ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်ဟု ဆိုရိုးစကားရှိပါတယ်။ လူတစ်ဦးဟာ ထမင်းခုနစ်ရက် မစားဘဲ အသက်ရှင် နေထိုင်နိုင်ပေမဲ့ ရေမသောက်ရဘဲနဲ့တော့ တစ်မနက်တောင်မှ နေထိုင်ဖို့ ခက်တယ်လို့ ဆိုခဲ့တာပါ။ သစ်တောပြုန်းတီးမှု၊ ကမ္ဘာကြီး ပူနွေးလာခြင်းနဲ့အတူ မြန်မာနိုင်ငံ အနှံ့မှာလည်း ယခုနှစ် နွေရာသီဟာ ယခင်နှစ်များထက် ပိုမိုအပူရှိန် ပူပြင်းပြင်းထန် လွန်းလှပါတယ်။ နေပူရှိန်မြင့်မားမှုနဲ့အတူ အထက်အညာဒေသများနဲ့ ပင်လယ်ကမ်းနီး ရေချို မရရှိတဲ့ ဒေသများသာမက မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အသီးသီး မှာ သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့လာရပါတော့တယ်။ အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ ဒေသတွေကတော့ အထက်အညာဒေသများနဲ့ ရေငန်ဒေသဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ပင်လယ်ကမ်းနီး ကျေးရွာများပါပဲ။
Eleven Media Group နဲ့ စေတနာရှင် အလှူရှင်များရဲ့ ရေကန်များ
Eleven Media Group နဲ့ စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်ကနေ မြန်မာနိုင်ငံအတွင်း သောက်သုံးရေရှားပါး ပြတ်လပ်တဲ့ဒေသများ၌ သောက်သုံးရေ ရရှိ ရေး အလို့ငှာ အထက်အညာဒေသများတွင် စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ နှစ်စဉ် သောက်သုံးရေရှားပါး ပြတ်လပ်သည့် ပင်လယ်ကမ်းနီး ကျေးရွာများတွင် သောက်သုံးရေကန်များ တူးဖော်လှူဒါန်းပေးခြင်းများကို ၂၀၁၆ ခု နှစ်မှ စတင်လုပ်ဆောင ်ပေးခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် သောက်သုံးရေ ရှားပါးပြတ်လပ်သည့် ကျေးရွာများကို မိုးများရွာသွန်းသည်အထိ နေ့စဉ်ရေဂါလန် ၂၀၀၀ ကျော် လှူဒါန်း ပေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဉ် သောက်သုံး ရေရှားပါးပြတ်လပ်တဲ့ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစေရေးအလို့ငှာ မိုးရေ လှောင်ကန်များစွာကိုလည်း တူးဖော်စေခဲ့ပါ တယ်။ ၂၀၁၆ ခုနှစ်မှာ ပထမဦးစွာ စတင် တူးဖော်ပေးခဲ့တဲ့ ရေကန်ကတော့ လပွတ္တာမြို့နယ် ပြင်စလူမြို့ စလူဆိပ်ကျေးရွာအုပ်စု ကံဆိပ်ကျေးရွာသစ်လေးက သောက်သုံးရေ ကန်ပဲ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး အသက်ရှင်ကျန်ရစ်ခဲ့သူ အချို့ကို စု စည်းပြီးတော့ အသစ်ထပ်မံစုစည်း နေထိုင်တဲ့ ကျေးရွာဖြစ်တာကြောင့် ထိုစဉ်က ပြည်ထဲရေး ဝန်ကြီးဌာနမှာ အမည်ပေါက် ကျေးရွာတစ်ခု မဟုတ်ခဲ့ပါဘူး။ ကျေးရွာမှာ နှစ်စဉ်သောက် သုံးရေပြတ်လပ်တဲ့ဒဏ်ကို ခံစားနေရတာကြောင့် Eleven Media Group နဲ့ စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်ကနေ မြေသားရေလှောင်ကန် တစ်ကန် တူးဖော်လှူဒါန်း ပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နွေနေပူကို အန်တုထားနိုင်တဲ့ သောက် သုံးရေကန် တစ်ကန်ဖြစ်ရုံသာမက ကျေးရွာအတွင်း ဖူလုံရုံစေတင်မကဘဲ အနီးကျေးရွာများမှ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ကျေးရွာများကိုပါ သောက်သုံးရေ လှူဒါန်းနိုင်င်နေပြီ ဖြစ်ပါတယ်။
ယင်းနောက်မှာတော့ ကုန်းကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ များမှာတော့ တစ်ဧကပတ်လည် မြေသား သောက်သုံးရေကန်များကို တူးဖော်ပေးနိုင် ခဲ့ပါတယ်။ ရွေးစုစည်းကျေးရွာ၊ ပြင်ကနုကုန်း ကျေးရွာများနဲ့ စလူဆိပ်ကျေးရွာများမှာတော့ နာဂစ်မုန်တိုင်းပြီးချိန်ကတည်းက ပျက်စီးသွား တဲ့ သောက်သုံးရေကန်များကို ပြန်လည်တူး ဖော်ပြုပြင် လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ငပုတောမြို့နယ် အတွင်းမှာရှိတဲ့ ကျောက်သားများအတိပြီးတော့ တောင်ပေါ်တွင် တည်ထားသည့် မကျီးချိုင်ကျေးရွာနဲ့ ကုန်းသာယာ ကျေးရွာများမှာလည်း ကျောက်သား မိုးရေလှောင်ကန်များကို တူးဖော်ပေးနိုင်ခဲ့ပါတယ်။ ရေကန်အားလုံးဟာ ရေကန်တစ်ကန်လျှင် ပျမ်းမျှ မိုးရေဂါလန်ပေါင်း ၁၅ သိန်းခန့် သိုလှောင်ထားနိုင်တဲ့ ရေကန်များပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အတွင်းရှိ ချောင်းဗြဲကြီးကျေးရွာ၊ သမစိတ္တကျေးရွာ၊ ခြောက်ဂငယ်ကျေးရွာ၊ လိပ်သောင်ရေကျော်ကျေးရွာ၊ လမုအုပ်ကလေး ကျေးရွာများမှာ ပေတစ်ရာပတ်လည် မြေသားမိုးရေလှောင်ကန်များကို ခြံစည်းရိုးများနဲ့တကွ ထပ်မံတူးဖော် လှူဒါန်းပေးနိုင် ခဲ့ပါသေးတယ်။ ဒါ့အပြင် မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ လမုတပင်ကျေးရွာ၊ သစ်နီဇွဲကျေးရွာ၊ ကန်စုကျေးရွာများရှိ ပျက်စီးနေသော ရေကန်အဟောင်းများကိုလည်း ပြန်လည်ပြုပြင် တူးဖော်လှူဒါန်း ပေးနိုင်ခဲ့ပါတယ်။ သာပေါင်းမြို့နယ် တောင်ညိုဒေသမှာတော့ စက်ရေတွင်း တစ်တွင်းကို အောင်မြင်စွာ တူးဖော်ပေးနိုင်ခဲ့ပြီး ယခုအချိန်အထိ အနီးဝန်းကျင် ကျေးရွာများသာမက မြတောင်ညို ဘုရားပွဲတော် ကာလအတွင်း ဘုရားဖူးလာရောက်တဲ့ သိန်းဂဏန်းမျှသော ဘုရားဖူးဧည့်သည်များကိုလည်း ရေပေးဝေ လှူဒါန်းနိုင်တဲ့ စက်ရေတွင်း တစ်တွင်းအဖြစ် ရှိနေခဲ့ပါတယ်။
ပင်လယ်ကမ်းနီး ဒေသများတွင် မြေသားမိုးရေလှောင်ကန် တူးဖော်ပါက တစ်နှစ်တည်းနဲ့ သောက်သုံးရေရှိတဲ့ ရေလှောင်ကန်အဖြစ်သို့ ရရှိမှုဟာ နည်းပါးလွန်းလှပါတယ်။ ပထမဆုံး တစ်နှစ်မှာ သုံးရေ ရေပေါ့ကိုသာ ရရှိနိုင်ပြီးတော့ နောက်တစ်နှစ်မှာမှ သောက်ရေ ရရှိနိုင်ပါတယ်။ မြေဆီမြေလွှာနဲ့ မြေအောက်ရေ၊ ပတ်ဝန်းကျင် တစ်ထောက် ရေငန်ဝိုင်းနေတဲ့ ဒေသဖြစ်တာမို့ မြေသားများတွင်ပင် အငန်ဓာတ် ပါဝင်နေတတ်ပါတယ်။ ဒါ့အပြင် အောက်ခံမြေသားအတွင်း စိမ့်ဝင်နေတတ်တဲ့ ရေငန်ရေကြောလည်း ရှိနေတာကြောင့် ရေကန်တစ်ကန်ကို သုံးပေထက် ပိုမိုတူးယူဖို့ဆိုတာ ခက်ခဲပါတယ်။ အချို့ဒေသများမှာဆိုလျှင် အောက်ခံမြေသားကို လုံးဝတူးယူ၍ မရဘဲ ကန်နေရာဘေးပတ်လည်ကိုသာ မြေသားမြောင်းတူးသပ်ခွဲ၊ မြေသားအသစ် ပြန်လည်ဖို့ယူစေနည်းနဲ့ ရေငန်ကြောကို ဖြတ်ရပါတယ်။ နောက်ပြီးမှာတော့ ရေကန်ပေါင်ကို မြေသားသိပ်ဆည်းဆ များများနဲ့ ကန်ပေါင်မြင့်မြင့် တည်ဆောက်ကာ မြေပေါ် မြေသားရေကန်သဖွယ် တည်ဆောက်ရပါတယ်။ Eleven Media Group နဲ့ စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်ကနေ ရွေးစုစည်းကျေးရွာမှာ တူးဖော်လှူဒါန်းခဲ့တဲ့ ရေကန်ဟာ မြေပေါ် (ဒေသအခေါ်တည်ကန်) မြေသားရေကန် တစ်ခုပါပဲ။
၂၀၁၈ ခုနှစ် နွေရာသီကာလမှာတော့ မုန်တိုင်းမိုးကြောင့် မိုးအဝင်စောခဲ့ပြီး သောက် သုံးရေရှားပါးမှုပြဿနာကို သိသာစွာ မကြုံ တွေ့ခဲ့ရပေမဲ့ စံချိန်တင်အပူရှိန်များနဲ့ ၂၀၁၉ ခုနှစ် နွေရာသီဟာတော့ ဘယ်တော့မှ ရေမ ခမ်းနိုင်လို့ ထင်မှတ်ထားတဲ့ မြေသားမိုးရေ လှောင်ကန်များကိုပါ ရေခန်းခြောက်သွားပါ စေတော့တယ်။ နူနလနည နြိငေ ွမသကစ နဲ့ စေတနာရှင် အလှူရှင်များ တူးဖော်လှူဒါန်း ထားတဲ့ ရေကန်များအနက် လပွတ္တာမြို့နယ် အတွင်းရှိ ရွေးစုစည်းကျေးရွာမှ သောက်သုံး ရေကန်၊ ပျဉ်ကနုကုန်းကျေးရွာမှ သောက်သုံး ရေကန်နှင့် ကုန်းကြီးကျေးရွာမှ သောက်သုံး ရေ ကန် များမှာ ရေခန်းခြောက်ခဲ့ရပါတယ်။ သို့သော်လည်း အကြောင်းရင်းကို လိုက်လံစစ် ဆေးရာမှာတော့ ရွေးစုစည်းကျေးရွာမှ သောက်သုံးရေကန်ဟာ ကျေးရွာမှာ မုန်တိုင်း ဒဏ်ခံအဆောက်အအုံ ဆောက်လုပ်တဲ့နေရာ မှာ ရေလိုအပ်သည်ကို အလွန်အကျွံ့ရယူသုံး စွဲခဲ့လို့ ခန်းးခြောက်ခဲ့ရခြင်းဖြစ်ပြီး ကုန်းကြီး ကျေးရွာမှ သောက်သုံးရေကန်ကတော့ ကျေး ရွာဘုန်းကြီးကျောင်းမှ ဆရာတော်ပျံလွန် တော်မူရာတွင် အလှူပွဲများ ကျင်းပရာ၌ ပုံမှန် သုံးစွဲမှုထက် ရယူသုံးစွဲခဲ့တာကြောင့်ပဲ ဖြစ်ပါ တယ်။ ပျဉ်ကနုကုန်းကျေးရွာ သောက်သုံးရေ ကန်ကတော့ ရေများကျန်နေသေးသော်လည်း ရေကန်အတွင်း ငါးများစွာ ရောက်ရှိနေကာ နေပူရှိန်ပြင်းထန်မှုကြောင့် ငါးအချို့သေဆုံး ၍ ရေများပုပ်ကာ သောက်ရေ မရှိတော့ခြင်း ပဲဖြစ်ပါတယ်။
“ကျွန်တော်တို့ရွာလေးက အရင်က ဒီ အချိန်ဆိုရေပြတ်ပြီ။ ရေကန်ကို အစောင့်ပါ ချထားပြီး ဝေစုနဲ့ ခွဲဝေပြီးတော့ သုံးရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က Eleven က ဆရာတွေက ကျွန်တော်တို့ ရွာမှာ ရေကန်လာလှူ ပေးတယ်။ ကံကောင်းတာက အဲဒီရေကန်က ချက်ချင်းကို သောက်ရေတန်းရတယ်။ ကန်ကို ကျေးရွာလုပ်အားလေးနဲ့ လိုတာပြင်ဆင်ပြီး တော့ ခြံစည်းရိုးပါကာထားလိုက်တယ်။ အခုတော့ ရေကို ဖူဖူလုံလုံ သုံးနိုင်ရုံတင်မကဘူး အခြားရွာတွေကိုပါ ပြန်လှူနိုင်တယ်။ အခုလို ရေကန်လာရောက်လှူဒါန်းပေးတဲ့ အလှူရှင်တွေကို အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ကံဆိပ်ကျေးရွာမှ ဦးမျိုးမြင့်က ပြောပါတယ်။
ဘာ့ကြောင့် သောက်သုံးရေရှားပါးရသလဲ
ပင်လယ်ကမ်းနီး ကျေးရွာများမှာ သောက်သုံးရေ ရှားပါးခြင်းဆိုသည်မှာ နှစ်စဉ်ဖြစ်ပွားတတ်တဲ့အရာပါ။ ဟိုးအရင် နာဂစ် မဖြစ်ချိန်ကတော့ ဒေသရဲ့ စီးပွားရေးလုပ်ငန်း လေးတွေကလည်း အဆင်ပြေ ကျေးရွာဓလေ့ အတိုင်းတူးဖော်ထားခဲ့တဲ့ ကျေးရွာသောက်သုံးရေကန် လေးတွေကလည်း အပူရှိန် သိပ်မပူပြင်းမှုကြောင့် အဆင်ပြေခဲ့ပေမဲ့ ယခုအချိန်မှာ ဒေသရဲ့စီးပွားရေး လုပ်ငန်းများက ကျဆင်း၊ တစ်ရွာကနေ တစ်ရွာကို ရေသွားရောက် ခပ်ယူဖို့ စက်လှေကြီးကြီးမားမားကမရှိ၊ ကျေးရွာက သောက်သုံးရေကန်ကြီး အများစုကလည်း နာဂစ်မုန်တိုင်းမှာ ပျက်စီးခဲ့ရပါ တယ်။ ပြန်လည်ပြင်ဆင်ခြင်း အသစ်တူးဖော်ခြင်း များစွာကို လုပ်ဆောင်ခဲ့ပေမဲ့ ယခင်က အတိုင်းတော့ ပြန်လည် ကောင်းမွန်လာခြင်း မရှိတော့ပါဘူး။ ဒါ့အပြင် ကျေးရွာအချို့ဟာ နာဂစ်မုန်တိုင်းပြီးချိန်မှာ အသက်မသေဘဲ ရှင်ကျန်ရစ်ခဲ့သူများကို ပြန်လည်စုစည်းကာ တည်ဆောက်ပေးခဲ့တဲ့ ကျေးရွာများ ဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦး တစ်ချိန်က ရပ်ဆွေ ရပ်မျိုးများကဲ့သို့ မဟုတ်ဘဲ စည်းလုံးညီညွတ်မှု လိုအပ်နေတဲ့ ကျေးရွာများကလည်း ရှိနေ ပါတယ်။ ထိုကဲ့သို့ ကျေးရွာများမှာတော့ ကျေးရွာသောက်သုံးရေကန်ကို စုစည်းပြင်ဆင်လိုစိတ်၊ ထိန်းသိမ်းလိုစိတ်များ နည်းပါးမှုကြောင့် ကျေးရွာသောက်သုံးရေကန် အချို့လည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် နွေရာသီဟာ အလွန်ကို ပူပြင်းခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် ပုသိမ်မြို့နယ်၊ ငပုတောမြို့ နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်၊ သာပေါင်းမြို့နယ်၊ မြောင်း မြမြို့နယ်၊ လပွတ္တာမြို့နယ်များအတွင်းက ရေငန်အရပ်ကျေးရွာများ တောင်ပေါ်ဒေသ စမ်းရေတွင်းမရှိတဲ့ ကျေးရွာများမှာ သောက် သုံးရေရှားပါးပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရပါ တယ်။ ရေချိုရရှိတဲ့ မြို့ပေါ်ရပ်ကွက်အချို့ မှာတောင် မြေအောက်ရေအထွက်နည်းလာ တာကြောင့် သောက်သုံးရေခက်ခဲမှုကိုကြုံ တွေ့နေတဲ့ဒေသများပင် ရှိခဲ့ပါတယ်။ လပွတ္တာမြို့ပေါ်မှာဆိုလျှင် တစ်ကြိမ်တစ်ခါမျှ မခန်းခြောက်ဖူးတဲ့ မြို့ပေါ် ရေလှောင်ကန် ကြီးအချို့ ခန်းးခြောက်ခဲ့တာကြောင့် ရေထော် လာဂျီတစ်စီးလျှင် ခုနစ်ထောင်ကနေ တစ် သောင်းခန့်အထိ ဝယ်ယူသုံးစွဲနေရသည့် အဖြစ်ပါ။ ကျေးလက်ဒေသများကတော့ ပိုမို ဆိုးရွားလှပါတယ်။ လပွတ္တာမြို့ဟာ လပွတ္တာ (ပင်လယ်လေး) ကြိုးတံတား ဖျက်သိမ်းထားပြီး အသစ်ပြန်လည် ပြင်ဆင်နေချိန် ဇက်ရေယာဉ် များနဲ့သာ သွားလာနေရတာကြောင့် အခြားသော မြို့ရွာများကနေ သောက်သုံးရေ လာရောက်လှူဒါန်းဖို့ ဆိုတာကလည်း ခက်ခဲလွန်းလှပါတယ်။ လပွတ္တာမြို့ကနေ ကုန်းလမ်းခရီးဖြင့် သွားလာရသည့် ကျေးရွာများကတော့ ရေအလှူအဖွဲ့များကြောင့် အတော်အသင့် အဆင်ပြေခဲ့ပေမဲ့ ရေကြောင်းခရီးနဲ့ အဆင့်ဆင့်သွားရတဲ့ ပင်လယ်ကမ်းနီး ကျေးရွာများကတော့ သောက်သုံးရေ ရရှိဖို့ဆိုတာ အတော်ကို အလှမ်းဝေးခဲ့ပါတယ်။
ဘယ်လိုတောင် အခက်အခဲ ကြုံတွေ့နေရပါသလဲ
ပင်လယ်ကမ်းနီးကျေးရွာ အများစုက သောက်သုံးရေကန်တွေ ရေခန်းခြောက်မှုကို ကြုံတွေ့နေရချိန်မှာ အခြားသောကျေးရွာများကို ရေသွားရောက်ခပ်ယူဖို့ ဆိုတာကလည်း မလွယ်လှပါဘူး။ ဒေသခံပြည်သူတွေမှာ ရှိတာက လှေငယ်လေးတွေ ချည်းပါပဲ။ လေးဂါလန် ရေလေးတစ်ပုံးရဖို့ တစ်နေကုန် ခရီးကိုသွားရောက်ခပ်ယူမှ သောက်သုံးရေကို ရရှိရတာပါ။ ကျေးရွာရေကန်အောက်ခြေ လေးတွေမှာ လက်ယက်တွင်းလေးတူးဖော် ကာ သုံးရေလေးရရှိဖို့တောင် မနည်းကို ကြိုးစားရပါတယ်။ ကျေးရွာတစ်ရွာက ဆရာတော်ဆိုလျှင် သောက်သုံးရေ သွားလှူတဲ့ အဖွဲ့ ရောက်ရှိလာချိန်မှာပဲ ချက်ချင်းကို ရေပုံးထဲမှ ရေကိုခပ်ယူကာ သောက်ယူပြီးနောက် အခုလို ရေမသောက်ရတာ ကြာပြီဆိုတဲ့ မိန့်ကြားစကား ရေမချိုးရဘဲ နွေနေပူပူမှာ သုံးရက်လောက်အထိ နေထိုင်ရတဲ့ အဖြစ်က ဒေသရဲ့ ရေရှားပါးမှုကို သက်သေထူပါတယ်။
“ဒီလိုရေမျိုးကို ခပ်ယူထားပြီးတော့ ညသိပ်၊ မနက်ကျ ပင်လယ်ရေငန်လေးနဲ့ နည်းနည်းရောပြီး သောက်ရတယ်။ အခုလို ကန်ကမကောင်းတော့ သောက်ရတာလည်း မကောင်းဘူး။ ချက်ပြုတ်စားရတာလည်း မကောင်းဘူး။ ရေချိုးရတာလည်း မကောင်းဘူး။ ကန်ရေကို ခပ်လိုက်ပြန်ရင်လည်း ကန်ရေက တစ်စက်မှကို အနည်မထိုင်ဘူး မကြည်ဘူးပေါ့။ သောက်ချင်စားချင်ရင် ကမ်းနားက ရေငန်ကိုခပ်ပြီးတော့ အဲဒီရေလေး နည်းနည်းရောလို့ ကြည်သွားမှ သောက်ရတယ်။ စားရတယ်။ သောက်ရတာ မကောင်းဘူးပေါ့။ ငန်ကျိငန်ကျိနဲ့။ ဒီရေကိုသုံးနေရလို့ ကလေးတွေမှာ ကိုယ်တွေယားတယ်။ အဖုတွေအပိမ့်တွေ ထွက်တယ်။ ထမင်းတွေကိုလည်း မကောင်းတဲ့ ရေနဲ့ချက်ရလို့ ဝမ်းတွေဘာတွေ ပျက်တာပေါ့။ အခုလိုရေလာလှူတော့ ဝမ်းအားကြီးသာတာပဲ။ အခုလို ရေရောက်လာတယ် ဆိုတာနဲ့ အူယားဖားယား ထွက်ပြီးတော့ ခပ်ကြပြုကြတာပေါ့။ တစ်ယောက် တစ်ပုံးရရ နှစ်ပုံးရရ။ တစ်ပုံးသောက်ရလည်း ဝမ်းသာတာပဲ။ နှစ်ပုံးသောက်ရလည်း ဝမ်းသာတာပဲ။ ဒီမှာအရှင် သုံးလို့မရတော့ အဲဒီလိုလာပေးတော့ ဝမ်းသာတာပေါ့။ ရေအခုလာလှူတာ သုံးခါရှိပြီ။ တစ်ယောက်ကို လေးငါးရှစ်ပုံးလောက် သောက်ရတယ်။ အရမ်းဝမ်းသာတာပေါ့” ဟု သင်္ကန်းကုန်းကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ရင်ရင်စန်းက ပြောပါတယ်။ ဒေသရဲ့ ခက်ခဲမှုတွေဟာ ဒေသခံတွေပဲ သိကြပါတယ်။
Eleven Media Group ရဲ့ ရေလှူဒါန်းမှု အစီအစဉ်
၂၀၁၉ ခုနှစ် နွေရာသီကာလမှာ Eleven Media Group နဲ့ စေတနာရှင်အလှူ ရှင်များ ရေလှူဒါန်းမှု အစီအစဉ်ကနေ လပွတ္တာမြို့နယ် ပြင်စလူမြို့ ပြာမလော့မြစ် အောက်ဘက်ခြမ်း အလှူရှင်များ အကမ်းအ လှမ်းဝေးရာ ပင်လယ်ကမ်းနီးကျေးရွာများမှာ လှူဒါန်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုကျေး ရွာတွေကို ရေလှူဒါန်းနိုင်ဖို့ဆိုတာ အခြားသော မြို့ကြီးများမှ သောက်သုံးရေကို လပွ တ္တာမြို့အရောက် သယ်ယူ၊ စက်လှေတွေနဲ့ တကွသွားရောက်လှူဒါန်းဖို့ဆိုတာ မလွယ် လှပါဘူး။ ကုန်ကျစရိတ်များပြားခြင်း၊ ခရီးလမ်းဝေးကွာခြင်း၊ လှိုင်းလေများကြောင့် အသက်အန္တရာယ် စိုးရိမ်ရခြင်းများလည်း ရှိနေရတဲ့ ဒေသတွေပါ။ ကံကောင်းမှု တစ်ခုကတော့ ပြင်စလူမြို့ပေါ်မှာတင် မင်္ဂလာသိဒ္ဓိ ကျောင်းတိုက် ဆရာတော်ဦးဆောင် စောင့်ရှောက်ထားတဲ့ မဟာမင်္ဂလာကန်ဆိုတဲ့ ငါးဧကကျော် ကျယ်ဝန်းလှတဲ့ ရေကန်တစ်ခုက ရှိနေပါတယ်။ ဒီရေကန်ကရေဟာ သောက်ရေကောင်းမွန်စွာ ရရှိပြီးတော့ ပြင်စလူမြို့အပြင် အနီးကျေးရွာများရဲ့ အသက်သွေးကြောပါ။ အဲဒီရေကန်ကနေ မင်္ဂလာသိဒ္ဓိ ကျောင်းတိုက်ဆရာတော် ဦးအာနန္ဒာဦးဆောင်တဲ့ အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ ပြင်စလူမြို့မှာ တာဝန်ကျနေသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနဲ့ ပူးပေါင်းကာ ပင်လယ်ကမ်းနီး ကျေးရွာများကို သောက်သုံးရေလှူဒါန်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ပြင်စလူမြို့ ဒေသခံတွေက စက်လှေတွေ အခမဲ့စီစဉ်ပေး၊ လူအင်အားနဲ့ ရေသယ်ယူ ပေးခြင်းတွေကို လုပ်ဆောင်ပေးပြီးတော့ Eleven Media Group နဲ့ စေတနာရှင် အလှူရှင်များကနေ စက်လှေ ဆီဖိုးများ စက်လှေလိုက်လံ မောင်းနှင်ပေးသူများကို အနည်းငယ်သော အသုံးစရိတ်များ ကူညီကာ သောက်သုံးရေ လှူဒါန်းမှုများကို နေ့စဉ်ဆက်တိုက် ပြုလုပ်ပေးခဲ့ပါတယ်။
ပြင်စလူမြို့ကနေ ကုန်းလမ်းခရီးနဲ့ သွားရောက်ရတဲ့ ကျေးရွာတွေကိုတော့ ဒေသခံများရဲ့ ထော်လာဂျီ ကူညီမှုများဖြင့် သွားရောက် လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ရေကြောင်းခရီး ဖြစ်တဲ့အပြင် ပြာမလော့မြစ်ကဲ့သို့သော မာယာများတဲ့ အန္တရာယ်ကြီးသည့် မြစ်ကိုဖြတ်သန်းကာ သွားရောက်လှူဒါန်းရခြင်း ဖြစ်တာကြောင့် လှိုင်းလေမိသည် ဆိုသည်ကလည်း အကြိမ်ကြိမ်ပါပဲ။ တစ်ခါတစ်ရံမှာ လှိုင်းလေများကြောင့် အပြန်ခရီး နောက်ကျခဲ့ရပြီး မြစ်ပြင်ကျယ်ထဲ ဓာတ်မီးငယ်များနဲ့ ကြယ်ကို ကြည့်ကာ မောင်းနှင်ခရီးဆက်ရတဲ့ ရက်အချို့လည်း ရှိပါတယ်။ နွေအခါမှာ ငွေကိုမလို ရေကိုသာ လိုကြသည့် ပြည်သူတွေအတွက် Eleven Media Group နဲ့ စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်ဟာ ရေကြည်တစ်ပေါက် မျှော်လင့်နေသည့် ပြည်သူများရဲ့ သာဓုခေါ်သံများနဲ့ ပြည့်ဖုံးခဲ့ပါတော့တယ်။