The Four Band အဖွဲ့ဝင်တေးသံရှင် Jewel နှင့်တွေ့ဆုံခြင်း

The Four Band အဖွဲ့ဝင်တေးသံရှင် Jewel နှင့်တွေ့ဆုံခြင်း
Published 10 October 2017

“Cover Songs ဆိုတဲ့သဘောမျိုးက Original Version နဲ့ ယှဉ်ပြိုင်တာမျိုး မဟုတ်ဘူး။ ကိုယ့်ဘက်က ခံစားမိတဲ့ဘက်ကနေ

ပြန်သီဆိုတာပေါ့လေ။ ကျွန်တော်တို့အတွက်ကတော့ ကိုယ်ခံစားရတဲ့ဘက်ကနေ ဖန်တီးပြီး သီဆိုတာပါ”

 

နိုင်ငံတကာတွင် လမ်းကြောင်းတစ်ခုအဖြစ် အခိုင်အမာ ရှိနေသည့် Cover Songs သီဆိုမှုမှာ မြန်မာနိုင်ငံတွင်လည်း ယခုနှစ်ပိုင်းများတွင် ပရိသတ် လက်ခံလာသည့် အနုပညာ ဖန်တီးမှုတစ်ခုဖြစ်လာပါသည်။ ယင်းကဲ့သို့ ထင်ရှားသည့် တေးသီချင်းများအား Cover Song အဖြစ် ပြန်လည်သီဆိုသည့်အပြင် နိုင်ငံတကာ တေးသီချင်းများကိုလည်း ခံစားမှု အပြည့်အဝထည့်သွင်းကာ ပြန်လည် သီဆို ဖန်တီးတတ်သည့်အဖွဲ့တစ်ဖွဲ့မှာ The Four Music Band ဖြစ်သည်။ အဆိုပါအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ၎င်းသီဆို ဖန်တီးထားသည့် Message တေးသီချင်းဖြင့် ပရိသတ်များ အားပေး ချစ်ခင်မှု ရရှိလာသူတစ်ဦးမှာ တေးသံရှင် Jewel ပင်ဖြစ်သည်။ မကြာမီက ကျင်းပပြီးစီးခဲ့သည့် ရွှေအက်ဖ်အမ် ဂီတဆုပေးပွဲတွင်လည်း ပရိသတ်တောင်းဆိုမှု အများဆုံးဆုကို ရရှိခဲ့သည့် အမျိုးသမီးတေးသံရှင်တစ်ဦးဖြစ်ပြီး တေးသံရှင်တင်ဇာမော်၏ ဂီတဖျော်ဖြေပွဲတွင်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ထားသည်ကို တွေ့မြင်ခဲ့ရသည်။ တေးသံရှင် Jewel  နှင့်တွေ့ဆုံဖြစ်သည့်အခိုက် Message တေးသီချင်း ဖန်တီးခဲ့သည့် အမှတ်တရများ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် ဂီတ အနုပညာလှုပ်ရှားမှုများ၊ The Four Band အနေဖြင့် လုပ်ဆောင်သွားမည့် ဂီတလုပ်ငန်းများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

 

မေး     -         ရွှေအက်ဖ်အမ် ဂီတဆုပေးပွဲမှာ ညီမရဲ့သီချင်းလေး ဆုရသွားတဲ့ခံစားချက်လေး အရင်ပြောပြပေးပါဦး။

ဖြေ      -         ကျွန်တော့်သီချင်းက ဆုရမယ်လို့တော့ မျှော်လင့်မထားပါဘူး။ အဲဒီနေ့ကပွဲကိုလည်း ဒီအတိုင်းပဲ သွားခဲ့တာပေါ့နော်။ တကယ်တမ်း ဆုရတယ်ဆိုပြီး ကြေညာလိုက်တဲ့အခါမှာတော့ တော်တော်လေးကို ဝမ်းသာကြည်နူးရပါတယ်။

 

မေး     -         Message ဆိုတဲ့သီချင်းက သီချင်းအနေနဲ့ပေါက်ခဲ့သလို Music Video အဖြစ်လည်း ပရိသတ်တွေကြားထဲ ပျံ့နှံ့ခဲ့တော့ အဲဒီသီချင်းလေး ဖန်တီးခဲ့တဲ့အမှတ်တရတွေ ပြောပြပေးပါဦး။

ဖြေ      -         အမှတ်တရတွေနဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ အမှတ်တရကတော့ သီချင်းလေးတင်ဖြစ်တဲ့နေ့က ဗယ်လင်တိုင်းနေ့လေးဖြစ်တော့ အမှတ်တရဖြစ်ရတယ်။ ရိုက်ကူးတုန်းကလည်း မအားလပ်ကြတဲ့ကြားထဲက အားလုံးက အချိန်ပေးပြီး ရိုက်ပေးကြတယ်။ ပရိသတ်တွေကလည်း ကြိုက်တယ်ဆိုတော့ ဝမ်းသာရပါတယ်။

 

မေး     -         ဂီတလောကထဲကိုက ဘယ်လိုစပြီးရောက်လာဖြစ်တာလဲ။ The Four Band အနေနဲ့ စတင်လှုပ်ရှား ဖြစ်ခဲ့တာလား။

ဖြေ      -         ကျွန်တော်က မယ်လိုဒီဝေါလ် ၂၀၁၂ မှာ ဒုတိယဆု ရခဲ့ပါတယ်။ ၂၀၁၀ တုန်းက Myanmar Superstar Singing Contest မှာလည်း ဝင်ပြိုင်ခဲ့ဖူးတယ်။ အဲဒီမှာက Top 10 ထဲမှာ ဝင်ခဲ့တယ်ပေါ့နော်။ ၂၀၁၄ မှာမှ The Four Music Band အနေနဲ့ Cover Songs လေးတွေ ဆိုဖြစ်တယ်။ Myanmar's Got Talent မှာလည်း Hangover အဖွဲ့အနေနဲ့ ပါဝင်ခဲ့ဖူးတယ်။ ဂီတနဲ့ပတ်သက်ပြီး အရမ်း ဝါသနာပါတဲ့အခါကျတော့ ကိုယ်လုပ်လို့ရသလောက်တော့ ကြိုးစားပြီး လုပ်ဖြစ်တယ်ပေါ့နော်။ သေချာ ထဲထဲဝင်ဝင်လုပ်ဖြစ်တာကတော့ မယ်လိုဒီဝေါလ်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးနောက်ပိုင်း ဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကလည်း ဂီတလောကထဲ ရောက်ရှိဖို့ လှေကားထစ်တွေလို့ ပြောလို့ရပါတယ်။

 

မေး     -         The Four Band & JU Cover သီချင်းတွေကို ပရိသတ်တွေက ကြိုက်ကြတယ်နော်။ ညီမတို့အဖွဲ့အနေနဲ့ ဂီတဖန်တီးမှုတွေ လုပ်တဲ့အခါ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်ဖြစ်လဲ။

ဖြေ    -       ကျွန်တော်တို့ အဲဒီအဖွဲ့အနေနဲ့ က သူငယ်ချင်းမင်္ဂလာဆောင် တစ်ခုမှာ Unplugged  လေး ဆိုစေချင်တယ်ဆိုတဲ့အခါ အားလုံးက ဂီတမိတ်က ကျောင်းသားတွေပဲဖြစ်တော့ အားလုံးပေါင်းပြီး လုပ်ဖြစ်သွားတာ။ အဲဒီကနေမှ ကျွန်တော်တို့အားလုံးပေါင်းပြီး Cover Songs လေးတွေဆိုတဲ့၊ နိုင်ငံတကာက သီချင်းတွေ ပြန်ဆိုဖြစ်တဲ့အဖွဲ့လေးတစ်ဖွဲ့အနေနဲ့ ရပ်တည်ခဲ့တာပါ။

 

မေး     -         The Four Band ရဲ့ဂီတလမ်းကြောင်းပေါ်သွားဖို့ ရည်မှန်းထားတဲ့ ခရီးလမ်းကိုလည်း ပြောပြပေးပါဦး။

ဖြေ      -         အများကြီး အခက်အခဲတွေ ရှိပါတယ်။ Cover Songs တွေ စဆိုတုန်းကဆိုလည်း ရင်းနှီးတဲ့ ပရိသတ်တွေရှိသလို မရင်းနှီးတဲ့ပရိသတ်တွေကလည်း ဝေဖန်တာတွေ ရှိတယ်။ ကျွန်တော်တို့ Cover ပြန်ဆိုတဲ့ သီချင်းတွေဆိုတာလည်း ငယ်ငယ်ကတည်းက အရမ်းကြိုက်ပြီး စွဲလန်းခဲ့ရတဲ့ သီချင်းတွေပေါ့။ အခုလိုအောင်မြင်ပြီးသား သီချင်းတွေကို ကျွန်တော်တို့ ကိုယ်ပိုင်ဟန်နဲ့ ပြန်ဆိုတဲ့အခါ မူရင်းသီချင်းလည်း တစ်ခုခုဖြစ်မသွားအောင် သတိထားရတယ်။ ကိုယ်ပိုင်ဖန်တီးမှုလည်း ပါဝင်အောင် ကြိုးစားရတာပေါ့။

 

မေး     -         နိုင်ငံတကာမှာလည်း Cover Songs တွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်ပြီးဖန်တီးကြတာကို ပရိသတ်တွေ လက်ခံကြတယ်။ မြန်မာနိုင်ငံမှာဆိုရင်ရော ဘယ်အနေအထားလောက်အထိ လက်ခံပြီလို့ ပြောလို့ရမလဲ။

ဖြေ      -         Cover Songs ဆိုတဲ့သဘောမျိုးက Original Version နဲ့ ယှဉ်ပြိုင်တာမျိုး မဟုတ်ဘူး။ ကိုယ့်ဘက်က ခံစားမိတဲ့ဘက်ကနေ ပြန်သီဆိုတာပေါ့လေ။ ကျွန်တော်တို့အတွက်ကတော့ ကိုယ်ခံစားရတဲ့ဘက်ကနေ ဖန်တီးပြီး သီဆိုတာပါ။ တချို့ကျတော့လည်း နားလည်တယ်။ တချို့ကျတော့လည်း ယှဉ်ပြီးကြည့်တာမျိုးတွေ ရှိတယ်။ အဲဒီကြားထဲကနေပဲ စဉ်းစားပြီး ဖန်တီးရပါတယ်။

 

မေး     -         တစ်ယောက်တည်း အနုပညာလှုပ်ရှားမှုအနေနဲ့လည်း ဘယ်လိုဂီတဖန်တီးမှုတွေ ဆက်လုပ်ဖြစ်ဖို့ရှိမလဲ။

ဖြေ      -         ကျွန်တော့် တစ်ကိုယ်တော်ခွေလေးလည်း လုပ်နေတာရှိတယ်။ The Four အနေနဲ့လည်း Own Tune လေးတွေ လုပ်ဖြစ်နေတာရှိပါတယ်။

 

မေး     -         နောက်ပိုင်းကိုရော The Four Band အနေနဲ့ ပိုပြီး ဆက်လှုပ်ရှားဖြစ်မလား။ တစ်ယောက်တည်း အနုပညာ လှုပ်ရှားမှုတွေ ပိုလုပ်ဖြစ်မလား။

ဖြေ      -         အခုချိန်ထိတော့ အဲဒီအတိုင်းပါပဲ။ The Four အနေနဲ့ သီချင်းတွေဆိုဖြစ်မှာ ဖြစ်သလို တစ်ယောက်တည်းအနေနဲ့လည်း ဂီတအလုပ်တွေ လုပ်ဖြစ်နေမှာပါ။

 

မေး     -         ဖျော်ဖြေရေးတွေကိုလည်း The Four Band အနေနဲ့ ပုံမှန်လုပ်သလို ပရိသတ်တွေလည်း အားပေးတာမျိုးတွေ ရှိနေတော့ ရှိုးတစ်ခု သီးသန့်လုပ်တာမျိုး လုပ်ဖို့ရှိမလား။

ဖြေ      -         တိုင်ပင်နေတာတော့ ရှိပါတယ်။ ဘယ်တော့လောက် အကောင်အထည်ပေါ်လာမလဲ ဆိုတာတော့ မသိသေးဘူး။ ကြိုးစားပြီး စီစဉ်သွားမှာပါ။

 

မေး     -         အဖွဲ့အနေနဲ့ရော အခွေထုတ်ဖို့ အစီအစဉ် ရှိဦးမလား။

ဖြေ      -         အဲဒီအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ဒီအဖွဲ့မှာပါဝင်တဲ့ အစ်ကိုတွေက နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာ ရှေ့နှစ်လောက်ဆိုရင်တော့ ပြီးပါပြီ။ ဒီကြားထဲ ဘယ်အချိန်လောက် အားလုံးပြီးစီးပြီး အကောင်အထည် ပေါ်လာမယ်ဆိုတာ မသိသေးလို့ပါ။ အတတ်နိုင်ဆုံးတော့ ဒီအခွေလေးကိုလည်း ကြိုးစားပြီး လုပ်ဆောင်သွားပါမယ်။

 

မေး     -         မတင်ဇာမော်ပွဲမှာလည်း ပါဝင်ကူညီပေးခဲ့တာ တွေ့ရတယ်လေ။ အဲဒီပွဲမှာ ပါဝင်ခွင့်ရတဲ့ အမှတ်တရလေးတွေလည်း ပြောပြပါဦး။

ဖြေ      -         အများကြီးပျော်ပါတယ်။ အခုလို ကိုယ်ငယ်ငယ်ကတည်းက လေးစားခဲ့ရတဲ့၊ အားကျခဲ့ရတဲ့ အဆိုတော်တစ်ယောက်နဲ့ အတူတွဲဖက်ပြီး ဖျော်ဖြေခွင့်ရမယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။ အစ်မက အရမ်းလည်း သဘောကောင်းတယ်။ လက်တွဲခေါ်ယူတာလည်း လုပ်တယ်ဆိုတော့ အရမ်းလည်းပျော်ပါတယ်။

 

မေး -           ဂီတဖြတ်သန်းမှုခရီးလမ်းမှာ ပရိသတ်တွေ အားပေးတဲ့နေရာတစ်ခုကို တဖြည်းဖြည်းချင်း ရောက်လာပြီဆိုတော့ စိတ်ကျေနပ်မှုရှိလား။

ဖြေ - ကျေနပ်မှုရှိပါတယ်။ အရင်ကတည်းကလည်း ဝါသနာပါတယ်။ ငယ်ငယ်ကတည်းကလည်း သီချင်းတွေဆိုတယ်။ ပြိုင်တယ်။ ကိုယ်ရတဲ့နေရာမှာပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ အများကြီး မျှော်လင့်တယ်ဆိုတာထက် ရတဲ့ရောက်တဲ့ နေရာလေးမှာ သီချင်းတွေ ဆိုနေရတာကိုပဲ ပျော်ပါတယ်။ အဲဒါကြောင့် ကျေနပ်ပါတယ်။

 

မေး -           လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ - လတ်တလောမှာ Single Song တစ်ပုဒ် လုပ်နေပါတယ်။ Message သီချင်းလေးကိုရေးပေးတဲ့ တေးရေးပါပဲ။ အဲဒါလေး ထွက်ဖို့ရှိမယ်။ The Four Band အနေနဲ့ ဖျော်ဖြေရေးတွေ ရှိနေပါတယ်။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

 

မေး -        ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်လေးများရှိရင် ပြောပြပါဦး။

ဖြေ - ပရိသတ်တွေအားလုံး ကျန်းမာရွှင်လန်းကြပါစေ။ ညီမတို့ကိုလည်း အားပေးချစ်ခင်နိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်။

Most Read

Most Recent