ဥရောပသမဂ္ဂ၏ ရဲအေဂျင်စီ (ယူရိုပို) နှင့် SWAT အဖွဲ့များ ပေါင်းစပ်ထားသော ကွန်ရက်တို့အကြား ရရှိခဲ့သည့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်အရ ဥရောပတစ်ဝန်းမှ အကြမ်းဖက်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့များသည် အောက်တိုဘာ ၁၀ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြသည်။
အမေရိကန်တွင် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး ထူထောင်ခဲ့သော Atlas Network of tactical police နှင့် သဘောတူညီချက်က ဥရောပတွင် အကြမ်းဖက်တိုက်ခိုက်မှုများ တစ်သီတစ်တန်း ဖြစ်ပွားခဲ့အပြီး ဥရောပနိုင်ငံသားအားလုံး ဘေးကင်းလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ယူရိုပိုက ထုတ်ပြန်ခဲ့သည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံအပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စ်လန်တို့မှ အထူးရဲတပ်ဖွဲ့များအား ချိတ်ဆက်ထားသော Atlas ကွန်ရက်သည် ထိုသဘောတူညီချက်အရ ယူရိုပိုရုံးချုပ်တွင် အမြဲတမ်း ပူးပေါင်းဆောင်ရွက်ရေးရုံးကို ဖွင့်လှစ်ခဲ့သည်။
ယူရိုပိုရုံးချုပ်တွင် ပြုလုပ်ခဲ့သော ထိုလေ့ကျင့်မှုများကို ရုရှားသူလျှိုလေးဦးအား နယ်သာလန်လုံခြုံရေးများက ဖမ်းမိခဲ့သည့်နေရာမှ ကိုက်ရာဂဏန်းအကွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အိုက်စ်လန်တွင် နိုင်ငံများစွာမှ လက်နက်ကိုင်ရဲများက မြောက်အိုင်ယာလန်သို့ ဦးတည်နေသည့် အကြမ်းဖက်သမားများ၏ သင်္ဘောအဖြစ် ပုံဖော်ထားသည့်သင်္ဘောပေါ်သို့ စီးနင်းမှုကို လေ့ကျင့်ခဲ့ကြသည်။ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ပြန်ပေးဆွဲခံထားရသည့် လေယာဉ်တစ်စင်းကို ရဲများက စီးနင်းသည့် ပုံစံကို လေ့ကျင့်ခဲ့သည်။ ဂျာမနီတွင်မူ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများ ပါဝင်သည့်ဗုံးတစ်လုံးကို တင်ဆောင်လာသည်ဟု ယူဆရသော ရထားတစ်စင်းအား ဟန့်တားထိန်းချုပ်မှုကို လေ့ကျင့်ခဲ့ကြသည်။
ယင်းအချိန်တွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်၌ ယူရိုပိုရုံးချုပ်အပြင်ဘက်တွင် SWAT အဖွဲ့ဝင်များက တိုက်ခိုက်ရေးနည်းဗျူဟာများကို သရုပ်ပြခဲ့ကြသည်။ ဥရောပတွင် အကွက်ချလုပ်ဆောင်သော ရာဇဝတ်မှုများ မြင့်တက်လာနေပြီး အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်မှုကို မြင်တွေ့နေရကြောင်း၊ ယင်းအတွက်ကြောင့် အလွန်အမင်း ထိရောက်မှုရှိသော ဥပဒေစိုးမိုးရေး ဖြေရှင်းနည်းများကို အချိန်ပြည့်ပေးနိုင်ရမည်ဖြစ်ပြီး ယင်းကို စမ်းသပ်ကြည့်ရမည်ဖြစ်ကြောင်း ယူရိုပိုအမှုဆောင်ဒါရိုက်တာ ကက်သရင်းဒီဘိုလီက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်တွင် ဘော်လ်တစ်ပင်လယ်၌ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု ဆန့်ကျင်ရေး လေ့ကျင့်မှုတွင် ဖင်လန်၏ အလျင်အမြန် တုံ့ပြန်ရေး ရဲတပ်ဖွဲ့နှင့် နယ်စပ်အစောင့်တပ်ဖွဲ့တို့ ပါဝင်ခဲ့ကြပြီး ဂျာမနီသင်္ဘောတစ်စင်း ပြန်ပေးဆွဲခံခဲ့ရမှုအား တုံ့ပြန်သည့်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြသည်။ ထိုပြန်ပေးဆွဲမှုအား နှိမ်နင်းသည့် လေ့ကျင့်မှုသည် Atlas Common Challenge ဟု ခေါ်သည့် နှစ်ရက်ကြာမြင့်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုပူးတွဲလေ့ကျင့်မှုတွင် ၂၀၀၁ ခုနှစ်၌ ထူထောင်ခဲ့သော Atlas ကွန်ရက်မှ အဖွဲ့ဝင်စုစုပေါင်း ၃၈ ဦး ပါဝင်ခဲ့ကြသည်။
Atlas Challenge အစီအစဉ်တွင် ဘတ်စ်ကားများနှင့် မြေအောက်ရထားများ ပြန်ပေးဆွဲခံခဲ့ရမှုအပြင် အများပြည်သူဆိုင်ရာနေရာများ၌ တိုက်ခိုက်မှုများအားလုံးကို ပြန်လည်ပုံဖော်၍ နှိမ်နင်းမှုကို လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။














