မြန်မာ - ကိုရီးယားစီးပွားရေး ပူးပေါင်းမှုစက်မှုဇုန်စီမံကိန်းတွင် ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ ရင်းနှီးမြှုပ်နှံ၍ ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်

မြန်မာ - ကိုရီးယားစီးပွားရေး ပူးပေါင်းမှုစက်မှုဇုန်စီမံကိန်းတွင် ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ ရင်းနှီးမြှုပ်နှံ၍ ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်
 မြန်မာ - ကိုရီးယားစီးပွားရေးဖိုရမ်အခမ်းအနားကို တွေ့ရစဉ် - ဓာတ်ပုံ MOI
မြန်မာ - ကိုရီးယားစီးပွားရေးဖိုရမ်အခမ်းအနားကို တွေ့ရစဉ် - ဓာတ်ပုံ MOI
Published 5 September 2019
နီလာ

မြန်မာ - ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ကာ တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ သိရသည်။

“ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖက်စပ်ရင်းနှီးမြှုပ်နှံကာ Developer အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန် စတင်တည်ထောင်ခြင်းနှင့် မြန်မာ - ကိုရီးယား အတူတကွ အောင်မြင်တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့ မိတ်ဖက်ခေါင်းစဉ်ဖြင့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ အကြီးစားစက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေး စသည့်များစွာသော စက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံအဆောက်အအုံကို တည်ဆောက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာမွန်ဂျေအင်းက အဆိုပါအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံမှ စားသုံးသူ ၃ ဒသမ ၄ ဘီလျံနှင့် ချိတ်ဆက်ပေးမည့် Hub ဆုံချက်နေရာဖြစ်ကြောင်း၊ လူဦးရေ ၅၃ သန်းရှိပြီး အဆိုပါလူဦးရေ၏ တစ်ဝက်က အသက် ၃၀ အောက် လူငယ်များဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ငယ်ရွယ်ပြီး သွက်လက်သောနိုင်ငံဖြစ်ကြောင်း ၎င်းကဆိုသည်။

အလားတူ မြန်မာ - ကိုရီးယား နှစ်နိုင်ငံ သဘောတူညီထားသော ပြင်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ဒေါ်လာတစ်ဘီလျံမှတစ်ဆင့် ဆက်လက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်က စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာနှင့် အောင်မြင်စွာ လုပ်ငန်းလည်ပတ်လုပ်ဆောင်နိုင်ရန် စက်ပစ္စည်းကိရိယာများ ကောင်းစွာတပ်ဆင်ထားသော အခြေခံအဆောက်အအုံများကို ကုမ္ပဏီများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သမ္မတမစ္စတာမွန်ဂျေအင်းက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကိုရီးယားသမ္မနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်း၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က စက်မှုဇုန်စတင်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ပန္နက်တင်ပေးကြကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာ ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမယ့် စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Korean Land Housing Corporation တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ KMIC Development Co.Ltd က ၂၀၂၅ခုနှစ်မှာ အပြီးဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်းမြေ ဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။                                           

 

 

Most Read

Most Recent