ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် (၆) ကြိမ်မြောက် ဥရောပရွှေဖိနပ်ဆုကို ရရှိရန်အတွက် PSG လူငယ်တိုက်စစ်မှူး ဘာပေ နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း စပိန် အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် လာလီဂါပွဲစဉ် (၃၄) အပြီးတွင် (၃၃) ဂိုး သွင်းယူထားပြီး ဥရောပဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ ၎င်း၏နောက်တွင် ဘာပေက သွင်းဂိုး (၃၀) ဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။ မက်ဆီအနေဖြင့် လာလီဂါပွဲကျန် (၄) ပွဲသာ ကျန်ရှိတော့သော်လည်း ဘာပေမှာမူ PSG အသင်း နှင့် လီဂူးပွဲကျန် (၅) ပွဲအထိ ဆင်နွှဲရဦးမည် ဖြစ်သည်။
ဘာစီလိုနာအသင်း၏ လာလီဂါလက်ကျန် (၄) ပွဲတွင် မက်ဆီသည် လီဗန်တေး၊ ဂီတာဖေး၊ ဆယ်လ်တာဗီဂို၊ ဗလင်စီယာတို့နှင့် ကစားရမည်ဖြစ်သည်။ ဘာပေမှာမူ PSG အသင်း၏ လက်ကျန်ပွဲစဉ်များအဖြစ် မောင့်ပယ် လီယာ၊ အန်ဂါစ်၊ Reims ၊ နိုက်စ်၊ ဒီယွန်းအသင်းတို့နှင့် ကစားရမည်ဖြစ်ရာ ဘာပေအနေဖြင့် မက်ဆီ ၏ (၆) ကြိမ်မြောက် ဥရောပရွှေဖိနပ်ဆုရရှိရေး အိပ်မက်ကို အဓိကခြောက်လှန့်နေကြောင်း Marca က ဖော်ပြခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ဥရောပရွှေဖိနပ်ဆုကို ၂၀၀၉-၁၀ ရာသီတွင် စတင်ရရှိခဲ့ပြီး (၅) ကြိမ်ဖြင့် အများဆုံးရရှိထားသူဖြစ်သည်။