သရုပ်ဆောင် ယဉ်လက်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ယဉ်လက်နှင့် တွေ့ဆုံခြင်း
Published 9 October 2018
စုမှူးနိုင်

မြန်မာ့အနုပညာလောကမှာ ဖိုက်တင်ပိုင်တဲ့ မင်းသမီးတစ်လက်အဖြစ်ရော ချစ်စရာကောင်းတဲ့ မင်းသမီးတစ်လက်အဖြစ်ရော ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ မင်းသမီးတစ်လက်ကတော့ ယဉ်လက်ပါ။ လက်ရှိမှာ ‘တည်ကြက်’ ဇာတ်ကားမှာလည်း ယောကျာ်းဆန်တဲ့ ဖိုက်တာမလေး စင်ဒီအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ယဉ်လက်နဲ့ တွေ့ဆုံခိုက် ‘တည်ကြက်’ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ အပြင် သူရဲ့အနုပညာ လှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

■ မေး - တည်ကြက်ဇာတ်ကားမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ ပါဝင်ထားလဲ။

ဖြေ - ‘တည်ကြက်’ ဇာတ်ကားမှာ မိန်းကလေးပုံ သိပ်မပေါက်ဘူး။ ယောကျာ်းလေး ဆန်တယ်။ မိန်းကလေးတစ်ယောက်ကို ချစ်တယ်။ ဖိုက်တာကောင်မလေး စင်ဒီအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

■ မေး - ‘တည်ကြက်’ ဇာတ်ကား ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံနဲ့ အမှတ်တရလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကား စပြီးကမ်းလှမ်းခံရတည်းက ရိုက်ကူးစဉ်ကာလ တစ်လျှောက်မှာရော ရိုက်ကူးပြီးသွားတဲ့အချိန်မှာပါ။ အမှတ်တရတွေ အများကြီးပါပဲ။ ဒီဇာတ်ကားရိုက်ကူးတုန်းက အခက်အခဲတွေလည်း အများကြီးပါပဲ။ အဲဒီလို ခက်ခဲခဲ့တာလည်း ညီမတစ်ယောက်တည်း မဟုတ်ဘူး။ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေ အားလုံးအတွက်ရော၊ အတတ်ပညာပိုင်းဆိုင်ရာကလူတွေရော၊ စက်မှုပိုင်းဆိုင်ရာကလူတွေရော အားလုံး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ကားကြီးပါပဲ။ ဇာတ်ကားရိုက်ကူးစဉ် ကာလမှာလည်း ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ အားလုံးက ပရိသတ်တွေဆီကို ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ကြည့်ရှုစေနိုင်ဖို့ သေချာအပင်ပန်းခံပြီး ကြိုးစားခဲ့ကြတာပါ။

■ မေး - ဒီဇာတ်ကားကို ဘယ်တွေမှာသွားရိုက်ခဲ့ရလဲ။

ဖြေ - ဒီဇာတ်ကားကို ပြင်ဦးလွင်မှာပဲ သွားရောက်ရိုက်ကူးခဲ့တာပါ။

■ မေး - ‘တည်ကြက်’ က ယဉ်လက်အတွက် ဘယ်နှကားမြောက် ရုပ်ရှင်ဇာတ်ကားလဲ။

ဖြေ - ရုံတင်ပြသတာကတော့ ဒီဇာတ်ကားက ယဉ်လက်အတွက် ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးပါ။ ရိုက်ကူးရေး အတွက်ဆိုရင်တော့ ကိုယ့်အတွက် ပထမဆုံး ကမ်းလှမ်းခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။

■ မေး - ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တော့ ဘယ်လိုခံစားရလဲ။ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။

ဖြေ - ကိုယ့်အတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ကမ်းလှမ်းခံရတာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားတာထက် စိုးရိမ်တာက ပိုများခဲ့တယ်။ ကိုယ့်ကြောင့် တစ်ခုခုဖြစ်မှာမျိုး၊ ကိုယ့်ကို အလိုမကျဖြစ်မှာမျိုးတွေကိုတွေးပြီး စိတ်ပူခဲ့ရတယ်။ တကယ်တမ်း ရိုက်ကူးတဲ့အခါမှာတော့ ဒါရိုက်တာရဲ့ သင်ကြားပြသမှုတွေရော၊ ပါဝင်ကြတဲ့ သရုပ်ဆောင်အားလုံးရဲ့ လက်တွဲခေါ်ယူမှုတွေရော၊ ဆရာသမားတွေအားလုံးရဲ့ ပြောဆိုဆုံးမမှုတွေကြောင့်ရော အစအဆုံး ပျော်ပျော်ရွှင်ရွှင် ချောချောမွေ့မွေ့နဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။

■ မေး - အခုလက်ရှိ အနုပညာ လှုပ်ရှားမှုလေးတွေကိုလည်း သိပါရစေ။

ဖြေ - လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ မျက်ခြယ်ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးနဲ့အတူ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပါတယ်။  

■ မေး - အခုချိန်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုရလာပြီဆိုတော့ ကိုယ့်ဘက်ကရော ပရိသတ်တွေအတွက် ဘယ်လိုတွေပိုပြီး ကြိုးစားဖြစ်လဲ။

ဖြေ - ယဉ်လက်ကို အခုချိန်အထိ ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ အရင်ပြောချင်ပါတယ်။ အရင်တုန်းကလည်း ကြိုးစားခဲ့တယ်။ အခုလည်း ကြိုးစားနေပါတယ်။ နောင်လည်း ပိုပြီးကြိုးစားသွားမှာပါ။

■ မေး - ကိုယ့်ရဲ့ သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ရော ကျေနပ်မှုရှိနေပြီလား။

ဖြေ - ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပြီလား ဆိုတာတော့ သေချာမပြောပြတတ်ဘူး။ ဒါပေမဲ့ ယဉ်လက်အနေနဲ့ ဘယ်နေရာပဲရောက်ရောက် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့နေရာကို ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘက်က အမြဲတမ်း ကြိုးစားအားထုတ်ခဲ့လို့ပါ။ အရင်ကလည်း အဲဒီအချိန်တုန်းက ရှိတဲ့အတွေ့အကြုံနဲ့ အကောင်းဆုံး ကြိုးစားခဲ့သလို အခုချိန်မှာလည်း အခု အတွေ့အကြုံ ရှိသလောက်နဲ့ အကောင်းဆုံး ကြိုးစားပါတယ်။ အရင်တုန်းကနဲ့ အခုရလာတဲ့ ရလဒ်ချင်းကတော့ တူချင်မှတူပါလိမ့်မယ်။ ဒါပေမဲ့ ယဉ်လက်ဘက်က ကြိုးစားအားထုတ်ခဲ့တာကတော့ အားလုံးအတူတူချည်းပါပဲ။

■ မေး - အခုချိန်မှာ အရင်ကထက် အနုပညာလုပ်ပိုင်ခွင့် ပိုရလာပြီဆိုတော့ ယဉ်လက်အနေနဲ့ရော ဘယ်လိုဇာတ်ရုပ်မျိုးတွေကို ရိုက်ချင်လဲ။

ဖြေ - ယဉ်လက်အနေနဲ့ကတော့ လုပ်ပိုင်ခွင့်တွေ ဘာတွေသိပ်ပြီးမသိပါဘူး။ အရင်ကတည်းက လူကြီးတွေက စီစဉ်ပေးတာကိုပဲ လိုက်ပြီးလုပ်ခဲ့တဲ့ ကလေး တစ်ယောက်လိုပါပဲ။ လူကြီးတွေက ကိုယ့်ကို ဒီအနုပညာအလုပ်တွေ လုပ်ခွင့်ပေးတာနဲ့တင်ကိုပဲ ပျော်နေတာပါ။ ဒီအနုပညာအလုပ်နဲ့ မိဘတွေကို လုပ်ကျွေးခွင့်ရတာကိုပဲ ပျော်နေပြီ ကျေနပ်နေပြီ။        

■ မေး - ကိုယ့်ကို ဖိုက်တင်ပိုင်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေကစပြီး အားပေးခဲ့တာဆိုတော့ ဖိုက်တင်ဦးစားပေးရုပ်ရှင်ကားရိုက်ဖို့ရော အစီအစဉ်ရှိလား။

ဖြေ - အဲဒါကတော့ အခွင့်အရေး ရလာရင်တော့ ရိုက်မှာပါ။ အခုတည်ကြက်ဇာတ်ကားဆိုရင်လည်း အက်ရှင်ပိုင်းလေးတွေပါပါတယ်။ နောက်လည်း ဒီလို အခွင့်အရေးမျိုး ထပ်ပြီးရမယ်လို့ မျှော်လင့်ပါတယ်။

■ မေး - ‘တည်ကြက်’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ‘တည်ကြက်’ ဇာတ်ကားလေးက ညီမတို့အဖွဲ့သားတွေအားလုံး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ စုစုစည်းစည်း ကြိုးစားထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေကို လာပြီးအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားရှိရင်။

ဖြေ - ယဉ်လက်ကို ချစ်ခင်အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် အများကြီးလည်း အားတက်ရပါတယ်။ ပျော်ရွှင်ရပါတယ်။ ပရိသတ်တွေအတွက် အမြဲကြိုးစားသွားပါ့မယ်။                   

Most Read

Most Recent