ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေ လက်ကျန်နှစ်ပွဲကို လွဲချော်ဖွယ်ရှိနေ

ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေ လက်ကျန်နှစ်ပွဲကို လွဲချော်ဖွယ်ရှိနေ
Published 6 May 2019

ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေသည် ချယ်လ်ဆီး(၃-၀)ဝက်ဖို့ဒ်ပွဲတွင် ရရှိခဲ့သည့်တံကောက်ကြောဒဏ်ရာကြောင့် လက်ကျန်နှစ်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

ကွန်တေအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားခဲ့သည့်ယင်းပွဲ၌ ပွဲအစ(၁၀)မိနစ်မှာပင် ဒဏ်ရာရရှိမှုကြောင့် လော့ဖ်တပ်ချိခ်နှင့် လူစားလဲခံခဲ့ရသည်။

၎င်းမှာ ချယ်လ်ဆီးအသင်းကစားမည့် ဖရန့်ဖတ်နှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲ၊ လက်စတာနှင့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိနေပြီး အသင်းအနေဖြင့် ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်လျှင်မူ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။

ချယ်လ်ဆီးနည်းပြ ဆာရီကလည်း ၎င်းအနေဖြင့် ကွန်တီနှင့်ပတ်သက်ပြီး မစွန့်စားသင့်ဟုလည်း ဝန်ခံခဲ့သည်။

'' သူ့ရဲ့တံကောက်ကြောမှာ ပြဿနာရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ အမှားတစ်ခုကို ကျူးလွန်မိတယ်လို့ ယူဆပါတယ်။ ဖြစ်သင့်တာက ဒီနေ့ပွဲမှာ သူ့ကို အနားပေးသင့်ပါတယ်။ တစ်ခါတစ်ရံ အရေးပါတဲ့ကစားသမားတစ်ယောက်ကို အရန်ခုံမှာထားရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါဟာ လုပ်ကိုလုပ်နေရမယ့် အရာတစ်ခုပါ။ မနက်ဖြန်နံနက်အထိ ကျွန်တော်တို့ အဖြေကို စောင့်ကြည့်ရမှာပါ။ ကျွန်တော့်အမြင်အရတော့ လာမယ့်နှစ်ပွဲမှာ အချိန်မီပြန်ကောင်းနိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားရရင်တော့ သူ့အတွက် ကံကောင်းနိုင်ပါတယ်။ သူ အချိန်မီပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်''ဟု ဆာရီက ပြောကြားခဲ့သည်။

 

Most Read

Most Recent