ရခိုင်ပြည်နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရေနံစိမ်းများ တင်ဆောင်ရာတွင် ဆီယိုဖိတ်မှုများ ဖြစ်လာနိုင်၍ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များ စီမံရေးဆွဲပေးရန်အဆို အမျိုးသားလွှတ်တော်သို့ တင်သွင်း

ရခိုင်ပြည်နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရေနံစိမ်းများ တင်ဆောင်ရာတွင် ဆီယိုဖိတ်မှုများ ဖြစ်လာနိုင်၍ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များ စီမံရေးဆွဲပေးရန်အဆို အမျိုးသားလွှတ်တော်သို့ တင်သွင်း
Published 8 May 2019
စိုးမင်းထိုက်

ရခိုင်ပြည်နယ် မဒေးကျွန်းရေနက် ဆိပ်ကမ်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရေနံစိမ်းများ တင်ဆောင်ရာတွင် ဆီယိုဖိတ်မှုများ ဖြစ်လာနိုင်၍ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များ စီမံရေးဆွဲပေးရန် အဆိုအား ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။

မေ ၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးမောင်မောင်အုန်းက မြန်မာ့ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန်အတွက် တန်ချိန် သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင် သင်္ဘောကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ ကြီးမားသည့် မတော်တဆထိခိုက်မှု အန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး ပမာဏများပြားသော ဆီယိုဖိတ်မှုများ ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွား    များကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည် ထောင်စုအစိုးရမှ အချိန်မီနှင့် အမြန်ဆုံး အန္တရာယ် ကာကွယ်တားဆီးရေး ကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော  ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပြီး ကန့်ကွက်သူ မရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ဦးမောင်မောင်အုန်းက “ဒီအဆ်ိုကို တင်သွင်းရခြင်းက မြန်မာ့ပင်လယ်ပြင်နဲ့ မြစ်ချောင်းတွေမှာ သင်္ဘောတွေရဲ့ စက်မောင်းဆီတွေ၊ ရေနံစိမ်းတွေ ယိုဖိတ်မှု မဖြစ်ပွားမီ ထိခိုက်ဆုံးရှုံး နစ်နာမှုများ နည်းပါးစေရန်အတွက် စိတ်ချရသော အစီအမံများ၊၊ အရေးပေါ် ဖြေရှင်းမည့် အစီအမံများ၊ ပြင်ဆင်ထားစေရန်နှင့် ဆီယိုဖိတ်မှုများ ဖြစ်ပေါ်လာပါက ကျူးလွန်မှုအတွက် ပြစ်မှုနှင့်ပြစ်ဒဏ် ချမှတ်နိုင်ရန် လည်းကောင်း၊ မိမိတို့၏ပိုင်နက် ပင်လယ်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာ ဆုံးရှုံးမှုနှင့် ဒေသခံ ပြည်သူများ၏ လူမှုရေးဘဝ ဆုံးရှုံးနစ်နာမှုများ အတွက် ထိုက်သင့်သည့် လျော်ကြေးများ ရရှိစေရန်အတွက် လည်းကောင်း၊ ရေနံယိုဖိတ်မှုများ အတွက် နိုင်ငံတကာအဆင့်မီ သီးခြားအာမခံ ထားရှိမှုများနှင့် ယိုဖိတ်ဆီများ ရှင်းလင်းရန် ကုန်ကျစရိတ်များအတွက် တာဝန်ယူမှုများကို သင်္ဘောပိုင်ရှင်များနှင့် ယင်းတို့၏ အာမခံကုမ္ပဏီများက မဖြစ်မနေ ပေးဆောင်စေရန် သတ်မှတ်နိုင်စေရေးအတွက် ရည်ရွယ်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

ထို့အပြင် ကမ်းရိုးတန်းများကို ပိုင်ဆိုင်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အနေဖြင့် ရေမြေတောတောင်နှင့်အညီ ကာကွယ်ရန် အစီအမံများဆောင်ရွက်ထားရန် ရည်ရွယ်ကြောင်း၊ မိမိပိုင်ရေပိုင်နက်အတွင်း ရေနံစိမ်းယိုဖိတ်မှု ပျံ့နှံ့လာပါက နစ်နာမှုများအတွက် လုံလောက်သည့် နစ်နာကြေးများ သတ်မှတ်ရန်နှင့် တာဝန်ရှိမှုပြဿနာ များအား အပြည်ပြည်ဆိုင်ရာဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ တစ်ပြေးညီ ချမှတ်ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း၊ ရေနံယိုဖိတ်မှုများအတွက် ယင်းသင်္ဘောနှင့် အာမခံကုမ္ပဏီများ အနေဖြင့် သက်ဆိုင်သည့်နိုင်ငံ၏ ဥပဒေများအတိုင်းသာ ပေးလျော်ရကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ရေနံယိုဖိတ်မှုနှင့် ပတ်သက်၍ ကာကွယ်ပေးမည့် ဥပဒေ မရှိသည့်အတွက် ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ပါက ပြစ်မှုပြစ် ဒဏ်များ မချနိုင်သည့်အပြင် လျော်ကြေးငွေလည်း လုံးဝရနိုင်မည် မဟုတ်ကြောင်း၊ သာမန်အားဖြင့် သဘောင်္သည် ဆီယိုဖိတ်မှုအတွက် လျော်ကြေးပေးရန် အမေရိကန်ဒေါ်လာ တစ်ဘီလျံကို အာမခံအဖြစ် မဖြစ်မနေ ထားရကြောင်း ဦးမောင်မောင်အုန်းက ဆိုသည်။

ရခိုင်ပြည်နယ် မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် ရှိမည် ဖြစ်ကြောင်း၊ အလွန်ကြီးမားသည့် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်ရမည်ဖြစ်ကြောင်း၊ ယင်းသင်္ဘောများမှ မတော်တဆ ဖြစ်စဉ်များကြောင့် ရေနံယိုဖိတ်မှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့အတွက် ကာကွယ်မှုများ ကြိုတင်ပြုလုပ်ထားရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ခဲ့ပါက ကာကွယ်နိုင်ရန်အတွက် ယခုအဆိုအား တင်သွင်းရခြင်းဖြစ်ကြောင်း ဦးမောင်မောင်အုန်းက ပြောကြားသည်။

 

Most Read

Most Recent