လိုက်ပ်ဇစ်ကို ဂိုးပြတ်အနိုင်ယူပြီး ဂျာမန်ဖလားကို (၁၉) ကြိမ်မြောက် ရယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်

လိုက်ပ်ဇစ်ကို ဂိုးပြတ်အနိုင်ယူပြီး ဂျာမန်ဖလားကို (၁၉) ကြိမ်မြောက် ရယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်
Photos: AFP & Daily Mail
Photos: AFP & Daily Mail
Published 26 May 2019

■ လိုက်ပ်ဇ် ၀-၃ ဘိုင်ယန်မြူးနစ်

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို (၃) ဂိုးပြတ် အနိုင်ယူပြီး ဂျာမန်ဖလားကို စံချိန်တင် (၁၉) ကြိမ်မြောက်ရယူသွားခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ၄-၄-၂ ပုံစံမှာ ဗာနာနဲ့ ပေါလ်ဆင်ကို တိုက်စစ်မှာတွဲပေးပြီး ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ကတော့ လီဝန်ဒေါစကီးအထောင်ထားကာ တောင်ပံနှစ်ဖက်မှာတော့ နာဘရီ၊ ကိုးမန်းတို့ကို အသုံးပြုခဲ့ပြီး မူလာကို နောက်ချန်တိုက်စစ်မှာ ကစားစေခဲ့ကာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂိုးသမား နော်ယာ ပွဲထွက်ကစားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစကတည်းက ပွဲကို ထိန်းချုပ်ကာ လိုက်ပ်ဇစ်အသင်းကို ဖိကစားပေးကစားနိုင်ခဲ့ပါတယ်။ ဖိကစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ 

လိုက်ပ်ဇစ်အသင်းကတော့ ဘိုင်ယန်မြူးနစ်ဘက်ကို တန်ပြန်တိုက်စစ်တွေကနေ ဒုက္ခပေးဖို့ ကြိုးစားခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် (၂၉) မိနစ်မှာ ရရှိခဲ့ပါတယ်။ လှပတဲ့ တွဲလုံးတွေကနေ အလာဘာ ဖြတ်တင်ပေးတာကို လီဝန်ဒေါစကီးက ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။

အဲဒီနောက်မှာလည်း ဘိုင်ယန်မြူးနစ်တို့ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် မူလာ၊ နာဘရီတို့ အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက (၁-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘိုင်ယန်မြူးနစ်အသင်းကပဲ ဖိကစားခဲ့ပါတယ်။ လိုက်ပ်ဇစ်ကတော့ ကွင်းလယ်ပိုင်းမှာ ဘိုင်ယန်ကိုမယှဉ်နိုင်ခဲ့တာကြောင့် အခက်တွေ့ခဲ့ရသလို ရရှိလာတဲ့ အခွင့်အရေးတချို့ကိုလည်း ဗာနာနဲ့ ပေါလ်ဆင်တို့ အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

တိုလစ်ဆိုနဲ့ ရော်ဘင်တို့ ဝင်လာပြီးနောက်မှာ ဘိုင်ယန်မြူးနစ်အသင်းကစားပုံဟာ ပိုကောင်းလာခဲ့ပြီး အခွင့်အရေးတွေလည်း ပိုကောင်းလာခဲ့ပါတယ်။ ပွဲချိန်(၇၈) မိနစ်မှာတော့ ဒီနေ့ပွဲမှာ လိုက်ပ်ဇစ်အသင်းရဲ့ ခံစစ်ကို အကြိမ်ကြိမ်ဒုက္ခပေးနေတဲ့ ကိုးမန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။

(၂) ဂိုးပြတ်ရှုံးနေတဲ့ လိုက်ပ်ဇစ်အသင်းဟာ တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်ဂိုးသမားနဲ့ နောက်တန်းတို့က အကောင်းဆုံးထိန်းနိုင်ခဲ့တဲ့အပြင် ပွဲချိန် (၈၅) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ကင်မစ်ချ် ဖန်တီးပေးတာကို လီဝန်ဒေါစကီးက လိုက်ပ်ဇစ်နောက်ခံလူတွေနဲ့ အပြိုင်ပြေးပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းပြီး ဘိုင်ယန်မြူးနစ်အတွက် တတိယဂိုးကို ရယူခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲကို ထိန်းကစားပြီး လိုက်ပ်ဇစ် (၃-၀) ဂိုးနဲ့ အနိုင်ယူကာ ၂၀၁၈-၁၉ ရာသီကို ပြည်တွင်းဖလား (၂) လုံးနဲ့ လှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်။