အာဏာပိုင်တို့၏ လိုက်လျောမှုအချို့
၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးကို စတင်ခဲ့ပြီးနောက် ဝိုင်အမ်ဘီအေ စတင်တည်ထောင်ရာ၌ ပါဝင်ခဲ့သူ အမ်အေမောင်ကြီးသည် ပညာရေးဝန်ကြီးချုပ်ဖြစ်လာရာ သူ၏လက်ထက်တွင် သပိတ်မှောက်ကျောင်းသားများ တက္ကသိုလ်ပြန်လည် တက်ရောက်နိုင်ရန် စီစဉ်ပေးခဲ့သည်။ ထို့အတူ ဥပဒေပြု အမတ်ဖြစ်လာသူ ဦးဘဘေကလည်း ၁၉၂၃ ခုနှစ် နိုဝင်ဘာတွင် ရန်ကုန်တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန် ဥပဒေပြုကောင်စီသို့ တင်သွင်းခဲ့သည်။ ယင်းပြင်ဆင်ချက်ဥပဒေကို အိန္ဒိယဘုရင်ခံချုပ်က ၁၉၂၄ ခုနှစ် ဧပြီတွင် လက်ခံအတည်ပြုပေးခဲ့သည်။
ကျောင်းသားသမဂ္ဂတည်ထောင်ရေး
ဗြိတိသျှအာဏာပိုင်တို့၏ လိုက်လျောမှု အချို့ကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အနေဖြင့် အခြားအနောက်နိုင်ငံ တက္ကသိုလ်ကြီးများရှိ လူမှုရေး၊ပညာရေး၊ ဆက်ဆံပေါင်းသင်းရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်ရန် စိတ်ကူးမိကြ၏။ ထိုစဉ်က တက္ကသိုလ်အဓိပတိလည်းဖြစ်၊ မြန်မာပြည်ဘုရင်ခံလည်းဖြစ်သော ဆာဟာကုတ်ဘတ္တလာက သဘောတူညီသဖြင့် ၁၉၂၆ ခု နှစ်တွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် အခြေအနေ ပေါ်ပေါက်လာခဲ့သည်။
ဆာဟာကုတ်ဘတ္တလာက ဆန်စက်သူဌေးဦးညိုအား တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ပေးရန် မေတ္တာရပ်ခံခဲ့ရာ ဦးညိုက ငွေကျပ် ၁၇၀၀၀၀ ကို လှူဒါန်းခဲ့သည်။ သို့ဖြင့် ၁၉၂၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ စတင်တည်ဆောက်ခဲ့သည်။ ၅ ဒီဇင်ဘာ ၁၉၂၇ တွင် ယင်းအဆောက်အအုံကို ဆာဟာကုတ် ဘတ္တလာက အုတ်မြစ်ချပေးခဲ့သည်။
ခေတ်ကာလအခြေအနေ
ကျောင်းသားသမဂ္ဂ တည်ဆောက်ချိန်က တက္ကသိုလ်ကျောင်းသားအများစုသည် ဘွဲ့၊ ဒီဂရီရရှိပြီး အစိုးရအလုပ်ကောင်းကောင်း ရရှိရေးကိုသာ အလေးထားခဲ့ကြသည်။ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲများဖြင့်သာ တက္ကသိုလ်ကျောင်းသားဘ၀ ပြည့်စုံလုံလောက်ပြီဟု အထင်ရှိကြဟန်တူပါသည်။ ထိုစဉ်ကသာ တက္ကသိုလ်ကျောင်းသားသမဂ္ဂသည် ဗြိတိသျှအာဏာပိုင်တို့အား အံတုတွန်းလှန်မည့် နယ်ချဲ့ဆန့်ကျင်ရေးဌာနချုပ် ဖြစ်လာလိမ့်မည်ဟု သိရှိခဲ့လျှင် ဗြိတိသျှအာဏာပိုင်တို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး တည်ဆောက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ထို့အတူ ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့သည့် သူဌေးဦးညိုသည်လည်း ဒေါက်တာဦးညိုဟူ၍ ဖြစ်လာစရာ အကြောင်းရှိလိမ့်မည် မဟုတ်ပေ။