နေရောင်အောက်က မြို့ကလေး

နေရောင်အောက်က မြို့ကလေး
ကောလင်းမြို့အရှေ့ဘက်၌ ရွှေတူးကြသူများကို တွေ့ရစဉ် (Photo : Youtube)
ကောလင်းမြို့အရှေ့ဘက်၌ ရွှေတူးကြသူများကို တွေ့ရစဉ် (Photo : Youtube)
Published 2 July 2019
လင်းသက်ငြိမ်

ဤနှစ်နွေ အတော်ပူသည်။ ထိုစကား သည် အမှန်တရားတစ်ခုဖြစ်သော်လည်း လွန်ခဲ့သောနှစ်များကပင် ကျွန်တော်တို့ ထိုအတိုင်း ညည်းတွားပြောဆိုခဲ့ကြပြီးဖြစ်ပါသည်။ နွေရာသီကို ကျော်လွန်၍အခြားရာသီဘက် သို့ ရွေ့လျားသွားသည့်အခါ ကျွန်တော်တို့ အားလုံး နွေရာသီ၏အပူလှိုင်းများနှင့် သစ်ပင်များကို အရေးတကြီး လိုအပ်နေကြောင်း ကိုပါ မေ့လျော့သွားခဲ့ကြလေတော့သည်။ လူသည် မေ့ပျောက်လွယ်၊ ညည်းတွားလွယ်သည့် သတ္တဝါပင်ဖြစ်၏။ သင်္ကြန်မတိုင်မီကတည်း က ပေါ်မလာခဲ့သည့် မိုးသည် ယခုအချိန်ထိ ကောင်းစွာ ရွာသွန်းခြင်းမရှိသေးပါ။ ကောင်း စွာဆိုသည့်စကားကိုရှေ့ကထားပြီး အသုံးပြု ရခြင်းမှာ ပြီးခဲ့သည့်လနှင့် ယခုလ ကြားထဲ ရွာ သည်ဟု နာမည်ခံရုံမျှ တစ်ပြောက် နှစ်ပြောက် အပြေးအလွှား ကျဆင်းသည့် မိုးစက်ပေါက် များ အနည်းငယ် ရှိခဲ့သေး၍ပင်ဖြစ်သည်။

နေရောင်အောက်ကမြို့ကလေးထဲ နေထိုင်ရင်း သဘာဝတရား၏အချက်ပေးခေါင်း လောင်းသံများ ကျယ်လောင် ပြင်းထန်စွာ  မြည်ဟည်း နေကြသည်ဟု ကျွန်တော် ခံစား နေရသည်။ ပူပြင်းခြောက်သွေ့သော မြို့လမ်း များပေါ်တွင် ယာဉ်နှင့်လူများ ဝတ္တရားမပျက် ရွေ့လျားနေသည့်မြင်ကွင်းကိုကြည့်ငေးရင်း ခပ်သုတ်သုတ် ကူးသန်းသွားလာနေကြသည့် လူများကို လောင်စာများအဖြစ် ထင်ယောင် မှားမိ၏။ ကျွန်တော် နေထိုင်နေသည့်မြို့သည် ပွန်ပေမြို့ကြီး မဟုတ်မှန်းကို ကျွန်တော် ကောင်းကောင်းသိပါသည်။ မီးလောင်ပြင်များမှ ဖြတ် သန်းလာခဲ့ပုံရသည့် လေသည် တိုးတိုက်မိ သမျှ အရာဝတ္ထုအားလုံးကို သူ၏ပူလောင် သည့် လက်ကြမ်းကြီးနှင့် ဆုပ်ခြေနေ၏။ မြို့၏နေ့လည်ခင်းသည် ရွက်ကြွေများ၊ ကြွပ်ကြွပ် အိတ်ခွံများ၊ မဖြစ်မနေ လှုပ်ရှားသွားလာနေရ သည့် အခြေခံလူတန်းစားများနှင့် ပူလောင်စွာ ငြီးငြီးငွေ့ငွေ့ စီးဆင်း၍နေသည်။

ဤမြို့ကလေးသည်ကျွန်တော့်မြို့ဖြစ်သည်။ နှစ်များစွာခွဲခွာနေခဲ့ရပြီး ပြန်လည်ခိုဝင်နေရသည့် ကျွန်တော့်ဇာတိမြို့ဖြစ်သည်။ ကျွန်တော့်မြို့ကလေးဆီ ကျွန်တော် ပြန်လည် ရောက်ရှိခဲ့သည်မှာ နှစ်နှစ်ကျော်ကျော်မျှသာ ရှိသေးသည်။ ဤနှစ်နှစ်အတောအတွင်းမှာ ပင် မြို့ကလေး၏ရာသီဥတုက အတည်တကျ  မရှိ ၊ မျက်နှာများ၍နေသည်။ အပြောင်းအလဲ မြန်နေသည်။ တိုးတက်ကောင်းမွန်သော အ ပြောင်းအလဲတော့မဟုတ်။ ဆိုးရွားဖောက်ပြန် သော၊ မတည်ငြိမ်သော အပြောင်းအလဲသာ ဖြစ်၏။ တစ်နှစ်ထက် တစ်နှစ် ပိုမို ရင့်မှည့် လာသည့် နွေရာသီ၏ ချောက်ချားဖွယ် အလျှံတငြီးငြီး တောက်လောင်မှုက ထင်ရှား သည့်  အနုတ်လက္ခဏာပင်ဖြစ်သည်။

ရာသီဥတု ဖောက်လွဲဖောက်ပြန်ရှိ နေသလို၊ လူတို့၏ပြုမူနေထိုင်ပုံများလည်း ယခင် နှင့် မတူဘဲ ပြောင်းလဲနေသည်ဟု ထင်ရသည်။ ရာသီဥတုနှင့် လူ့စရိုက်သည် တိုက်ရိုက် ဆက်သွယ်၍နေသည်လား။ မြို့ကလေး မှ လူများ၏ အကျင့်စရိုက်အရွေ့အပြောင်း ကို ပြီးခဲ့သည့် သင်္ကြန်ကာလတစ်ခုတည်း နှင့်ပင် အပေါ်ယံသဘော သုံးသပ်ကြည့်၍ရ မည်ထင်ပါသည်။နာရီပိုင်းမျှခြားသည့် ရန်ပွဲ၊ ရိုက်ပွဲများ။ ယိမ်းထိုးနေသည့်ခြေလှမ်းများနှင့် ဆံပင်ရောင်စုံမိန်းမများ။ ဘီယာဆိုင် မြင်ကွင်းများ။ အရက်ပုလင်းခွံများ။ ၎င်းင်းအပြင် ကျွန်တော်တို့ငယ်ငယ်က နားစိမ်းသည့် ပြည့်တန်ဆာလုပ်ငန်းများကလည်း နားနှင့် မဆံ့အောင် ကြားနေရသည်။ မူးယစ်ဆေး သတင်းများကလည်း တရစပ် ပျံ့လွင့်လျက်။ အကျင့်ပျက်ခြစားဝန်ထမ်းများနှင့် ဗန်းပြ ပရဟိတသမားများ၊ တစ်ပါတီတည်းက လူ အချင်းချင်း အစေးမကပ်၊ မသင့်မမြတ် အစိပ် စိပ်ကွဲနေပြားမှုများကလည်း အနံ့ထောင်း ထောင်းထ၍နေလေသည်။ ရသမျှ အိတ်ထဲ ထိုးထည့်ပြီး မြို့၏ကယ်တင်ရှင်အဖြစ် နာမည် ယူချင်သူများကလည်း လောက်များလို ရွစိ ထိုးနေကြ၏။

မြင်ရ၊ ကြားရသမျှ ဤမြို့ကလေးကို မြို့ ကလေးအဖြစ်မှ ဆုတ်ခွာဆွဲဖြဲနေသည့် သတင်းစကားများ ဖြစ်၍နေလေတော့သည်။ မြို့ကလေးသည် ယခင်ကမြို့ကလေးနှင့် မတူ တော့ဘဲ အစီးမြန်သည့်ခေတ်ကြီးထဲ ပေါ လောမျောနေသည်ဟု ကျွန်တော် ခံစားရ သည်။ “မဟုတ်ဘူး၊ ငါ့မြို့ကလေးက ဒီလိုမဟုတ်ဘူး။ ရိုးသားတဲ့လူတွေနဲ့ ခင်မင်စရာ ကောင်းတဲ့ ဒေသသံဝဲဝဲနဲ့ ရာသီပေါ်သီးနှံနဲ့ ဆန်စပါးနဲ့ ကောင်းရောင်းကောင်းဝယ်နဲ့ ငါ့ မြို့ကလေးရဲ့ နေထိုင်မှုဟာ အခုလို ရှုပ်ထွေး ကောက်ကွေ့မနေခဲ့ဘူး”။ ကျွန်တော့်ချစ်စိတ် နှင့်နှလုံးသားထဲက မည်သို့ပင် ဆင်ခြေကန် ငြင်းဆန်နေသော်လည်း အမှန်တရားက တော့ အဖြစ်ထက် အပျက်ပိုများသည့် ကကွက်မျိုးစုံနှင့် မြို့ကလေးသည် ကြိုးရှုပ်၍ နေလေပြီ။

သစ်ကြီးဝါးကြီးများ ရှားပါးလာခြင်း၊ တောများတောင်များ ကွယ်ပပျက်စီးသွားခြင်း နှင့် ကျောက်လုပ်ကွက်၊ ရွှေလုပ်ကွက်များ ကြောင့် ချောင်းမြောင်းများ ကောသွား ပျက် သွားခြင်းသည် ရာသီဥတုဖောက်ပြန်မှု၏အ ဓိကပင်မအကြောင်းတရားများ ဖြစ်ကြောင်း ကို စာအုပ်များထဲ၊ ဟောပြောပွဲများထဲ ကျွန် တော် ဖတ်ခဲ့မှတ်ခဲ့ဖူးပါသည်။ သစ်လုံးကား ကြီးများ၊ ဘက်ဟိုးကားကြီးများ၊ ကုန်တင်ကား ကြီးငယ်များနှင့် မျက်နှာစိမ်းဧည့်သည်များအဝင်အထွက်နည်းသွားပြီးနောက် ကျွန်တော့် မြို့ကလေးသည် ဖောက်ပြန်သော ရာသီဥတု နှင့် ပျက်စီးတိမ်ကောသွားသည့် ချောင်း၊ မြောင်းများကိုသာ ပွေ့ပိုက်ပြီး ကျန်နေရစ် ခဲ့၏။ ပို၍ရင်နာစရာကောင်းသည်က ရွှေလုပ် ကွက်များ စွန့်ခွာသွားပြီးနောက် စာရိတ္တ နိမ့်ပါးသော၊ အလုပ်လုပ်ချင်စိတ်ကင်းသော၊ မူးယစ်ဆေးသားကောင် လူငယ်မျိုးဆက်များ တင်ကျန်နေရစ်ခဲ့ခြင်းပင်ဖြစ်သည်။ စိုက်ပျိုး ၍မရနိုင်တော့သည့် လယ်မြေများ၊ ခြောက်သ ယောင်းနေသည့် တောတောင်များနှင့် အဝါ ရောင်စွန့်ပစ်ရေစပ်စပ်၌ သောင်ခုံများ ထောင် ထနေသည့် ချောင်းများသည် သုသာန်တစ ပြင်လို ချောက်ချားဖွယ်သက်မဲ့နေ၏။ မြို့ကလေး၏အနီးတစ်ဝိုက်မှ ပရိဒေဝလှိုင်းဂယက် သည်  မြို့ကလေးကို နေ့စဉ်နှင့်အမျှ လာ ရောက်ရိုက်ခတ်နေမည်မှာ သေချာသည်။

ဥတုရာသီ တောကိုမှီ စသည့် အစိမ်း ရောင်ဆိုင်းဘုတ်များကတော့ ပြက်လုံးများလို ဟောင်းနွမ်းညစ်ထေးစွာ ကျန်နေပါသေး သည်။ သို့သော် ဥတုရာသီအတွက် မှီစရာ တောကား မရှိတော့ချေ။ တစ်ချိန်တုန်းက မြို့ကလေး၏ပတ်လည်တစ်ခိုမှာ စိမ်းစိုဖွံ့ ထွားသော တောတန်းများနှင့် ညို့ညို့မှိုင်းမှိုင်း တောင်တန်းများ ရှိခဲ့သည်ဟုပြောလျှင် ဒဏ္ဍာ ရီသဖွယ်၊ ယုံတမ်းစကားသက်သက်ဟုသာ လက်ရှိမျိုးဆက်များက ထင်မြင်ယူဆနေကြ ပေလိမ့်မည်။ မိမိ စိုက်ပျိုးခဲ့သမျှကို မိမိသာရိတ်သိမ်းရမည်ဆိုသည့်စကားသည် ဤအ ရပ်တွင်ကား ဟာသတစ်ခု ဖြစ်နေပေမည်။ ရိတ်သိမ်းသူများ စွန့်ခွာသွားပြီးနောက် တန် ပြန်ရိုက်ခတ်လာသော ဘေးဒုက္ခများကို ပွေ့ ပိုက်ခံယူနေကြရသောကြောင့်ပင် ဖြစ်သည်။ဥသြမတွန်၊ ကျေးငှက်မမြူးသည့်နွေသည် ပြစ်ဒဏ်ခတ်နေသလို နေရောင်ခြည်များကို သွန်ချနေ၏။ ပူလောင်မှုသည် အလျှံတငြီးငြီး။ အိမ်ထဲမှ ပစ္စည်းပစ္စယတစ်ခုခုကို ကောက် ကိုင်လိုက်သည်နှင့်ပင် အပူရှိန်ကို ထိတွေ့နေ ရသည်။ အိမ်ခေါင်မိုးမှာ အသိုက်ဆောက်၍  နေကြသည့် စာကလေးများပင် အပူဒဏ် ကြောင့် ထင်သည်။ မကြာခဏ ပြုတ်ကျ သေ ဆုံးနေကြ၏။ ယခင်နှစ်များက ပူသည်ဆို သော်လည်း အိမ်အောက်ထပ် ဆင်း၍ နေနိုင်  ကြသေးသည်။ ယခုနှစ်ကျ အိမ်အောက်ထပ် ကိုပင် အပူရှိန်က လာဟပ်နေသည်။ ကြမ်းပြင် နှင့် ခုံများပင် ပူလောင်ကြွပ်ရွ၍ နေလျှင် လမ်း များပေါ်မှာ မည်သို့ရှိမည်နည်းဟု တွေးစရာ ပင် လိုမည်မထင်ပေ။ မီးရေး၊ ထင်းရေးဆို မည်သို့မည်ပုံ လုပ်ကိုင်ကြရမည်နည်း။ ကျွန် တော့်မြို့ကလေး၏ ဖြစ်ပျက်နေပုံသည် မီးဖို ပေါ်တင်ထားသည့် သေတ္တာတစ်လုံးထဲ လှောင် ပိတ်ခံထားရသည်နှင့် တူနေလေတော့သည်။

ခြောက်သယောင်းတိတ်ဆိတ်နေသည့် မြို့၏ လမ်းမများသည် စစ်ပြီးစ ကာလလို ချောက်ချားဖွယ်အတိ။ တစ်နေရာမှ တစ်နေ ရာသို့ မဖြစ်မနေ သွားလာရသည့်အခါ အ ပေါ်က ပူ၊ အောက်က ပူနှင့် ပေါင်းအိုးထဲ ကူး သန်းနေရသလိုဖြစ်နေသည်။ ပူနွေးသော လေထုသည် ဗိုင်းရပ်စ်များ အပြည့်သယ်  ဆောင်လာခဲ့သည့်နှယ် တစ်ချက်တစ်ချက် ကမူးရှူးထိုး ပြေးဝင်လာသည်။ ငယ်ငယ်က နေထိုင်ဖြတ်သန်းခဲ့ရသည့် ပုံရိပ်များကို ပြန် လည်တွေးတောမိသည့်အခါ မြို့ကလေး၏ပစ္စက္ခအခြေအနေများက ဟားတိုက်လှောင် ပြောင်နေကြ၏။ နောင်လာမည့် နွေရာသီ သည် ယခုထက် ပိုမိုဆိုးရွားခါးသီးသည့် အရသာကို ပေးမည်ဆိုသည်ကို ကျွန်တော် ခံစားသိရှိနေပါသည်။ ယိုယွင်းပျက်စီးနေ သည့် ဂေဟစနစ်နှင့် စည်းကမ်းမဲ့လောဘ ဇောတိုက်သယံဇာတတူးဖော်မှုများ၏နောက် ဆက်တွဲအရသာသည် မည်သည့်နည်းနှင့်မျှ ချိုမြိန်နိုင်မည်မဟုတ်ပေ။ ပြင်ဆင်ရန်၊ ထိန်း သိမ်းရန်ဆိုသည်ကလည်း အိပ်မက်မက်၍ ပင် မဖြစ်နိုင်သည့် အခြေအနေ မဟုတ်ပါ လား။

နွေနေ့လယ်ခင်းထဲ ချွေးတလုံးလုံးနှင့် ဖတ်လက်စစာအုပ်ထဲမှ စာသားတစ်ခုကို ဖေ့စ် ဘုတ်ပေါ်တင်မိသည်။ ဦးအောင်မိုး (ပါဠိပါ ရဂူ) ရေးသည့် ‘ရသဂုဏ်ဆောင်းပါးများ’ထဲက စာပိုဒ်တစ်ပိုဒ်ဖြစ်၏။ “အဓိဋ္ဌာန်”  “ထို သီရိသင်္ဃဗောဓိမင်းကား အကျင့်သီတင်း ပြည့်စုံစွာသည်ဖြစ်၍ ကျွန်းပြင်အလုံး မိုးခေါင် လတ်သောအခါ ငါ  မမျောဘဲ မထဟူ၍ ရတ နာစေတီရင်ပြင်၌ ဝပ်လေ၏။ မိမိကိုယ်ကိုယ် အသေဆောက်တည်၍ ဝပ်ဘိရကား မင်း၏ တန်ခိုးဖြင့် မျောလောက်အောင် မိုးရွာပေ၏” နွေခေါင်ခေါင်ထဲ ဖတ်ရင်းက စိတ်ထဲ ကြည်နူး သလိုဖြစ်မိ၍ ဖေ့စ်ဘုတ်ပေါ် ရေးတင်လိုက် ခြင်းပင်ဖြစ်သည်။ ခဏချင်းမှာပင် တစ်ဦးဦး က မှတ်ချက်ဝင်ရေးနေသည်ကို တွေ့ရ၍ ဝင်ဖတ်ရာ “မင်းရေးတဲ့ မင်းမျိုးက စာအုပ်ထဲ မှာပဲ ရှိတာပါကွာ”ဟူသည့် မိတ်ဆွေတစ်ဦး၏စာသားကို ကျွန်တော် ဖတ်လိုက်ရလေ၏။