင့်များ၊ ဝန်ထမ်းများအကြား ကူးစက်ရောဂါများ မဖြစ်ပွားစေရန်နှင့်  စိတ်ချမ်းမြေ့စွာ ဆေးကုသမှုခံယူရန် သန့်ရှင်းသပ်ရပ်သော ဆေးရုံကြီးဖြစ်လာရန် လိုအပ်သဖြင့် ယင်းစီမံချက်ကို ရေးဆွဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က စျေးဆိုင်တန်းတွင် ရောင်းချခွင့်ရရှိသည့် စျေးသည်များ လိုက်နာရန် စည်းကမ်းချက်၂၁ ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

စည်းကမ်းချက်၂၁ ချက်တွင် သတ်မှတ်ထားသော မိမိဆိုင်ခန်း နေရာတွင်သာ စနစ်တကျ ရောင်းချရမည်ဖြစ်ပြီး သတ်မှတ် ဆိုင်ခန်းနေရာမှအပ ဆေးရုံဝင်း အတွင်းနှင့်အပြင် အခြားနေရာများတွင် သွားရောက် ရောင်းချခြင်း မပြုရန်၊ ညအိပ်နေထိုင်ခွင့် လုံးဝခွင့်မပြု၊ အသင့်ချက်ပြုတ်ထားသော ဟင်းလျာများကိုသာ ရောင်းချရမည်ဖြစ်ပြီး စျေးဆိုင်အတွင်းနှင့် ဆေးရုံဝင်းအတွင်း ချက်ပြုတ်ကြော်လှော် ရောင်းချခြင်း မပြုရန်၊ ဆိုင်ခန်း တစ်ခန်းလျှင် အမှိုက်ပုံးတစ်ပုံးစီ အနည်းဆုံးထားရှိပြီး အမှိုက်များအား သတ်မှတ်နေရာသို့ မိမိအစီအစဉ်ဖြင့် နေ့စဉ် စွန့်ပစ်ရန်၊ ဆိုင်ပတ်ဝန်းကျင်တွင် အညစ်အကြေးစွန့်ခြင်း လုံးဝ မပြုလုပ်ရန်၊ ဆိုင်ခန်းများတွင် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း လုံးဝမပြုလုပ်ရန် စသည့် အချက်များအား အသိပေးထားခြင်း ဖြစ်ကြောင်းနှင့် စည်းကမ်းချက်များ ဖောက်ဖျက်ကျူးလွန်ပါက စျေးရောင်းချခွင့် ပိတ်သိမ်း၍ ဆိုင်ခန်းအား ပြန်လည် သိမ်းယူခြင်း ခံရမည့်အပြင် တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

 

 

Most Read

Most Recent