ဒီဇင်ဘာ ၁၅ ရက်တွင် ရွှေရာမာန်နှင့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲထိုးသတ်မည်ဟု ထွန်းထွန်းမင်း အတည်ပြု

ဒီဇင်ဘာ ၁၅ ရက်တွင် ရွှေရာမာန်နှင့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲထိုးသတ်မည်ဟု ထွန်းထွန်းမင်း အတည်ပြု
Published 30 April 2019

မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက ရွှေရာမာန်၏စိန်ခေါ်မှုကို လက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် စိန်ခေါ်ပွဲယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုပြော ကြားသည်။

ရွှေရာမာန်သည် နာမည်ကြီးကစားသမား စိုးလင်းဦးကို အနိုင်ရခဲ့ပြီးနောက် ထွန်းထွန်းမင်းကို ဆက်လက်စိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး ထွန်းထွန်းမင်းက စိန်ခေါ်မှုကိုလက်ခံကာ ဧပြီ ၂၈ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ 

''အစကတော့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထိုးသတ်ဖို့ပြောပေမဲ့ နောက်ဆုံးမှာတော့ ၁၅ ရက်နေ့မှာ ယှဉ်ပြိုင်ကြဖို့ အတည်ဖြစ်သွားပါတယ်။ ရာမာန်က အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတစ်ဦးပါ။ သူက စိုးလင်းဦးကိုလည်း အနိုင်ရအောင် ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ကျွန်တော့်အနေနဲ့ကတော့ ဘယ်သူပဲစိန်ခေါ်စိန်ခေါ် လက်ခံဖို့အသင့်ပါပဲ။ ရာမာန်ကလည်း ဒီပွဲအတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လာမှာပါပဲ။ ပွဲကလည်း လိုသေးတာကြောင့် ကျွန် တော့်အနေနဲ့ အကောင်းဆုံးပုံစံရဖို့ ပြင်ဆင်ချိန်ရပါတယ်။ ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ''ဟု ထွန်းထွန်းမင်းက ပြောကြားသည်။

ရွှေရာမာန်သည် မြန်မာ့ရိုးရာလက်ဝှေ့ ပထမတန်းသို့ တက်ရောက်ထိုးသတ်နိုင်ရန် ပရိသတ်များမျှော်လင့်ထားသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ 

၎င်းသည် ပြီးခဲ့သည့် ဧပြီ ၁၉ ရက်က မွန်ပြည်နယ် ရေးမြို့နယ်ရှိ သောင်ပြင်ရွာတွင် ကျင်းပခဲ့သော ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ စိုးလင်းဦးကို လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ဆေးရှုံးဖြင့် အနိုင်ရခဲ့သည်။ 

ယင်းပွဲစဉ်အပြီးတွင် ရွှေရာမာန်နှင့် ထွန်းထွန်းမင်း ထိုးသတ်ရန် အတွက် ချက်ချင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး မူလက အောက်တိုဘာတွင် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ဒီဇင်ဘာပွဲစဉ်အတွက် သဘော တူညီမှုရခဲ့ခြင်းဖြစ်သည်။ 

ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့၏ စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန် (သို့မဟုတ်) မန္တလေးမြို့၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ 

ရွှေရာမာန်သည် မန္တလေးပရိသတ် အခိုင်အမာရရှိထားသူဖြစ်ပြီး ထွန်းထွန်းမင်းမှာမူ အဓိကပွဲအများစုကို ရန်ကုန်မြို့၌ ထိုးသတ်ထားသည်။

Most Read

Most Recent