ခွေးလေခွေးလွင့်ပြဿနာ အမြန်ဖြေရှင်းပေးပါ

ခွေးလေခွေးလွင့်ပြဿနာ အမြန်ဖြေရှင်းပေးပါ
ရပ်ကွက်တစ်ခုအတွင်း သွားလာနေသော ခွေးလေခွေးလွင့် တစ်ကောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရပ်ကွက်တစ်ခုအတွင်း သွားလာနေသော ခွေးလေခွေးလွင့် တစ်ကောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 20 May 2019
ဆန်းထူးအောင်

ခွေးဆိုသည့် သတ္တဝါသည် တိရစ္ဆာန်များအနက် လူနှင့်အရင်းနှီးဆုံးဖြစ်သည်။ သူတို့အား အစာကျွေးသည့်သူကို သစ္စာစောင့်သိပြီး သခင်အပေါ် အန္တရာယ်ပြုမူသူများကို မာန်ဖီဟန့်တားသည့်အပြင် နေအိမ်အတွက် လုံခြုံစိတ်ချရသည် ဟုဆိုကာ အိမ်မွေးတိရစ္ဆာန်များအနက် အများဆုံး မွေးမြူသည့် အိမ်မွေးတိရစ္ဆာန်ဖြစ်သည်။

ခွေးများကို ကျောက်ခေတ်ကာလ ကတည်းကပင် အမဲလိုက်ရန်အတွက် လူသားများက မွေးမြူခဲ့သည်ဟု လူကြီးသူမများ၏ ပြောစကားများအရ မှတ်သားခဲ့ရသည်။

မြန်မာနိုင်ငံ၌ အင်းခွေး၊ ခွေးသမင်၊ ခွေးဘီလူး၊ ချင်းခွေး အစရှိသည်ကို အများဆုံး မွေးမြူကြသည်။ ယင်းနောက်ခွေးများကို မမွေးမြူလိုတော့ သူများသည် လမ်းပေါ်၌ ပြန်လည်စွန့်ပစ်မှုကြောင့် လမ်းဘေးခွေး များသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာတော့သည်။ ထိုသို့ လမ်းဘေးခွေးများသည် ကျန်းမာရေး စောင့်ရှောက်မှု မရှိသဖြင့် ရောဂါဘယ ထူပြောလာပြီး ခွေးကြောင့်ဖြစ်သည့် ရောဂါများအနက် ခွေးရူးပြန် ရောဂါသည် လူများအတွက် အဆိုးရွားဆုံး ဘေးအန္တရာယ်တစ်ခု ဖြစ်လာသည်။

နိုင်ငံကြီးများတွင် ခွေးလေခွေးလွင့် ပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် ခွေးမွေးမြူသူများအား လိုင်စင်ထုတ်ပေးပြီး စနစ်တကျ မွေးမြူစေသည်။ မြန်မာနိုင်ငံတွင်လည်း ခွေးများကို လိုင်စင်ဖြင့်သာ မွေးမြူရန် စည်ပင်ဥပဒေဖြင့် ပြဋ္ဌာန်းထားသော်လည်း ထိရောက်စွာ ဆောင်ရွက်ခြင်း မရှိပေ။

ခွေးကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ

လူများ၏ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘဲ လမ်းပေါ်တွင် ဥဒဟိုသွားလာနေသည့် ခွေးလေ ခွေးလွင့်များကြောင့် ဖြစ်သည့် ရောဂါများအနက် ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှ လူသို့ကူးစက်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ခွေးရူးပြန်ရောဂါကို သွင်ပြင်နှစ်မျိုးခွဲထားကာ တစ်မျိုးသည် ဂနာမငြိမ်ဖြစ်ခြင်းနှင့် ဒုတိယတစ်မျိုးသည် အကြောသေခြင်း တို့ဖြစ်သည်။

ခွေးရူးပြန်ရောဂါသည် ခွေးအပြင် ကြောင်၊ မြွေပါ၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေနှင့် အခြားအသားစား တိရစ္ဆာန်များကိုက်၍ ရောဂါကူးစက်နိုင်သည့် အခြေအနေများ ရှိသော်လည်း ခွေးရူးပြန် ၉၆ ရာခိုင်နှုန်းသည် လူနှင့်အနေပိုနီးသည့် ခွေးများမှ ကူးစက်ခြင်းဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကောက်ယူထားသည့် အချက်အလက်များအရ တစ်နိုင်ငံလုံးတွင် ခွေးကိုက်ခံရသူဦးရေ ၂၀၁၇ ခုနှစ်တွင် ၁၈၀၃၆၇ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၁၉၂၆၁၉ ဦးခန့် ရှိခဲ့သည်။

“ကျွန်မမောင်လေး ခွေးကိုက်ခံရလို့ နီးစပ်ရာ ဆေးခန်းမှာ ဆေးသွားထိုးတာ တစ်သိန်းနီးပါးကုန်တယ်။ ခွေးရူးပြန်မဖြစ်ခင် ကြိုတင်ကာကွယ်ဆေး ထိုးထားလိုက်တယ်။ ဖြစ်ပြီဆိုရင် ဘယ်လိုမှ မကုသနိုင်ဘူးလေ” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် မယုုယုက ပြောကြားသည်။

ခွေးရူးပြန် ကာကွယ်ခြင်းကို လုပ်ဆောင်ရန်အတွက် လှိုင်မြို့နယ်တွင် မေ ၁၀ ရက်မှ ၁၈ ရက်အထိ ခွေးကောင်ရေ ၇၅၀ ကို သင်းကွပ်ခြင်း၊ သားကြောဖြတ်ခြင်း၊ ခွေးရူးပြန် ကာကွယ်ဆေး ထိုးခြင်းများကို ရန်ကုန် မြို့တော်စည်ပင်နှင့် ခွေးချစ်သူများ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်စည်ပင်ဥပဒေမှာ အိမ်မွေးခွေးနဲ့ ခွေးလေခွေးလွင့်အတွက် ဘယ်လိုဥပဒေတွေ သတ်မှတ်ထားသလဲ

၂၀၁၈ ခုနှစ်တွင် အသစ်ထပ်မံထွက်ရှိခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ဥပဒေ အခန်း(၅) ပုဒ်မ ၂၄၊ ပုဒ်မခွဲငယ် (၃၂) ၌ အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို ဖမ်းဆီး၊ ထိန်းသိမ်း၊ သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန် ထိန်းသိမ်းရေးရုံများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် တည်ထောင်ဖွင့်လှစ်ခွင့်ပြုခြင်း၊ လေလွင့် တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

စည်ပင်ဥပဒေ အခန်း (၂၂)၊  ပုဒ်မ ၂၁၄ တွင် ကော်မတီသည် မြို့တော်နယ်နိ မိတ်အတွင်း အများပြည်သူ စားသုံးရန် အလို့ငှာ မွေးမြူထားသော တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ၏ ကျန်းမာရေး၊ ကူးစက်ရောဂါ  တားဆီးကာကွယ်ရေး လုပ်ငန်းများကို သီးခြားအစီအစဉ်ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လည်းကောင်း ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည့်အပြင် ပုဒ်မ (၂၁၈) တွင် အန္တရာယ် ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို သင့်လျော်သည့် နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်း နိုင်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မ (၂၂၆)၊ ပုဒ်မခွဲ (က) တွင် ကော်မတီသည် ဖမ်းဆီးထိန်းသိမ်းထားသည့် တိရစ္ဆာန်အတွက် ထိန်းသိမ်းထားရှိ မည့်ကာလကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ကာလအတွင်း လိုအပ်သော ကျွေးမွေးစောင့်ရှောက်မှုများ ပြုနိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

ပုဒ်မ (၃၂၁) တွင်လည်း မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း မပြုရဟု ဖော်ပြထားပြန်သည်။

စည်ပင်ဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်တွင်လည်း မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက ငွေဒဏ် ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ချမှတ်နိုင်ပြီး ထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

“အိမ်မွေးခွေးတွေအတွက် လိုင်စင်လုပ်ဖို့ ဥပဒေမှာရှိပြီးသား။ ပီပီပြင်ပြင် လုပ်ဖို့ပဲလိုတယ်” ဟု မရမ်းကုန်းမြို့နယ် စည်ပင်သာယာဥက္ကဋ္ဌ ဦးစိန်ထွန်းကဆိုသည်။

မန္တလေးမြို့တော်ဝန်နဲ့ ရန်ကုန် ဒုတိယမြို့တော်ဝန်က ခွေးလေ ခွေးလွင့်တွေအတွက် ဘာတွေပြောထားသလဲ

မတ် ၃၁ ရက် စည်ပင်ရွေးကောက်ပွဲ ပြီးနောက် ကော်မတီဝင် ကိုယ်စားလှယ် ခြောက်ဦးအနက် ဒုတိယမြို့တော်ဝန် ဖြစ်လာသည့် ဦးစိုးလွင်သည် မြို့တော်အတွင်း ခွေးလေခွေးလွင့်ကိစ္စနှင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ အဓိက ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။

ခွေးများကို အဆိပ်ချသတ်ဖြတ်မှု မပြုလုပ်ရန် ညွန်ကြားထားပြီး နောက်နောင် အဆိပ်ချ သတ်ဖြတ်ခြင်း မပြုရန်နှင့် မဖြစ်ပွားစေရန် အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လေလွင့်ခွေး ကိစ္စအတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများ ဆောင်ရွက်နိုင်ရန် Royal Asia Veterinary Surgery မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဧပြီ ၂၅ ရက်တွင် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ခွေးလေခွေးလွင့်များကို သုတ်သင်ရှင်းလင်းခြင်းထက် သားဆက်ခြားခြင်း၊ ခွေးများကို ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးအဖွဲ့ (AAA) တို့ ပူးပေါင်းပြီး သာကေတ မြို့နယ်လုံးကျွတ် ၁၉ ရပ်ကွက်အတွင်းရှိ ခွေးအကောင် ၂၀၀၀ ကျော်ကို ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ သားဆက်ခြားမျိုးထိန်းခြင်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ စေရေးအတွက် ဒုတိယ မြို့တော်ဝန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ AAA အဖွဲ့မှ တာဝန်ရှိသူများ သာကေတမြို့တော် လွှတ်တော်ကိုယ်စားလှယ်တို့သည် မေ ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ခွေးလေခွေးလွင့် ပြဿနာနှင့် ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ဧပြီ ၂၆ ရက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ မောင်ဝေယံမင်းအောင် ခွေးရူးပြန်ရောဂါဖြင့် ကွယ်လွန်သွားသည့်သတင်း ကြားရတာ စည်ပင်ကို စိန်ခေါ်လိုက်တဲ့ အကြီးမားဆုံး ပြဿနာ တစ်ခုပါ။ ခွေးနှိမ်နင်းရေးက     ပြည်သူတွေဘက်က ရပ်တည်မယ့် စည်ပင်နဲ့ ခွေးချစ်သူတွေကြား မသေးတဲ့ ပြဿနာတစ်ရပ်ပါ။ ခွေးဂေဟာ ဖွင့်ထားတဲ့ ခွေးချစ်သူများ၊ တိမွေးကု ဆရာဝန်များနဲ့ ၂၀၁၈ နိုဝင်ဘာလ ကတည်းက တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ ခွေးကောင်ရေ မတိုးပွားဖို့ သင်းကွပ်တာ တိမွေးကု ဆရာဝန်တွေက အခမဲ့ကူညီမယ် ပြောပေမဲ့ တစ်ကောင်သင်းကွပ်ဖို့ ကျပ်သုံးသောင်းကျပါမယ်။ တစ်ရက်ကို အစုအဖွဲ့နဲ့ ခွဲပေးရင်တောင်မှ ၁၀ ကောင်ထက် ပိုမခွဲနိုင်ပါ။ ငွေသုံးသိန်း ကုန်ကျပေမဲ့ လက်ရှိခွေးကောင်ရေအတွက် အကျိုးလုံးဝ မရှိတဲ့အပြင် စည်ပင်ဘတ်ဂျက်မှာ လျာထားဖို့ ဦးစားပေးထဲမှာ မပါနိုင်ပါ။ ကျွေးမွေးစရိတ်ကများလို့ ခွေးဂေဟာ လုပ်ချင်ပေမဲ့လည်း လူတွေတောင် ပုံမှန်စားဖို့ အနိုင်နိုင်ခေတ်မှာ ခွေးတွေအတွက် ဦးစားပေးလို့မရပါ။ အရိုးရှင်းဆုံးနည်းက သုတ်သင်ရှင်းလင်းတာ ဖြစ်ပေမဲ့ တစ်မြို့လုံး အတိုင်းအတာနဲ့ မလုပ်ချင်ပါ။ မြို့သူမြို့သားများ အနေနဲ့ ရှင်းလင်းစေလိုသည့် ခွေးလေခွေးလွင့်များ ရှိပါက စည်ပင်သို့ စာရေးသား တင်နိုင်ပါတယ်ဟု ရေးသားခဲ့သည်။

ခွေးလေခွေးလွင့် ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး အမြင်တွေ ဘယ်လိုရှိသလဲ

“ရပ်ကွက်တွေထဲမှာ အရမ်းဆိုးတဲ့ ခွေးတွေကို ထိန်းချုပ်ပြီးတော့ ရှင်းပစ်ရမယ်။ ကောင်းတဲ့ခွေးတွေကျန်မယ်။ အဲဒါတွေကို သင်းတာမျိုးတွေ၊ သားဆက်ခြားတာတွေကို လုပ်ရမယ်။ အဲဒီလိုမျိုး ပတ်ဝန်းကျင်မှာ ဖြစ်သွားရင် ပြဿနာ မရှိတော့ဘူး။ ခွေးဆိုးတွေကို မရှင်းနိုင်လို့ဖြစ်တာ။ ခွေးတွေမရိုင်းအောင်က လူတွေလုပ်ရမှာ။ ဆိုးတဲ့ခွေးကိုတော့ ရှင်းသင့်ရင် ရှင်းပစ်ရမှာ။ ဒါကို ခွေးချစ်သူတွေက တာဝန်ခံမလား။ တာဝန်မခံဘဲနဲ့ မအော်နဲ့” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။ ခွေးလေခွေးလွင့် ကိစ္စနှင့် ပတ်သက်ပြီး လုပ်ဆောင်ရန် အချက်သုံးခုရှိသည်။ သားဆက်ခြားခြင်း၊ သင်းကွပ်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ဖြစ်သည်။

“အခုခက်နေတာက သင်းမယ့်ကုန်ကျစရိတ်က အထီးလား အမလား။ အမကို လုပ်တာက ပိုကုန်တယ်။ အဲဒီဘတ်ဂျက်ကို ဘယ်သူက ချပေးမှာလဲ။ သတ်တာထက်စာရင် မျိုးဆက်ကို ခြားလိုက်တာ ပိုကောင်းတယ်။ မျိုးဆက်တစ်ခု ခြားလိုက်ရင် အကောင်ရည် တဖြည်းဖြည်း နည်းသွားမယ်။ နှစ်တော့ နည်းနည်းစောင့်ရမယ်။ အခုက မသတ်ပါနဲ့။ ခွေးစောင့်ရှောက်ရေးဂေဟာ ပို့ပါလို့ ပြောတယ်။ အသာတကြည် ဖမ်းလို့မရတဲ့ ခွေးဆိုရင် မေ့ဆေးနဲ့ပစ်ရမယ်။ ကော်မတီမှာတော့ ခွေးလေခွေးလွင့်နဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးနေကြတယ်။ သားဆက်ခြားမှာလား၊ သင်းမှာလား၊ သတ်မှာလားပေါ့။ သတ်တာကိုတော့ ဘယ်သူမှ မကြိုက်ကြဘူး။ ဒါပေမဲ့ ကုန်ကျစရိတ်တွေရှိတယ်” ဟု မရမ်းကုန်းမြို့နယ် စည်ပင်သာယာဥက္ကဋ္ဌ ဦးစိန်ထွန်းက ပြောကြားသည်။

ခွေးလေခွေးလွင့်များကြောင့် နှစ်စဉ်ခွေးရူးပြန်သည့် ဖြစ်စဉ်များ ရှိနေသည့်အပြင် ယခုနှစ်တွင် သာကေတမြို့နယ်၌ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးသည် ခွေးရူးအကိုက်ခံရသဖြင့် အသက်သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

“ခွေးတွေနိုင်နင်းအောင် ထိန်းသိမ်းနိုင်မှုအားနည်းတယ်။ စည်းကမ်းအနေနဲ့ တင်းတင်းကျပ်ကျပ် ထုတ်ပြန်တာ မရှိသေးဘူး။ စည်ပင်သာယာ ဥပဒေမှာ ပါပြီးသား။ ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်သင့်တယ်။ စီမံခန့်ခွဲမှု အားနည်းတယ်။ ပီပီပြင်ပြင် ဆောင်ရွက်နိုင်တာ မရှိဘူး။ စည်ပင်ကိုယ်စားလှယ် အသစ်တွေလည်း တက်လာပြီးပြီ။ တက်တက်ကြွကြွ ဆောင်ရွက်ပေးမယ့် ငွေကြေးတွေ ပံ့ပိုးသင့်တယ်” ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

ခွေးလေခွေးလွင့် ရှင်းလင်းဖို့ အကြံပြုတိုက်တွန်းခဲ့သည့် ကိုယ်စားလှယ်များ တိုက်ခိုက်ခံရ

ခွေးကောင်ရေ လျှော့ချရန်နှင့် ဂေဟာပို့ ထိန်းသိမ်းရန် ပြောကြားခဲ့သည့် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါ်သက်ထားနွယ်ဝင်းအား ခွေးချစ်သူဟုဆိုသူ တစ်ဦးက သတ်ဖြတ်မည်ဟု လူမှုကွန်ရက်တွင် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“ကျွန်မ လူမှုကွန်ရက်စာမျက်နှာ Comment အောက်မှာ သတ်မယ်ဖြတ်မယ်ရော၊ မုဒိမ်းကျင့်မယ် ဆိုပြီးတော့ရော ရေးထားတယ်။ အကောင့်အတုတွေနဲ့ရော အကောင့်အစစ်တွေရောပါတယ်။ သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်တာက အကောင့်အတုနဲ့။ အချို့ဟာတွေကတော့ ပြောလို့မဖြစ်သေးဘူး။ အမှုဖွင့်လား မဖွင့်ထားဘူးလား ဆိုတာကိုတော့ မပြောချင်သေးပါဘူး” ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ဒေါ်သက်ထားနွယ်ဝင်းအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အကောင့်သည် မေ ၁၅ ရက်တွင် ဖြုတ်သိမ်းခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ထို့ပြင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ၎င်း၏လူမှုကွန်ရက်တွင် ရန်ကုန်တစ်တိုင်းလုံးအတွက် စနစ်တကျ မူဝါဒချမှတ်ပြီး သင့်လျော်သည့် နည်းလမ်းဖြင့် တစ်ဆင့်ချင်း လုပ်စေချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသေးသည့်အတွက် ခွေးအချို့ကို သင်းကွပ်နိုင်ရန်၊ ကာကွယ်ဆေးထိုးနိုင်ရန် တိုင်ပင်ပြီး လုပ်ကြရမည် ဖြစ်ကြောင်း၊ အားလုံး အပြောင်ရှင်းနိုင်ဖို့သည် မလွယ်သေးသည့် အတွက်ကြောင့် လူကို အန္တရာယ် မဖြစ်အောင် ၀ိုင်းကြိုးစားရမည်ဟု ရေးသားခဲ့သည်။

ထိုသို့ ရေးသားမှုနှင့် ပတ်သက်ပြီး ခွေးချစ်သူတစ်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ယခုကဲ့သို့ ခွေးလေခွေးလွင့် ပြဿနာကို ရန်ကုန်မြို့တော်စည်ပင်က ဆောင်ရွက်နေမှုအပိုင်းနှင့် ပတ်သက်ပြီး အသစ်ဖွဲ့စည်းထားသည့် ကော်မတီများအနက်မှ ခွေးလေခွေးလွင့် ပြဿနာကို အဓိက တာဝန်ယူထားသည့် ပြည်သူ့ကျန်းမာရေးနှင့် စျေးများတာဝန်ခံအဖွဲ့မှ ကော်မတီဝင် (၁၀) ဒေါ်နန့်စုရွှေစင် (ခ) ဒေါ်ဝိုင်းအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ၎င်းအား ဖြေဆိုခွင့် မပေးထားဘဲ ကော်မတီဝင် (၆) ဒေါ်သန်းမြင့်အောင်နှင့် ကော်မတီဝင် (၇) ဦးဝင်းမြင့်သန်း တို့ကိုသာ ဖြေဆိုခွင့်ပေးထားသည်ဟု ပြန်လည်ဖြေကြားသဖြင့် ဦးဝင်းမြင့်သန်းကို ထပ်မံဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ လေးသန်းရှိပြီး ရာခိုင်နှုန်း ၇၀ သည် ခွေးလေခွေးလွင့်များဖြစ်သည်။ ထိုသို့ အလွန်များပြားနေသည့် ခွေးလေခွေးလွင့်များကို ထိန်းချုပ်ရန် တာဝန်သည် မြို့တော်စည်ပင် သာယာရေး ကော်မတီဖြစ်သည်။ ထို့ကြောင့် မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပေါက်ဖွားနှုန်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာသည့် ခွေးလေခွေးလွင့်များ ရှင်းလင်းရန်အတွက် သားဆက်ခြားသည့် နည်းလမ်း၊ သင်းကွပ်သည့် နည်းလမ်း၊ သုတ်သင်ရှင်းလင်းသည့် နည်းလမ်းများအနက် မည်ကဲ့သို့  စီမံဆောင်ရွက် ထားသည်များကို ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြပေးမှသာလျှင် ခွေးလေခွေးလွင့်နှင့် ပတ်သက်ပြီး ခွေးချစ်သူများနှင့် ခွေးကောင်ရေ လျှော့ချရန် ပြောကြားနေသူများ ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေသည့် ခွေးရူးပြန်ရောဂါ ပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။