အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းကြီးများ ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) အတိုင်းလိုက်နာရမယ်လို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက မေ ၉ ရက် နံနက်က မော်လမြိုင်မြို့ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (နောက်ဆုံးနေ့) လွှတ်တော် အစည်းအဝေးအပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ အဆိုတွေရယ်၊ ကတိဝင်ထားတဲ့ မေးခွန်းတွေက ဥပဒေတစ်ရပ်ကဲ့သို့ ပြည်သူ့အကျိုးအတွက်၊ ဒေသအတွက် လုပ်ပေးရမှာ အစိုးရဘက်၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ တာဝန်ရှိတယ်။ အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်တဲ့ အစိုးရအဖွဲ့ဘက်မှာ အင်မတန်မှ အလုပ်များတယ်။ ဌာနတွေလည်း အများကြီးရှိတယ်။ အဲဒီတော့ အစိုးရကိုလည်း ကျွန်မတို့က ဒေသဖွံ့ဖြိုးရေးလုပ်မယ်။ စီမံကိန်းကြီးတွေလုပ်မယ် ဆိုလို့ရှိရင် ၂၀၁၇ ခုနှစ် နိုင်ငံတော်သမ္မတရုံး ကနေပြီးတော့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ခုနှစ်။ ညွှန်ကြားချက်အတိုင်း လိုက်နာရမယ်။ ဒီညွှန်ကြားချက်က ဒီကနေ့အထိ အတည်ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်မလွှတ်တော်ကနေ ပြောကြားချင်ပါတယ်” လို့ ဒေါ်တင်အိက ပြောကြားခဲ့ပါတယ်။
တင်ဒါခေါ်ယူခြင်း မရှိခဲ့တဲ့ ကျပ်သန်း ၁၀၀၀ တန် အောင်သပြေ - နှစ်ကရင် ကျေးရွာချင်းဆက်လမ်း လုပ်ငန်းဂယက်
မေ ၃ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည် နယ်လွှတ်တော် အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်း အဝေး (တတိယနေ့) မှာ မွန်ပြည်နယ် ချောင်း ဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် မြေ အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး မေးမြန်းတဲ့ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ငွေလုံးငွေရင်း ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်ခဲ့တဲ့ ရေးမြို့နယ် မြောက်ပိုင်းရှိ အောင်သပြေ - နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်း ဆောင်ရွက်မှုနှင့် ပတ် သက်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင် ရာ ဦးစီးဌာနတို့မှ တင်ပြပါ အောင်သပြေ- နှစ်ကရင် လမ်းကို (ြှီ) ကုမ္ပဏီအား တာ ဝန်ပေးဆောင်ရွက်စေခဲ့ရာမှာ ထုတ်ပြန်ထား သည့် အမိန့်၊ òန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေးအတွက် မည်သို့သော စည်းကမ်းသတ်မှတ်ချက်များနဲ့ ဆောင်ရွက်စေခဲ့သည် သိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်ထောင်စုအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက် အရ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်မှာ တင်ဒါကင်းလွတ်ခွင့် ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲဒီအပြင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးမြန်းတဲ့မေးခွန်းကိုပဲ မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ပြန်လည် ဖြေကြားတဲ့အခါမှာ အောင်သပြေ-နှစ်ကရင် လမ်းလုပ်ငန်း ဆောင်ရွက်ချိန်သည် ၂၀၁၈ ခုနှစ်(ဧပြီမှစက်တင်ဘာလအထိ) ခြောက်လ ရန်ပုံငွေတွင် ပါဝင်ပါကြောင်း၊ မိုးတွင်းကာလဖြစ်၍ လုပ်ငန်းဆောင်ရွက်ရန် အချိန်ကာလ တိုတောင်းသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ရယူခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၈)ဆုံးဖြတ်ချက် အပိုဒ် (၅၄) အရ ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့် ပြုခဲ့ပါကြောင်း၊ တင်ဒါလုပ်ထုံးလုပ်နည်း ၁။၂၀၁၇၊ အပိုဒ်(၆)ပါ လုပ်ပိုင်ခွင့်အရ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း လွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်း ညွန်ကြားချက် အပိုဒ် (၆) မှာ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများအား တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့၏ သဘောတူ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရန်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ခွင့်ပြုချက် ရယူဆောင်ရွက်ရန် ဖြစ်ပါသည်လို့ ဖော်ပြပါရှိပါတယ်။
ဒါပေမဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်ကြီးရဲ့ ပြန်လည်ဖြေကြားမှုနဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ဖြင့်ထုတ်ပြန်ခဲ့တဲ့ အချက်ပေါင်း ၅၀ ပါဝင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်း ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းများ ဆောင်ရွက်ရာတွင် တိကျစွာ လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး ဝေဖန်မှုတွေ ညံခဲ့တဲ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတယ်ဆိုပြီး ဝေဖန်မှုများလည်း ရှိခဲ့ပါတယ်။
မွန်ပြည်နယ် အစိုးရအဖွဲ့က အဲဒီ ကျပ်သန်း ၁၀၀၀ တန် အောင်သပြေ-နှစ်ကရင် လမ်းလုပ်ငန်းကို တင်ဒါခေါ်ယူခဲ့ခြင်း မရှိဘဲနဲ့ ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဟာ တင်ဒါလုပ်ထုံးလုပ်နည်း (၁/၂၀၁၇) နဲ့ညီ တယ်-မညီဘူးက စိတ်ဝင်စားစရာ ကောင်းပါတယ်။
အဲဒီအတွက်ကြောင့်လည်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) အတိုင်းလိုက်နာရမယ်လို့ သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်နယ်အတွင်းမှာ တင်ဒါလုပ်ငန်းများနဲ့ ပတ်သက်လို့ နိုင်ငံတော်၏ ဘတ်ဂျက်များကို တင်ဒါခေါ်သည့် အခါတွင် ဥပမာအားဖြင့် ကျပ်သိန်း ၁၀၀ နှင့်အထက်လုပ်ငန်း ဆိုပါက တင်ဒါခေါ်ယူရမည်ဟု ညွှန်ကြားထား တာရှိကြောင်း၊ လုပ်ငန်းများ အကောင်အ ထည်ဖော်သည့်အခါတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရန် ဥပမာအားဖြင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်သည့်အခါ ကျပ်သိန်း ၁၀၀ နှင့်အထက် လုပ်ငန်းများကို တင်ဒါခေါ်ယူရန်အတွက် မိမိနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တိုင်ပင်ပြီး ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအားလုံးသို့ ညွှန်ကြားစာ ထုတ်ခဲ့ပါကြောင်း၊ ညွှန်ကြားစာ ထုတ်ခဲ့ပြီး နောက်ပိုင်းတွင် ဌာနအတော်များများ လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဥ္စမနေ့) အစီအစဉ်တွင် ပါဝင်သော မော်လမြိုင်မြို့ မြိုင်ရတနာစျေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှ မွန်ပြည်နယ် စျေးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသို့ တည်နေရာပြောင်းလဲ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းကိစ္စ တင်ပြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်း အစီအစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရာမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
“ကျွန်တော် စိုးရိမ်တာက အစိုးရအဖွဲ့က လုပ်ဆောင်ချက်ဟာ ဥပဒေနဲ့တကယ်ရောညီ သလား၊ မညီဘူးလား အတိအကျသိချင်လို့လွှတ်တော်ရေးရာအစည်းအဝေးတွေမှာ ဆွေးနွေးတဲ့အခါမှာလည်း အဖြေကမထွက် ဘူးဖြစ်နေတယ်။ တကယ်လို့ ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းများဆောင်ရွက်တဲ့အခါမှာ ဥပဒေနဲ့ တကယ်လို့ မညီခဲ့ရင် ဒါတွေဟာ ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ရှိလာမှာ ဖြစ်ပါတယ်” လို့ ဦးမင်းထင်အောင်ဟန်က ဆက်ပြောပါတယ်။
တင်ဒါခေါ်ယူခြင်း မရှိဘဲနဲ့ SMD ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ ကျပ်သန်း ၁၀၀၀ တန် အောင်သပြေ - နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်းနဲ့ ပတ်သက်လို့ ဦးမင်းထင်အောင်ဟန်က ဘာပြောခဲ့လဲ
“အောင်သပြေ - နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်းအတွက် Southern Myanmar Development Co.,Ltd (SMD) က လုပ်ခဲ့တဲ့ ငွေကျပ်သိန်း ၁၀၀၀၀ ကိစ္စဟာ ကျွန်တော် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဘဝကတည်းက ရှိခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲဒီတုန်းက သူများစီးပွားရေး လုပ်ငန်းမှာ ပြည်နယ်အစိုးရ အဖွဲ့က ပိုက်ဆံထည့်ပေးရတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောပါတယ်။ အဲဒီလုပ်ငန်းနဲ့ ပတ်သက်လို့ Cabinet အစည်းအဝေးမှာ ဆွေးနွေးတဲ့ အခါမှာလည်း ဝန်ကြီးချုပ်ကို ပြောပြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော့်ကိုပြောတယ်။ အဲဒီလမ်းစီမံကိန်းကို အဲဒီကုမ္ပဏီကိုပဲ ပေးလိုက်ရင် လွှတ်တော်အစည်းအဝေးကျရင် ဘယ်လိုရှင်းမလဲလို့ပြောတော့ ဝန်ကြီးချုပ်က ဘာပြောလဲဆိုတော့ လွှတ်တော်ကို သူပဲရှင်းပါ့မယ်။ ငါတာဝန်ယူတယ်တဲ့။ အဲဒါကြောင့် ဒီလုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝပတ်သက်ခြင်း မရှိပါဘူး။ အဲဒီလမ်း စီမံကိန်းဟာ ဝန်ကြီးချုပ် လုပ်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ပဲ တာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်ဆိုတာ ကျွန်တော် လွှတ်တော်ကတစ်ဆင့် အသိပေးလိုပါတယ်” လို့ ဦးမင်းထင်အောင်ဟန်က ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ တင်ဒါလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ဆောင်ရွက်ခဲ့သလား။ ဒါမှမဟုတ် ကျပ်သန်း ၁၀၀၀ တန် အောင်သပြေ - နှစ်ကရင် ကျေးရွာချင်းဆက် လမ်းကဲ့သို့ တင်ဒါခေါ်ယူခြင်းမရှိ လုပ်ပိုင်ခွင့်ချပေးလိုက်တဲ့ လုပ်ငန်းတွေ ဘယ်လောက်ရှိသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။