ဧရာဝတီတိုင်းအတွင်းရှိ အန္တရာယ်ရှိ ကြိုးတံတားငါးစင်းအနက် ရွှေလောင်းကြိုးတံတားနှင့် ပင်လယ်လေးကြိုးတံတားအား စတင်ပြင်ဆင်နိုင်ရန် လိုအပ်သည့်ပစ္စည်းများ တင်ဒါခေါ်ယူ

ဧရာဝတီတိုင်းအတွင်းရှိ အန္တရာယ်ရှိ ကြိုးတံတားငါးစင်းအနက် ရွှေလောင်းကြိုးတံတားနှင့် ပင်လယ်လေးကြိုးတံတားအား စတင်ပြင်ဆင်နိုင်ရန် လိုအပ်သည့်ပစ္စည်းများ တင်ဒါခေါ်ယူ
Published 11 October 2018
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခိုင်ခံ့မှုအားလျော့နည်းလာပြီး အန္တရာယ်ရှိ ကြိုးတံတားများအဖြစ် သတ်မှတ်ခံထားရသည့် ပင်လယ်လေး (လပွတ္တာ) ကြိုးတံတား၊ ကျွန်းကုန်းတံတား၊ ရွှေလောင်းတံတား၊ ၀ါးခယ်မတံတားနှင့် ပမ္မဝတီ (မြင်းကဆိပ်) ကြိုးတံတားများအနက် လိုအပ်ချက်များ များပြားနေသည့် ပင်လယ်လေး (လပွတ္တာ) ကြိုးတံတားနှင့် ရွှေလောင်းကြိုးတံတားများကို စတင်ပြင်ဆင်နိုင်ရန် လိုအပ်သည့်ပစ္စည်းများ တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရ၏ အစီအမံဖြင့် တိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်ရှိ ကြိုးတံတား ငါးစင်းအား ယခုအသုံးပြုနေရသည့် ကြိုးတံတားပုံစံမှ လိုအပ်သည့် ချဉ်းကပ်တိုင်များ ထပ်မံတည်ဆောက်ကာ သံကူကွန်ကရစ် အမျိုးအစား သို့မဟုတ် ဘေလီသံပေါင်ဆွဲ တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် လုပ်ဆောင်နေလျက်ရှိပြီး လာမည့်ဘဏ္ဍာနှစ်အစတွင် ပင်လယ်လေးကြိုးတံတားနှင့် ရွှေလောင်းကြိုးတံတားတို့အား စတင်ပြင်ဆင်နိုင်ရန် လိုအပ်သည့်ပစ္စည်းများကို တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်း တံတားများပြုပြင် တည်ဆောက်နေစဉ်အတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို ဇက်ရေယာဉ်များဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး တံတားအဆင့်မြှင့် တည်ဆောက်ချိန်မှာ တစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အဓိက,ကတော့ လပွတ္တာ ပင်လယ်လေးကြိုးတံတားပေါ့နော်။ ရွှေလောင်းတံတားပေါ့နော်။ ဒါတွေကိုပြင်ဖို့စပြီ။ အခု ၁၈-၁၉ ဘတ်ဂျက်နှစ်က စတာပေါ့။ တင်ဒါတွေကတော့ ဒါကြိုတင်ခေါ်ထားတာပေါ့။ ပစ္စည်းတွေကတော့ စုဆောင်းပြီးတော့ စပြီးပြင်မယ်ဟေ့ဆိုတာနဲ့ ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့ကိစ္စကို ဘာတွေလိုမလဲဆိုတော့ ဇက်ရေယာဉ်သုံးဖို့ကိစ္စတွေ၊ ဇက်အဆင်းလမ်း လုပ်ဆောင်ဖို့ကိစ္စတွေ ဒါတွေကို စီစဉ်ထားပါတယ်။ ဇက်ရေယာဉ်ကတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးပေးမယ့်ကိစ္စတွေပေါ့။ ဒါတွေကို တင်ပြထားပါတယ်။ ပြီးသွားလို့ရှိရင် ကျွန်တော်တို့က တံတားဆောက်မယ့်နေရာတွေကို ဆင်းပြီးတော့ ဇက်အဆင်းလမ်းတွေ အဆင်ပြေ မပြေကို ဆင်းစစ်ရမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ကြိုးတံတားများ အဆင့်မြှင့်တင် တည်ဆောက်နေချိန်တွင် အချို့သော မြို့နယ်များမှ ရန်ကုန်မြို့သို့ ကုန်စည်ပို့ဆောင်သွားလာရာတွင် ဇက်တစ်ကြိမ်နှင့်အထက် ကူးသန်းရမည့် မြို့များပါဝင်နေသောကြောင့် မြို့နယ်များ၏ ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှုများ ကြန့်ကြာမှုများ မဖြစ်ပွားစေရန် ယခင်အချိန်များကဲ့သို့ ခရီးသည်တင်ရေယာဉ်သင်္ဘောများ ယာယီပြန်လည်ပြေးဆွဲပေးရန် လိုအပ်ချက်များလည်း ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။                    

Most Read

Most Recent