ဗုဒ္ဓဘာသာဟာ လူမှုကွန်ရက်မှာ စော်ကားစရာ ဖြစ်လာနေပြီလား

ဗုဒ္ဓဘာသာဟာ လူမှုကွန်ရက်မှာ စော်ကားစရာ ဖြစ်လာနေပြီလား
Lagoon Eain ရေးဆွဲခဲ့ပြီး ဗုဒ္ဓဘာသာအပေါ် စော်ကားမှု ပြုသည်ဟု ဝေဖန်ခံနေရသည့် ကာတွန်းပုံကိုတွေ့ရစဉ်
Lagoon Eain ရေးဆွဲခဲ့ပြီး ဗုဒ္ဓဘာသာအပေါ် စော်ကားမှု ပြုသည်ဟု ဝေဖန်ခံနေရသည့် ကာတွန်းပုံကိုတွေ့ရစဉ်
Published 15 May 2019
ဖြိုးဝေ

 

 

4.jpg

Lagoon Eain ရေးဆွဲခဲ့ပြီး ဗုဒ္ဓဘာသာအပေါ် စော်ကားမူပြုသည်ဟု ဝေဖန်ထားသည့် Zaw Thit အကောင့်မှ ဝေဖန်ရေးသားထားမှုကို တွေ့ရစဉ်

ဂျီဟတ်ဝါဒီ အသေခံဗုံးခွဲသမားတွေက ဧပြီ ၂၁ ရက်မှာ လူပေါင်း ၂၅၈ ဦးကို သေကြေစေတဲ့ တိုက်ခိုက်မှုတွေကို ဟိုတယ်သုံးခုနဲ့ ခရစ်ယာန်ဘုရားကျောင်းသုံးခုမှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ သီရိလင်္ကာမှာ မတူညီတဲ့ ဘာသာဝင်နှစ်ခုအကြား (ခရစ်ယာန်နှင့် မွတ်စလင်) ဘာသာရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာကြောင့် Facebook၊ WhatsApp၊ Instagramနဲ့ အခြားလူမှုမီဒီယာတွေကို ပိတ်ပင်လိုက်ပါတယ်။

2.jpg

ပန်းချီဆရာထိန်လင်း Installation လုပ်ခဲ့သည့် ထဘီများဖြင့် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဦးခေါင်းတော်ဟု ထင်မြင်ဝေဖန်ခံနေရသည့် တင်ဆက်မူကိုတွေ့ရစဉ်

IS အဖွဲ့က သူတို့လက်ချက်လို့ ပြောထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုအပြီးမှာ မွတ်စလင်စျေးဆိုင်ပိုင်ရှင်တစ်ဦးက “သိပ်ပြီးရယ်မနေနဲ့၊ တစ်နေ့ မင်းငိုရလိမ့်မယ်” လို့ ရေးသားခဲ့တဲ့ပို့စ်ဟာ တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်မယ့် အချက်ပေးမှုလို့ ခရစ်ယာန်တစ်ဦးက ယူဆမှုကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ပို့စ်တင်သူရဲ့ ဆိုင်ကို ဖျက်ဆီးလိုက်ပြီးနောက်မှာ ဗလီတစ်ခုကိုလည်း ဖျက်ဆီးမှု ကြုံခဲ့ရပါတယ်။

တစ်ဖက်မှာဆိုရင်လည်း သီရိလင်္ကာလိုပဲ ဘာသာရေးအကဲဆတ်ပြီး IS အဖွဲ့ရဲ့ အခြေစိုက်စခန်းအဖြစ် ပစ်မှတ်ထားခံလာနေရတဲ့ မြန်မာနိုင်ငံမှာလည်း Facebook လို လူမှုကွန်ရက်အပေါ်မှာ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်မျိုးစုံနဲ့ ကာတွန်းတွေ၊ ပန်းချီတွေ ရေးသားလာသလို တားမြစ်ထားပြီး မြန်မာအမျိုးသား၊ အမျိုးသမီးတိုင်းက လိုက်နာကြတဲ့ ရိုးရာဓလေ့တွေအပေါ်မှာ စော်ကားတိုက်ခိုက်မှုမျိုးစုံ တွေ့လာနေရပါတယ်။

ဒီလိုမျိုး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေ တန်ဖိုးထားလိုက်နာနေတဲ့ ဓလေ့ထုံးတမ်းတွေအပေါ် စော်ကားမော်ကား တိုက်ခိုက်လာတာ တွေ့လာရပေမယ့်လည်း ဗုဒ္ဓဘာသာအပေါ် စော်ကားတိုက်ခိုက်နေမှုတွေကို ထိထိရောက်ရောက် တားမြစ်နိုင်မှု မတွေ့ရသလို အစိုးရနဲ့ သာသနာရေးဝန်ကြီးဌာနအပြင် ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့တွေဘက်ကပါ တုန့်ပြန်ဆောင်ရွက်မှု မရှိသလောက် ဖြစ်နေတာကိုလည်း တွေ့နေရပါတယ်။

5.jpg

Lagoon Eain ရေးဆွဲခဲ့ပြီး ဗုဒ္ဓဘာသာအပေါ် စော်ကားမှုပြုသည်ဟု ထင်မြင်ယူဆသဖြင့် အရေးယူပေးပါရန် တောင်းဆိုထားသည်ကိုတွေ့ရစဉ်

မြန်မာနိုင်ငံနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဆိုတာတွေက ဘယ်အစိုးရပဲ တက်လာတက်လာ ယှဉ်တွဲပါနေတယ်လို့ ပြောရလောက်အောင် သမိုင်းအဆက်ဆက်၊ အစိုးရအဆက်ဆက်မှာ ဖြစ်လေ့ရှိတဲ့ ပြဿနာလို့တောင် ဆိုရမယ့် အခြေအနေပါ။

ဒီလိုမျိုး ပြဿနာဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း တစ်ဖက်မှာ မတူညီတဲ့ ဘာသာဝင်တွေအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မှု ပြယုဂ်တွေကလည်း အမြောက်အများ ရှိနေပြီး ရန်ကုန်မြို့လယ် ဆူးလေစေတီပတ်လည်နားက ဗလီတွေ၊ Church ကျောင်းတွေက သက်သေပြနေပါတယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးခံတပ်အဖြစ် ညွှန်းဆိုနေကြချိန် တခြားဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ ထိုင်းလိုနိုင်ငံမျိုးတွေမှာ ဖြစ်သလိုမျိုး အစွန်းရောက်အကြမ်းဖက်တွေ မရှိဘဲ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နေကြတဲ့ အခြေအနေမျိုးနဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာနိုင်တဲ့ အခြေအနေပါ။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့ဖူးသလို ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေအရလည်း ဗုဒ္ဓဘာသာဟာ နိုင်ငံသားအများစု ကိုးကွယ်တဲ့ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံတဲ့ ဘာသာသာသနာအဖြစ် အသိအမှတ်ပြုထားတာပါ။ ဒီလိုမျိုး အသိအမှတ်ပြုထားပေမယ့် ၂၀၁၂ ခုနှစ်မှာ မသီတာထွေးကို အဓမ္မပြုကျင့်ပြီး လည်လှီးသတ်ဖြတ်ရာက စတင်လာခဲ့တဲ့ အရေးအခင်းနောက်ပိုင်းမှာ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ပဋိပက္ခတွေ၊ ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံမှာ ပိုများလာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာ ကမ္ဘာကျော် Times မဂ္ဂဇင်းကနေ ဦးဝီရသူကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် ပုံဖော်ညွှန်းဆိုခဲ့တာရှိခဲ့သလို ရိုက်တာသတင်းဌာနက သုံးနှုန်းခဲ့တဲ့ “ရခိုင်ဗုဒ္ဓဘာသာသူပုန် (Rakhine Buddhist rebels)” ဆိုတဲ့ အရေးအသားမျိုးတွေဟာ မလိုအပ်ဘဲ ဗုဒ္ဓဘာသာကို သေးသိမ်အောင်၊ လူမှုကွန်ရက်မှာ သရော်လှောင်ပြောင်စရာအဖြစ် ရှိလာအောင် ရေးသားစေသလို ဖြစ်စေခဲ့ပါတယ်။ ရိုက်တာသတင်းဌာနဟာ လက်ရှိဖြစ်နေတဲ့ ရခိုင်ပဋိပက္ခအပေါ် သတင်းရေးသားဖော်ပြရာမှာဆိုရင် ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အသုံးအနှုန်းမျိုးတွေကို မလိုအပ်ဘဲ မကြာခဏ ဖော်ပြလေ့ရှိသလို တခြား CNA၊ ရိုက်တာ၊ အယ်ဂျားဇီးယား၊ Rakhine Duddhist rebels၊ Asia News၊ The Diplomat စတဲ့ သတင်းဌာနတွေကလည်း Rakhine Buddhist rebels ဆိုတဲ့ အသုံးအနှုန်းမျိုးကို မကြာခဏ သုံးနှုန်းလေ့ရှိပြီး နိုင်ငံတကာ မျက်နှာစာမှာပါ ဗုဒ္ဓဘာသာကို မှေးမှိန်အောင် ကြံဆောင်ရေးသားနေပြီး နိုင်ငံရေးအရဖြစ်လာနေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကို ဘာသာရေးအသွင် ကူးစက်လာအောင် လုပ်ဆောင်သလို မြင်တွေ့နေရပါတယ်။ ဒီလို မြင်တွေ့နေရပေမယ့်လည်း နိုင်ငံတကာသတင်းဌာနတွေ တစိုက်မတ်မတ်သုံးလာနေတဲ့ Rakhine Buddhist rebels ဆိုတဲ့ အသုံးအနှုန်းမျိုးကို ကန့်ကွက်ဖို့တော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတွေဟာ နှာစေးနေတာကိုလည်း မြင်နေရပြန်ပါတယ်။

6.jpg

Lagoon Eain ရေးဆွဲခဲ့ပြီး ဗုဒ္ဓဘာသာအပေါ် စော်ကားမှုပြုသည်ဟု ယူဆသဖြင့် ဝေဖန်ရေးသား မျှဝေထားသည်ကို တွေ့ရစဉ်

၂။

လူမှုကွန်ရက်ပေါ်မှာ ဗုဒ္ဓဘာသာဟာ သရော်လှောင်ပြောင်စရာအဖြစ် ရှိလာရာမှာ အထူးသဖြင့် ဘာသာမဲ့ Group၊ Memes Group တွေမှာ အလွယ်တကူ ဟာသနှောပြီး တင်လာကြတဲ့ ပုံတွေ၊ စာတွေဟာ ဗုဒ္ဓဘာသာကို ယုံကြည်စွာ ကိုးကွယ်လာသူတွေအတွက် စိတ်နှလုံးမချမ်းမြေ့စရာအဖြစ် ရှိလာသလို အပြန်အလှန်ပြောဆိုနေတဲ့ ယုတ်ရင်းကြမ်းရိုင်းတဲ့ စကားတွေကလည်း စိတ်နှလုံးညှိုးချုံးစရာအဖြစ် ရှိလာပါတယ်။

ဒီလိုမျိုး ဗုဒ္ဓဘာသာကို သရော်လှောင်ပြောင်စရာအဖြစ် သုံးလာတဲ့ အခြေအနေမျိုးဟာ လက်ရှိ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ပိုဆိုးလာခဲ့သလို ဒီလိုမျိုး ဖြစ်လာတဲ့အခြေအအနေတွေကို ထိန်းကွပ်နိုင်မှုကလည်း ပိုပြီးတော့ အားနည်းလာတဲ့အခြေအနေကို တွေ့မြင်ရပါတယ်။

ဥပမာအားဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဗုဒ္ဓဦးခေါင်းတော်ကို နားကြပ်တပ်ပြီး ဖွင့်လှစ်ခဲ့တဲ့ V Gasto Bar၊ Buddha Bar ကို ချက်ခြင်းပိတ်သိမ်းအရေးယူခဲ့ပေမယ့် လက်ရှိ NLD အစိုးရလက်ထက်မှာတော့ ပိုများလာတဲ့ ဘာသာရေးဆိုင်ရာ စော်ကားမှုတွေကို လျစ်လျူရှုထားတဲ့ အခြေအနေမျိုးကို တွေ့မြင်နေရပါတယ်။

တစ်ဖက်မှာလည်း ဗုဒ္ဓမြတ်စွာဘုရား ပုံစံတုပဝတ်ဆင်တဲ့ Saw Seven အကောင့်ပိုင်ရှင်ကို ထိန်းသိမ်းအရေးယူပေးဖို့အတွက် လူမှုကွန်ရက်မှာ စာထွက်လာချိန်မှာ ဗုဒ္ဓဘာသာကို စော်ကားသူကို ဖမ်းဆီးအရေးယူတယ် ထင်ခဲ့ကြပေမယ့် ဧပြီ ၈ ရက်မှာတော့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီအမိန့်စာဟာ အတုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ချိန်မှာ ဒီလိုမျိုးလုပ်ရပ်ကို အရေးမယူခဲ့တဲ့အတွက် ပြောဆိုသူတွေအများအပြားရှိခဲ့သလို Neyein Chan Ko အမည်နဲ့ Facebook သုံးစွဲသူက “မင်းတို့ဝန်ကြီးဌာနက တို့ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်ဖို့ သပ်သပ်ပဲ ဖွဲ့ထားတာလားကွ” ဆိုပြီး မေးခွန်းထုတ်ထားတာကို တွေ့ရပါတယ်။

အဲဒီလို အခြေအနေမျိုးထက် ပိုပြီးဆိုးလာတဲ့ အခြေအနေက လူသိများတဲ့ အနုပညာရှင်ဖြစ်တဲ့ ဟန်ထူးလွင်တင်ခဲ့တဲ့ Raggae Buddha ဆိုတာမျိုး၊ ပန်းချီဆရာထိန်လင်းရဲ့ ထဘီနဲ့ ပြုလုပ်ထားတဲ့ ဗုဒ္ဓဦးခေါင်းတော်ပုံစံ တင်ဆက်မှု၊ လူမှုကွန်ရက်မှာ လူသိများတဲ့ Lagoon Eain အကောင့်ပိုင်ရှင်ရဲ့  ဘုရားနဲ့ စစ်သားကို တွဲပြီးရေးခဲ့တဲ့ ကာတွန်းမျိုးတွေဟာ ဗုဒ္ဓဘာသာကို စော်ကားသလိုမျိုး ရှုမြင်ကြသူတွေ ရှိနေသလို မနှစ်မြို့သူတွေလည်း များနေပါတယ်။

ဒီအချိန်မှာ ပန်းချီထိန်လင်းကတော့ “ထဘီကိစ္စပြပွဲမှာ အင်စတော်လေးရှင်းလက်ရာနဲ့ပတ်သက်၍ ပြပွဲမှာ ပန်းချီဆွဲခံသူ အမျိုးသမီးတွေရဲ့ ပုံနဲ့ သူတို့ထင်မြင်ယူဆချက်များကို ဗီဒီယို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီဗီယိုဖိုင်ကိုပြဖို့ အင်စတော်လေးရှင်းတစ်ခု ဖန်တီးဖြစ်ခဲ့ပါတယ်။ ပြပွဲတခုလုံးက အမျိုးသမီးတွေရဲ့ ပုံတူဖြစ်နေတော့ ဗီဒီယိုပြဖို့ အခန်းငယ်ကိုလည်း အမျိုးသမီးတစ်ယောက်ရဲ့ ဦးခေါင်းပုံချိုးပြီး တဘီအစတွေနဲ့ပဲ ချုပ်လုပ်ခဲ့ပါတယ်။ ဒီပုံမှာ နှုတ်ခမ်းနီ၊ လိမ္မော်ရောင်ပါးကွက်အပြင် မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ စံညွန်းအတိုင်း ဆံရစ်ဝိုင်းအထပ် တင်ပြီး ပြုလုပ်ဖန်တီးခဲ့ပါတယ်။ နောက်ဘက်မှာ အထဲကိုဝင်ပြီး ဗီဒီယိုကြည့်လို့ရအောင် အပေါက်တစ်ခုထားထားပါတယ်။ ဒီအပေါက်ကဝင်ပြီး ပြပွဲမှာ ပါဝင်ကြတဲ့ အမျိုးသမီးများရဲ့ ဗီဒီယိုကို ကြည့်လို့ရအောင် ပြုလုပ်ထားပါတယ်။ အချို့ပုဂ္ဂိုလ်များ ယူဆကြသလို မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်မဟုတ်ပါ” လို့ ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပါတယ်။

Lagoon Eain အကောင့်ပိုင်ရှင်ကတော့ ဘုရားနဲ့ စစ်သားကို ပေါင်းစပ်ရေးဆွဲ ပြီး လွှတ်တော်အတွင်းမှာ “ကန့်ကွက်တော်မူတယ် ချစ်သားတို့” ဆိုတဲ့ စာသားနဲ့ မေ ၈ ရက်မှာ တင်ခဲ့ပြီး လွှတ်တော်အတွင်းက တပ်မတော်သား ၂၅ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာနဲ့ ဦးဝီရသူရဲ့ အသုံးအနှုန်းဖြစ်တဲ့ “စစ်သားတွေကို ဘုရားလိုတောင် ကိုးကွယ်ရမယ်” ဆိုတဲ့ စကားအပေါ်မှာ ကာတွန်းရေးဆွဲခဲ့တာ တွေ့ရပြီး ဒီရေးဆွဲမှုဟာ ဗုဒ္ဓဘာသာကို စော်ကားတယ်လို့ ထင်မြင်ယူဆပြီး ပေးသူ Comment အများအပြားရှိခဲ့ပါ တယ်။ အဲဒီလို  Comment ပေးသူတွေထဲမှာ Zaw Thit အမည်နဲ့ Facebook သုံးစွဲသူက “စစ်​တပ်ကို သ​ရော်​တာ၊ ​လှောင်​တာ မကြိုက်​တာ မင်​းအခွင်​့အ​ရေးပါ။ ဘာမှ​ပြောစရာမရှိဘူး။ ငါတို့ ဗုဒ္ဓဘာသာဘုရားရဲ့ အမှတ်​လက္ခဏာ​တွေနဲ့ ဘုရား​နေရာမှာ စစ်​သားရုပ်​​တွေ ထည်​့​ရေးလိုက်​တာက​တော့ ​စော်​ကားလွန်​းတယ်​။ မင်​းဘယ်​ဘာသာဝင်​လဲ ငါမသိဘူး။ ဒီကာတွန်​းက ငါတို့ရဲ့ကိုးကွယ်​ယုံကြည်​မှုကို ​စော်​ကားတာပဲ။ မင်​းတို့လိုချင်​တဲ့ ဘာသာ​ပေါင်းစုံညီညွတ်​​ရေးက ဒါလား...တောက်”  ဆိုပြီး မန့်ခဲ့တာ တွေ့ရပါတယ်။

ဒီလိုမျိုးတွေ မန့်ထားတာ အများအပြားပေမယ့် Lagoon Eain အကောင့်ပိုင်ရှင်က တုံ့ပြန်ဖြေရှင်းမှု မတွေ့ရဘဲ မေ ၉ ရက်မှာတော့ “အဲဒီတော့ ငါကကြောက်ရမယ်ပေါ့” ဆိုတဲ့ ပို့စ်တစ်ခု ထပ်တင်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုမျိုး ရေးသားထားတဲ့အတွက် Lagoon Eain အကောင့်ပိုင်ရှင်ကို  Messenger ကနေ ဆက်သွယ်ခဲ့ပြီး မေးခွန်းမေးမြန်းရာမှာ Lagoon Eain က “ဦးဝီရသူ စကားကို ရေးခဲ့တာပါ” လို့ ဖြေပါတယ်။

“ကျွန်တော်လည်း စဉ်းစားပါတယ်။ ထိန်လင်း တကယ်ရည်ရွယ်ပြီး နောက်မှ လျှောချသလားပေါ့။ ထိန်လင်းအနေနဲ့ မရည်ရွယ်ဘူးဆိုတောင် မိန်းမဦးခေါင်း။ ဘုရားဦးခေါင်းတော် မသဲမကွဲ လိုရာတွေးလို့ ရနိုင်တယ်။ ထင်မှားစရာရှိတယ်။ အနုပညာရှင်တစ်ယောက်ဟာ သူဖန်တီးတဲ့အနုပညာမှာ တစ်ခုခုနဲ့ ဆင်တူယိုးမှားဖြစ်နေရင်လည်း တာဝန်မကင်းပါ။ ဒါကို သူကြိုသိသင့်တယ်။ မျှော်လင့်ထားသင့်တယ်။ တကယ်လို့ ဒီနေရာမှာ ဆင်တူယိုးမှားဆိုရင်တောင် မွတ်စလင်ဘာသာဆို ဘယ်လိုပြောကြမလဲ။ ကျွန်တော်ယုံကြည်တာ ဘယ်မွတ်စလင်မှ ဆင်တူယိုးမှားလောက်ဆိုပြီး ခွင့်မလွှတ်မှာ သေချာပါတယ်။ ကမ္ဘာမှာ ဒါမျိုးဖြစ်ဖူးခဲ့တာကိုး။ အခုတော့ ဗုဒ္ဓဘာသာဟာ အားကိုးတစ်ခုနဲ့ မလိမ့်တပတ် စော်ကားတာ ခံရတယ်လို့ပဲ မြင်တယ်။ တခြားဘာသာမှာ ခွင့်မလွှတ်တာ ကျွန်တော်တို့ကျမှလာ လူစွမ်းကောင်းလုပ်တာ အနိုင်ကျင့်နည်းသက်သက်ပဲ” လို့ Htay Oung အမည်နဲ့ လူမှုကွန်ရက်မှာ ဘာသာပြန်ဆောင်းပါးတွေ ရေးသားသူက ပြောပါတယ်။

(၃)

ဒီလိုမျိုး မနှစ်မြို့သူတွေများနေပေမယ့် ဗုဒ္ဓဘာသာဟာ လူမှုကွန်ရက်မှာတော့ စော်ကားစရာအဖြစ် ရှိနေသလို အရေးယူဖို့ လုပ်ဆောင်သင့်တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနဟာလည်း ဝန်ကြီးရဲ့ ကိုယ်ရေးအကြောင်းတွေကို လူမှုကွန်ရက်မှာ ဝေဖန်တာတောင် အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေမဲ့ ဗုဒ္ဓဘာသာကို စော်ကားမော်ကားပြုနေသူတွေကိုတော့ အရေးယူဖို့ နှေးကွေးနေတဲ့ အခြေအနေကိုလည်း လက်ရှိအစိုးရလက်ထက်မှာ တွေ့နေရပါတယ်။

ဒီလိုမျိုး တုံ့ပြန်မှုအားနည်းနေတာတွေနဲ့ ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာရေးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးခဲ့ပေမယ့် ဦးအောင်ဆန်းဝင်းက ပြည်ပခရီးစဉ် သွားရောက်နေတဲ့အတွက် ဖြေဆိုနိုင်ခြင်း မရှိပါဘူး။ အဲဒီလို ဖြေဆိုနိုင်မှု မရှိပေမယ့် မြို့နယ်သာသနာရေးဦးစီးမှူးတစ်ဦးကတော့ ဒီလိုမျိုး လူမှုကွန်ရက်မှာ ဗုဒ္ဓဘာသာကို စော်ကားမော်ကားပြုလာတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက် ပြီး သီးခြားညွှန်ကြားထားတာ မရှိပေမယ့် ဝန်ကြီးရုံးမှာတော့ သတင်းမီဒီယာအဖွဲ့ ဖွဲ့ထားပြီး လူမှုကွန်ရက်တွေကို စောင့်ကြည့်ပြီး ဘာသာတရားတွေနဲ့ ပတ်သက်လို့ စော်ကားစွပ်စွဲရေးသားမှုတွေကို အချိန်နဲ့တစ်ပြေးညီ တင်ပြပြီးတော့ အထက်က ပြန်လည်ညွှန်ကြားလာတဲ့အတိုင်း သတင်းထုတ်ပြန်တာ၊ အရေးယူဆောင်ရွက်တာတွေကို လုပ်ကိုင်သလို တစ်ဖက်မှာလည်း ရာဇသတ်ကြီးမှာ ပြဋ္ဌာန်းထားတဲ့ ဘာသာ၊ သာသနာဆိုင်ရာ ပြစ်မှုတွေက ပုဒ်မ ၂၉၅ (က) လူတစ်စားကိုးကွယ်သည့် ဘာသာ၊ သာသနာကိုဖြစ်စေ၊ ဘာသာ၊ သာသနာယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစ်စား၏ ကိုးကွယ်ရာ ဘာသာရေးစိတ်ဓာတ်ကို နာကျင်စေရန် ရည်ရွယ်၍ မသမာစိတ်ဖြင့် တမင်ကျုးလွန်တဲ့ ပြစ်မှုဟာ လူတိုင်းလိုလိုက အမှုဖွင့်လှစ်နိုင်တဲ့ ပုဒ်မဖြစ်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ သီးခြားကန့်သတ်ချက် မထားတာလို့ ရှင်းပြပါတယ်။

3.jpg

ဗုဒ္ဓဘာသာအပေါ် စော်ကားမှုူပြုသည်ဟုယူဆနိုင်သည့် ကာတွန်းပုံအများအပြားကို စုစည်းတင်ပြပြီး ကန့်ကွက်ထားသည့် Zaw Thit အကောင့်က ဝေဖန်ထားသည်ကို တွေ့ရစဉ်

(၄)

လူမှုကွန်ရက်မှာ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ ပုံစံမျိုး စော်ကားမော်ကားပြုနေချိန်မှာ Facebook ရဲ့ အရေးယူမှုပုံစံတွေကလည်း ခွဲခြားဆက်ဆံမှုရှိနေပြီး “ကုလား” လို့ ရေးသားလာတာကိုတောင် သုံးစွဲသူရဲ့ အကောင့်ကို ယာယီပိတ်သိမ်းတာ၊ Disable လုပ်တာမျိုး လုပ်ဆောင်ပေမယ့် ဗုဒ္ဓဘာသာနဲ့ သာသနာကို စော်ကားလာတဲ့ အချိန်မျိုးမှာ၊ ပို့စ်တွေမှာ Report ထုရင်တောင် ဖြုတ်မချဘဲ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ စော်ကားတိုက်ခိုက်မှုတွေကို ခွင့်ပြုထားတာ တွေ့နေရပါတယ်။

“Facebook မှာ ကုလားလို့ရေးတာ၊ ယိုလိမ်ညာရေးလို့ အကောင့်ဆိုင်းင့ံ၊ အကောင့်ဖျက်သိမ်းခံရတာ ကိုယ်တိုင်ကြုံရတယ်။ ဗုဒ္ဓဘာသာကို စော်ကားလို့ Report ထုတာ ဘာမှမဖြစ်ဘူး။ တချို့ Report ထုသူတွေ ပြန်ထိသွားကြတယ် သိရတယ်။ အင်မတန် နာကြည်းခံပြင်းစရာပါ။ ကျွန်တော် ဦးသိန်းစိန်လက်ထက်မှာ အစိုးရကိုရော ကြ့ံခိုင်ရေးကိုပါ ပိဿာလေးနဲ့ ဘေးထုသလို ရေးဖူးတယ်။ ဘာမှမဖြစ်ပါ။ Facebook သုံးသူတွေမှာ ဗုဒ္ဓဘာသာဆို အကြမ်းဖက်သမားကြီးလုံးလုံး သတ်မှတ်ခံထားရလား မပြောတတ်ပါ။ ကျွန်တော်တို့တွေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ တစ်ဖက်သတ်စော်ကား အနိုင်ကျင့်ခံနေရတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းအတွင်း အမုန်းတရားတိုးပွားလာစေဖို့ ရေခံမြေခံပဲ” လို့ Htay Oung အမည်နဲ့ လူမှုကွန်ရက်မှာ ဘာသာပြန်ဆောင်းပါးတွေ ရေးသားသူက ပြောပါတယ်။

ဒီနေရာမှာ တစ်ချက်စဉ်းစားသင့်တာက NLD အစိုးရဟာ လူမှုကွန်ရက်တွေကို စောင့်ကြည့်ဖို့အတွက် ကျပ်သန်း ၆၄၀၀ ကျော် သုံးစွဲထားတာပါ။ ဒါဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုံးဝအသုံးမပြုခဲ့ဘူးလို့ဆိုနိုင်တဲ့ သုံးစွဲမှု ဖြစ်သလို တစ်ဖက်မှာလည်း ဒီလိုဖွဲ့စည်းထားတဲ့ SMMT (Social Media Monitoring Team) ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဘာသာရေးပဋိပက္ခဆန်တဲ့ ဗုဒ္ဓဘာသာကို ထိပါးစော်ကားမှုတွေအတွက် တစ်စုံတစ်ရာ ဆောင်ရွက်တာတွေ၊ အရေးယူတာတွေ မလုပ်ဘဲ NLD အစိုးရကို ဝေဖန်နေသူတွေကိုပဲ စောင့်ကြည့်တဲ့ အလုပ်သီးသန့်လုပ်သလားလို့ ထင်မှတ်မှားစရာ အခြေအနေပါ။

ဒါအပြင် လက်ရှိအခြေအနေမှာဆိုရင်လည်း မဟနအဖွဲ့အစည်းဘက်က အရေးယူဆောင်ရွက်မှု နှေးကွေးတာကိုလည်း တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာအပေါ် လူမှုကွန်ရက်ကနေ တိုက်ခိုက်လာမှုတွေကို သံဃမဟာနာယကအနေနဲ့ အရေးယူဆောင်ရွက်ဖို့လိုသလို တိုင်ကြားသူရှိဖို့လည်း လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းသံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ(ယခင်)ဆရာတော် ဦးဂုဏာလင်္ကာရက မိန့်ကြားပါတယ်။

“ဘုန်းကြီးတို့တုန်းက Buddha Bar ကို အရေးယူလာခဲ့တာ။ အဲဒီလူတွေကို ရုံးကိုခေါ်ပြီး သြဝါဒပေး ချက်ချင်းအရေးယူခဲ့တာ။ ဦးသိန်းစိန်ခေတ်ကပေါ့။ အခုကျရင် တိုင်းသံဃမဟာနာယကကို ဒါတွေတိုင်ရင် ကောင်းမယ်။ အဲဒီလို တိုင်းသံဃမဟာနာယကကို တိုင်တော့ ချက်ချင်းလုပ်တာလေ။ အဲဒါမှ တို့က ဒီလူတွေကို စာထုတ်၊ ဆင့်ခေါ်ပြီးတော့ နောင်ဒါမျိုးမလုပ်ပါဘူးဆိုတာကို ဝန်ခံကတိထိုး၊ ဒါမျိုးလုပ်ခဲ့တာ။ အဲဒီလိုမျိုး လုပ်ဖို့ဆိုရင် တိုင်တဲ့သူလိုမယ်” လို့ ဆရာတော်ဦးဂုဏာလင်္ကာရက မိန့်ကြားပါတယ်။

တစ်ဖက်မှာလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟာ SMMT နဲ့ ပူးပေါင်းပြီး ဗုဒ္ဓဘာသာအပေါ် စော်ကားတိုက်ခိုက်လာမှုတွေကို ဖော်ထုတ်အရေးယူဖို့ကို နှောင့်နှေးပျက်ကွက်နေတာ မြင်နေရသလို လူမှုကွန်ရက်မှာ ဗုဒ္ဓဘာသာအပေါ် စော်ကားတိုက်ခိုက်မှုတွေကလည်း ပိုမိုများပြားလာတာ တွေ့နေရပါတယ်။

Memes လုပ် သရော်တာဟာလည်း စော်ကားတိုက်ခိုက်မှုဖြစ်သလို အနုပညာကို ခုတုံးလုပ်ပြီး ဗုဒ္ဓဘာသာကို ပုံဖျက်စော်ကားတာကလည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေရဲ့ ဘာသာရေးယုံကြည်စိတ်ကို နာကျင်စေပါတယ်။ ဒီလိုမျိုး ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေရဲ့ ဘာသာရေးယုံကြည်စိတ်ကို နာကျင်စေအောင် လုပ်လာမှုတွေ များပြားလာပေမယ့် ကာကွယ်ပေးခံရမှု မရှိဘူးလို့လည်း မကွေးကျောင်းဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၃ မှာ နိုင်ငံတော်ကနေပြီးတော့ အသိအမှတ်ပြုထားတဲ့ ဘာသာ၊ သာသနာတွေကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်းထားတာ ရှိတယ်။ သို့သော်လည်းပဲ လက်တွေ့မှာ ဘာမှလုပ်ဆောင်ထားတာတွေ မတွေ့ရဘူး။ ဘုန်းကြီးတို့ ဘုန်းတော်ကြီးသင်ကျောင်းနဲ့ ပတ်သက်ပြီး စော်ကားခံရလို့ စစ်ကိုင်းတရားရုံးမှာ လျှောက်တဲ့အခါမှာ ဗုဒ္ဓဘာသာကို အလေးထားပြီး ဆောင်ရွက်ပေးတာကို မတွေ့ရတာတွေ ရှိတယ်။ ဘုန်းကြီးတို့ မြင်းခြံမှာ ၉၆၉၊ အားလုံးပေါင်းတော့ ၂၄ ပစ္စည်းခြံရံပြီး အသောကကျောက်တိုင်မှာ အသောကမင်းကြီးရဲ့ သာသနာပြုပုံ အကြောင်းကို အန္တရာယ်များတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေပြီးတော့ လုပ်တာတွေအပေါ်မှာလည်း ဆောင်ရွက်ပေးခြင်းမရှိဘူး။ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း တမူးမှာ ဆိုင်းအဖွဲ့တစ်ခုကနေပြီးတော့ ဗုဒ္ဓဘာသာ၊ သာသနာအပေါ် စော်ကားသွားတာတွေရှိတယ်။ အခုလည်း အွန်လိုင်းပေါ်မှာ ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ထဘီပုံတွေ လုပ်တယ်။ အဲဒီလို ကိစ္စရပ်မျိုးတွေဟာ နိုင်ငံတော်က သိန်းပေါင်းမြောက်မြားစွာ၊ သန်းပေါင်း  ၆၄၀၀ ကျော်လောက် အကုန်အကျခံပြီး လုပ်ထားတာတွေက ဗုဒ္ဓဘာသာကို စော်ကားခွင့်ပြုထားသကဲ့သို့ ဖြစ်နေတာကို တွေ့ရှိရတယ်။ ဒါ့ကြောင့်မို့လို့ သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော်သံဃမဟာနာယက အစရှိသော ပုဂ္ဂိုလ်ကြီးများကလည်း ဒီလိုကိစ္စမျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူပေးပါလို့ ဘုန်းကြီးအနေနဲ့ တောင်းဆိုပါတယ်” လို့ ဆရာတော်ဦးပါမောက္ခက မိန့်ကြားပါတယ်။

ဒီလိုမျိုး လူမှုကွန်ရက်မှာ စော်ကားနေတာတွေကိုသာ အစိုးရဘက်က စောင့်ကြည့်အရေးယူဖို့ ပျက်ကွက်နေဦးမယ်ဆိုရင် အမှိုက်ကစ၊ ပြသာဒ်မီးလောင်ပြီး ဘာသာရေးအဓိကရုဏ်းတွေ ပြန်လည်ဖြစ်လာနိုင်မှုအပေါ် သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။ လူမျိုးအချင်းချင်းအကြားနဲ့ ဘာသာဝင်အချင်းချင်းအကြား ချစ်ကြည်စွာနေထိုင်နေမှုတွေနဲ့ ဘာသာရေးပဋိပက္ခတွေကို ပြန်ပြီးတော့ မဖြစ်စေချင်ဘူးဆိုရင် လူမှုကွန်ရက်ကနေ စတင်နေတဲ့ မီးပွားတွေကို ကြိုတင်ငြိှမ်းသတ်ထားဖို့ လိုသလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးယုံကြည်စိတ်ကို အဖန်ဖန် အထပ်ထပ် စော်ကားနေတာတွေကိုလည်း စောင့်ကြည့်အရေးယူဖို့ လိုအပ်နေပါတယ်။

ဒီလိုမျိုး စောင့်ကြည့်ထိန်းကျောင်းပြီး အမုန်းစကားတွေ မပြန့်ပွားရအောင်၊ ဘာသာရေး နာကျင်စိတ်တွေ ပိုပြီးတော့ ကြီးထွားမလာအောင် လုပ်ဆောင်ဖို့ကလည်း NLD အစိုးရမှာ တာဝန်ရှိနေတာနဲ့ သီရိလင်္ကာလိုမျိုး မဖြစ်လာဖို့အတွက် ဗုဒ္ဓဘာသာဟာ လူမှုကွန်ရက်မှာ စော်ကားစရာဖြစ်လာနေတဲ့ အခြေအနေကို ထိန်းကျောင်းပေးပါလို့ပဲ NLD အစိုးရနဲ့တကွ သက်ဆိုင်တဲ့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေကို တောင်းဆိုချင်ပါတယ်။