သရုပ်ဆောင် အိချောပိုနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် အိချောပိုနှင့် တွေ့ဆုံခြင်း
Published 11 October 2017

'ကိုယ့်အနုပညာအလုပ်ကို လုပ်နေရရင် ကျေနပ်တယ်။ အဲဒီလိုပဲ ခံယူထားတယ်။

ငါတော့ဒီနေရာကို ရောက်သွားပြီဆိုတာမျိုးတော့ ဘယ်တော့မှ မစဉ်းစားဘူး'

အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးတစ်ဦးအဖြစ် ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပြီး လက်ရှိတွင် ပရိသတ်ချစ်ခင်အားပေးမှု အခိုင်အမာရရှိကာ ရုပ်ရှင်ဇာတ်ကား အများအပြားအား ဆက်တိုက်ရိုက်ကူးခွင့်ရရှိနေသူမှာ သရုပ်ဆောင်အိချောပိုပင်ဖြစ်သည်။ လတ်တလောတွင် ၎င်းပါဝင်ထားသည့် ရုပ်ရှင်ဇာတ်ကားများအား ဆက်တိုက်ရုံတင်ပြသလျက်ရှိသည့်အပြင် မကြာမီပြသတော့မည့် 'အော်တိုဘုရင်' ရုပ်ရှင်ဇာတ်ကားတွင်လည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာပုံဖော်ထားပါသည်။ မလေးရှားဒါရိုက်တာ ရိုက်ကူးလျက်ရှိသည့် 'တစ္ဆေများနှင့်ကခုန်ခြင်း' ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်လျက်ရှိပြီး 'မန္တလာမြေမှပန်သစ္စာ' ဇာတ်ကားတွင်လည်း ဂျာမန်တေးသံရှင် Mikis နှင့် တွဲဖက်ရိုက်ကူးမည် ဖြစ်သည့်အပြင်  ယဉ်ကျေးသိမ်မွေ့သည့် မြန်မာခရီးသွားဧည့်လမ်းညွှန် မိန်းကလေးတစ်ဦးအဖြစ် ပါဝင်မည်ဖြစ်သည်။ သရုပ်ဆောင်အိချောပိုနှင့်တွေ့ဆုံဖြစ်သည့်အခိုက် လတ်တလော အနုပညာလှုပ်ရှားမှုများ၊ 'အော်တိုဘုရင်' ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ထားသည့် အမှတ်တရများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာလုပ်ငန်းများအကြောင်း မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

မေး - ဒီနေ့ရိုက်တဲ့ ဇာတ်ကားမှာက မလေးရှားဒါရိုက်တာနဲ့ဆိုတော့ ဘယ်လိုကွဲပြားတဲ့ အတွေ့အကြုံလေးတွေရလဲ။

ဖြေ - မလေးရှားဒါရိုက်တာနဲ့က အရှေ့မှာလည်း ကိုပြေတီဦးနဲ့အတူ တစ်ကားရိုက်ထားပါတယ်။ အခုဒီဇာတ်ကားက ဒုတိယမြောက်ကားပေါ့။ သရဲဇာတ်ကား ပုံစံလေးပါ။ နှစ်ကားရှိပြီဆိုတော့ အခက်အခဲလည်း သိပ်မရှိတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ဆိုတော့ အဆင်ပြေပါတယ်။

 

မေး - အခုရုံတင်တော့မယ့် 'အော်တိုဘုရင်' ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတုန်းက အမှတ်တရတွေကိုလည်း ပြောပြပါဦး။

ဖြေ - အဲဒီဇာတ်ကားက လွန်ခဲ့တဲ့သုံးနှစ်နီးပါးလောက်က ရိုက်ခဲ့တာ။ ရိုက်တုန်းကလည်း တချို့ဒိုင်ယာလော့ခ်တွေက ရပါ့မလားဆိုပြီးဖြစ်တာမျိုးတော့ ရှိတယ်။ ပြီးတော့ကိုယ်တစ်ယောက်တည်း ခေါင်းဆောင်အနေနဲ့ ရိုက်ခွင့် ရတဲ့ပထမဆုံးဇာတ်ကားပေါ့။ အရှေ့မှာတော့ ဇာတ်ကားတွေရှိတယ်။ ဒါပေမဲ့ မင်းသမီးအပြိုင်တွေနဲ့ ရိုက်ဖြစ်တဲ့ဇာတ်ကားတွေပေါ့။ ဒီဇာတ်ကားကတော့ Main အနေနဲ့ ရိုက်ခွင့်ရတယ်။ အခုလို ရိုက်ခွင့်ရတဲ့အတွက် ဆရာဦးညီညီထွန်းလွင်ကိုလည်း ယုံယုံကြည်ကြည်နဲ့ ခေါ်ရိုက်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ ထုတ်လုပ်သူကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားလေးမှာတော့ ဝတ်စုံစားပုံ၊ လေယူလေသိမ်းတွေက နန်းတွင်းပုံစံ ဝတ်တယ်၊ ပြောတယ်ဆိုပေမယ့် ဒိုင်ယာလေ့ာခ်တွေ က ဒီဘက်ခေတ်ဒိုင်ယာလော့ခ်တွေပဲ။ ပြီးတော့ ဒိုင်ယာလော့ခ်တွေကလည်း အခုချိန်ထိ ခေတ်စားနေတဲ့ ဒိုင်ယာလော့ခ်တွေဖြစ်နေတုန်းပဲ။ အကြောင်းအရာ ကအစ အခုချိန်ထိ ကွက်တိဖြစ်နေတုန်းပဲ။ ကိုယ့်ဘာသာ ထင်တုန်းကတော့ အချိန်နည်းနည်းကြာသွားတော့ ရိုးသွားမလားဆိုပြီး ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုပြန်ကြည့်တဲ့အခါ အခုချိန်နဲ့လည်းကွက်တိဖြစ်နေတယ်ပေါ့နော်။ ဝတ်တာစားတာကတော့ ထုတ်လုပ်သူဘက်က အစစအရာရာ ပြင်ဆင်ပေးထားတယ်။ ဘယ်သူက ဘယ်အခန်းဆိုတာမျိုး ဒီဇိုင်နာနဲ့သေချာပြင်ဆင်ပေးထားတာဆိုတော့ အခက်အခဲ သိပ်မရှိဘူး။ ဦးသူရကျတော့လည်း အိချော ကိုးတန်း၊ ၁၀ တန်းတုန်းက ကြော်ငြာတွေစရိုက်တဲ့အချိန်မှာ ကြော်ငြာတွေတွဲပြီး ရိုက်ခဲ့ဖူးတယ်။ တချို့ကြော်ငြာတွေဆိုရင် မထွက်ဖြစ်လိုက်တာတွေတောင်ရှိတယ်ပေါ့နော်။ ဒါကြောင့် ဦးသူရဆိုတာလည်း အိချောရဲ့အနုပညာလောကထဲက ဆရာတွေထဲက တစ်ယောက်ပါ။ သူနဲ့ပြန်ပြီး တွဲဖက်သရုပ်ဆောင်ရမှာဆိုတော့ အမှတ်တရဖြစ်ပါတယ်။

 

မေး - ဒီဇာတ်ကားကိုကြည့်မယ့်ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်လေးတွေရှိရင် ပြောပေးပါဦး။

ဖြေ - ဟာသကားတော့ ဟာသကားပါပဲ။ ဒါပေမဲ့ ဒိုင်ယာလော့ခ်လေးတွေကအစ ထူးခြားတာလေးတွေပါပါတယ်။ ပရိသတ်တွေလည်း ကြည့်ပြီးအားပေးကြပါဦးလို့ ပြောချင်ပါတယ်။

 

မေး - ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးတွေ အများကြီးဆက်တိုက်ရိုက်ခွင့်ရသလို သေချာလေးလည်း ပြင်ဆင်လာတာတွေ့ရတယ်နော်။ အဲဒီအပိုင်းလည်း ပြောပြပေးပါဦး။

ဖြေ - ညီမ ဇာတ်လမ်းတစ်ခုရပြီဆိုရင် ကိုယ်လုပ်ရမယ့် ကာရိုက်တာရဲ့ပုံစံ၊ သူ့ရဲ့စိတ်နေစိတ်ထားကို သေချာလေ့လာရတာပေါ့။ ဝတ္ထုဖတ်ရင်တော့ ပိုသိတယ်။ အက်တင်လေး ဘယ်လိုလုပ်ရမယ်၊ အဝတ်အစား မိတ်ကပ် ဘယ်လို ပြင်ဆင်မယ်ဆိုတာကို ကြိုတင်ပြင်ဆင်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ Scene Serial လေးတွေပဲ ပေးတာများတယ်။ အဲဒါလေးကိုဖတ်ပြီး ဘယ်လို ဝတ်ဆင်စေချင်တယ်ဆိုတာကို ဒါရိုက်တာကိုမေးပြီး ကြိုတင် ပြင်ဆင်ရပါတယ်။ အဝတ်အစားပိုင်းကျတော့ တစ်ကားနဲ့တစ်ကားလည်း မတူချင်ဘူး။ အိချောဝတ်နေကျ  Theme ထဲကလည်း ခွဲမထွက်သွားချင်ဘူး။ အိချောက ရှုပ်ယှက်ခတ်နေတာမျိုးနဲ့ သိပ်မလိုက်ဘူး။ အရမ်းကြီး ဟော့ရှော့ဖြစ်တာမျိုးနဲ့လည်း သိပ်အဆင်မပြေဘူး။ အရမ်းလိုအပ်မှပဲ ဝတ်ဖြစ်တယ်။

 

မေး - ကိုယ်ပိုင် ထုတ်လုပ်ရေးအနေနဲ့ ရိုက်ကူးဖို့ အစီအစဉ်ရောရှိမလား။

ဖြေ - စိတ်ကြိုက် ဇာတ်လမ်းလည်းရှိလာပြီ၊ ကိုယ့်အတွက်လည်းအဆင်ပြေလာပြီ၊ လုပ်နိုင်လောက်တဲ့ အခြေအနေလည်း ရှိလာပြီဆိုရင်တော့ လုပ်ချင်ပါတယ်။ လောလောဆယ်တော့ ကိုယ့်ဘာသာတောင် ကြိုးစားနေဆဲပါ။

 

မေး - ဂျာမန်တေးသံရှင် Mikis နဲ့ရိုက်ဖြစ်မယ့်ဇာတ်ကားကရော ဘယ်လိုထူးထူးခြားခြားလေးဖြစ်မလဲ။

ဖြေ - အဲဒီဇာတ်ကားလေးက အခုဒီဇာတ်ကားပြီးရင် မန္တလေးမှာ သွားရိုက်မယ်။ ဒါရိုက်တာက ဆရာဦးမျိုးဇော်အောင်ပါ။ ပြောထားတာ ငါးလပိုင်း ကတည်းကပါ။ ရိုက်ရက်တွေပြည့်နေတာနဲ့ပဲ ၁၀ လပိုင်းမှ ရိုက်ဖြစ်တာပေါ့။ အိချောက အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ B.A(Actor) နဲ့ ဘွဲ့ရခဲ့တယ်။ ဆရာဦးမျိုးဇော်အောင်နဲ့ ကျောင်းမှာကတည်းက သင်ခဲ့ဖူးတဲ့အခါကျတော့ အိချောက တလေးတစား ဆက်ဆံတယ်။ ဆရာရိုက်မယ့် ဇာတ်ကားမှာ ဆရာက ပါစေချင်တယ်။ အိချောနဲ့လည်း ကာရိုက်တာက အရမ်းလိုက်တယ်ပေါ့နော်။ ဇာတ်လမ်းကလည်း ရိုးရာယဉ်ကျေးမှုနဲ့လည်း ကိုက်ညီတယ်။ မြန်မာ့ရိုးရာ အနုပညာလေးတွေလည်း ပါတယ်။ အိချောက ဒီဇာတ်ကားထဲမှာ Tour Guide ကောင်မလေးအနေနဲ့ သရုပ်ဆောင်ရမှာပါ။

 

မေး - အချစ်ရေးနဲ့ပတ်သက်လို့လည်း ပြောပြပေးပါဦး။

ဖြေ - အချစ်ရေးကတော့ အေးဆေးပါပဲ။ ပရိသတ်တွေကို အသိပေးသင့်တဲ့အချိန်ကျရင် အသိပေးသွားမှာပါ။ အသိပေးဖို့ဆိုတာကလည်း အိချောက လောလောဆယ် အလုပ်တွေကိုပဲ အာရုံစိုက်ထားတဲ့အတွက် အချစ်ရေးကို သေချာ အချိန်မပေးနိုင်သေးလို့ပါ။

 

မေး - ဖြတ်သန်းလာတဲ့ခရီးလမ်းတစ်လျှောက်မှာ လက်ရှိအနေအထားကိုရော ကျေနပ်လား။

ဖြေ - ကိုယ့်အနုပညာအလုပ်ကို လုပ်နေရရင်ကျေနပ်တယ်။ အဲဒီလိုပဲ ခံယူထားတယ်။ ငါတော့ ဒီနေရာကိုရောက်သွားပြီ ဆိုတာမျိုးတော့ ဘယ်တော့မှမစဉ်းစားဘူး။ အမြဲကြိုးစားရဦးမယ်ဆိုတာမျိုးပဲ စိတ်ထဲထည့်ထားတယ်။

 

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင် ပြောပေးပါဦး။

ဖြေ - အခုချိန်ထိ အမာခံအားပေးတဲ့ ပရိသတ်များအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အိချော ရိုက်ထားတဲ့ဇာတ်ကားလေးတွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

 

 

Most Read

Most Recent