ဆေးခြောက်သုံးစွဲမှုကို တရားဝင် ခွင့်ပြုပေးခြင်းအား မထောက်ခံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

ဆေးခြောက်သုံးစွဲမှုကို တရားဝင် ခွင့်ပြုပေးခြင်းအား မထောက်ခံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား
၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ပိုလန်၌ ဒေါက်တာ မာရက်ဘာချန်စကီး၏ စာအုပ်ပေါ်တွင် ဆေးဖက်သုံး ဆေးခြောက်ဆီကို တွေ့ရစဉ် (Photo: AFP)
၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ပိုလန်၌ ဒေါက်တာ မာရက်ဘာချန်စကီး၏ စာအုပ်ပေါ်တွင် ဆေးဖက်သုံး ဆေးခြောက်ဆီကို တွေ့ရစဉ် (Photo: AFP)
Published 10 October 2018
Ref: AFP

ဆေးခြောက်ကို အပန်းဖြေရန်အတွက် သုံးစွဲခြင်းအား တရားဝင်ခွင့်ပြုပေးသည့် ကမ္ဘာ့ဒုတိယမြောက်နိုင်ငံဖြစ်လာရန် ကနေဒါက ပြင်ဆင်နေစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥက္ကဋ္ဌက ကမ္ဘာ့နိုင်ငံများသည် တရားမဝင် မူးယစ်ဆေးသုံးစွဲမှုအား တံခါးဖွင့်မပေးမီ နှစ်ကြိမ်ပြန်စဉ်းစားသင့်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်တွင် ဒေသတွင်း အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌ တေဒရိုအဒါ နွန်ဂီဘရီရေဆုက ဆေးခြောက်ကဲ့သို့သော မူးယစ်ဆေးများအား ဆေးဖက်ဆိုင်ရာ အသုံးပြုမှုများအတွက် ခွင့်ပြုခြင်းအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“အထူးသဖြင့် နာကျင်မှုကို ကုစားဖို့အတွက် ဆေးခြောက်ကို လိုအပ်တဲ့သူတွေ ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရှိလည်း ရှိသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆေးခြောက်ကို သုံးစွဲခွင့်ရရန် စည်းကမ်းရှင်းရှင်းလင်းလင်း သတ်မှတ်မှု ရှိသင့်ကြောင်း၊ အပြည့်အဝ တရားဝင်ခွင့်ပြုရန် အတွက် ဆောင်ရွက်ခြင်းက ကျန်းမာရေး အန္တရာယ်များကို ဆောင်ယူလာမည်ဖြစ်ကြောင်း တေဒရိုက ထပ်မံပြောကြားခဲ့သည်။ စွဲလမ်းစေသော မည်သည့်အရာမဆို လူတို့၏ ကျန်းမာရေးအတွက် ကောင်းမွန်သည်ဟု မယူဆကြောင်း၊ ယင်းကဲ့သို့ ဆေးဝါးများကို တရားဝင် ခွင့်ပြုပေးရန် နိုင်ငံများအား တိုက်တွန်းသွားမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဥရုဂွေးသည် လွန်ခဲ့သော ငါးနှစ်က ကမ္ဘာပေါ်တွင် ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ပေးခဲ့သော ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ကနေဒါကလည်း မကြာမီ ဆေးခြောက်ကို ဝယ်ယူ၊ စိုက်ပျိုး၊ သုံးစွဲခွင့်ပေးတော့မည် ဖြစ်သည်။ လူငယ်များအား ကာကွယ်ရန်အတွက်နှင့် မှောင်ခိုရောင်းချသူများအား နှိမ်နင်းရန်အတွက် ဆေးခြောက်ကို ခွင့်ပြုခြင်းဖြစ်ကြောင်း ကနေဒါ တာဝန်ရှိသူများက ပြောကြားထားသည်။

အမေရိကန်တွင်လည်း ပြည်နယ်ကိုးခု၌ ဆေးခြောက်ကို သုံးစွဲခွင့်ပေးထားပြီးဖြစ်ကာ အခြားပြည်နယ်များကလည်း လိုက်ပါ ဆောင်ရွက်ရန် ပြင်ဆင်နေသည်။ အရက်၊ ဆေးရွက်ကြီးတို့နှင့် အလားတူ ဆေးခြောက် ကဲ့သို့သော မူးယစ်ဆေးဝါးများသည် ကျန်းမာရေး အန္တရာယ်ရှိသောကြောင့် ထိန်းချုပ်ရန် လိုအပ်ကြောင်း တေဒရိုက ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်ရန် နိုင်ငံအများအပြားက ဆောင်ရွက်နေကြကြောင်း ဆေးလိပ်ကြောင့် တစ်ကမ္ဘာလုံးတွင် ကျန်းမာရေး ထိခိုက်မှု ဖြစ်စေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယူဆကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အချို့နိုင်ငံများတွင် ဆေးလိပ်သောက်သုံးမှု ကျဆင်းလာသော်လည်း ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သူ တစ်ဘီလျံကျော် ရှိနေဆဲဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုမှု ကျယ်ပြန့်လာနေစဉ် ဆေးခြောက်သုံးစွဲသူ အရေအတွက်သည် အလွန်နည်းပါးသေးကြောင်း ကုလသမဂ္ဂက ထောက်ပြထားသည်။ ၂၀၁၃ ခုနှစ်တွင် ဆေးခြောက်ကို ကျန်းမာရေးအတွက် မဟုတ်ဘဲ သုံးစွဲသူ ၁၈၂ သန်းနီးပါး ရှိသည်ဟု ၂၀၁၃ ခုနှစ် စာရင်းအင်းများက ဆိုသည်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးရန် ဆောင်ရွက်သော နိုင်ငံများသည် ၎င်းတို့နိုင်ငံသားများ၏ ကျန်းမာရေးအတွက် သက်ရောက်မှုများကို အနီးကပ် စောင့်ကြည့်ရန် အရေးကြီးကြောင်း တေဒရိုက ပြောကြားခဲ့သည်။

Most Read

Most Recent