ကျောက်မဲမြို့ရှိ ရွှေကျင်ဘုန်းကြီးကျောင်းတိုက်ဆရာတော် သေနတ်ဖြင့်ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံရေးအဖွဲ့အစည်းအချို့ ကြေညာချက်များ ထုတ်ပြန်

ကျောက်မဲမြို့ရှိ ရွှေကျင်ဘုန်းကြီးကျောင်းတိုက်ဆရာတော် သေနတ်ဖြင့်ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံရေးအဖွဲ့အစည်းအချို့ ကြေညာချက်များ ထုတ်ပြန်
Published 7 October 2018
မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ခရိုင်အဆင့် ရုံးစိုက်ရာ ကျောက်မဲမြို့လယ်ကောင်ရှိ ဓမ္မမေဒီနီ ရွှေကျင်ကျောင်းတိုက် ဆရာတော်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ အဖြစ်မှန်ဖော်ထုတ်နိုင်ခြင်းမရှိပါက တိုင်းရင်းသားအချင်းချင်း အကြားတွင် အထင်အမြင်လွဲမှားကာ ပြဿနာဖြစ်ပေါ်လာနိုင်သည်ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က အောက်တိုဘာ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီခန့်တွင် ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကလျာဏဝံသအား အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျောင်းဝင်းထဲအထိ ဝင်ရောက်၍ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အပေါ် လွန်စွာထိတ်လန့်တုန်လှုပ်ဝမ်းနည်းကြေကွဲရကြောင်း SSJAC ကြေညာချက်တွင် ဖော်ပြထားသည်။

အရပ်ဝတ်ဖြင့် သေနတ်သမားနှစ်ဦးသည် ဆိုင်ကယ်နှစ်စီးအား စီးနင်း၍ ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ ဆရာတော်အား သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ လူအများက ဝိုင်းဝန်းဖမ်းဆီး၍ ထွက်ပြေးရာတွင် ဆိုင်ကယ်တစ်စီး ကျန်နေခဲ့ကြောင်းနှင့် ဆရာတော်မှာ သေနတ်ဒဏ်ရာ ခုနစ်ချက်ဖြင့် ပျံလွန်တော်မူခဲ့သည်။

ဆရာတော်အနေဖြင့် သေနတ်ဖြင့် ပစ်ခတ်ခြင်း မခံရမီ စက်တင်ဘာ ၁၄ ရက်က ကျောင်းတိုက်အတွင်းတွင် ရှမ်းပြည်အနာဂတ်နိုင်ငံရေး၊ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ပေါင်းစည်းရေးတွင် ကြုံတွေ့နေရသော ပြဿနာများနှင့် ပတ်သက်ပြီး ကျောက်မဲဒေသခံ ဆရာတော်များနှင့်လူပုဂ္ဂိုလ်အဖွဲ့အစည်းများက စုပေါင်းဆွေးနွေးခဲ့ကြပြီး အချက်လေးချက် ပါသဘောထား ကြေညာချက်လည်း ထုတ်ပြန်ခဲ့ရာ ဆရာတော်၏ သတ်ဖြတ်ခံရမှုမှာ အဆိုပါဖြစ်စဉ်နှင့်ဆက်စပ်နိုင်ကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

ယခုကဲ့သို့ လူအများ ကြည်ညိုလေးစားသည့် ဆရာတော်တစ်ပါးအား သေနတ်ကို အသုံးပြုကာ ပစ်ခတ်သတ်ဖြတ်သွားခြင်းသည် ဒေသတွင်း တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို လှစ်ဟပြနေခြင်းဖြစ်သည် ဟု  SSJAC က သုံးသပ်သည်။

မည်သည့်အကြောင်းကိစ္စရပ်မျိုး ရှိစေကာမူ သာသနာဝန်ဆောင် ဆရာတော်တစ်ပါးအား ယခုကဲ့သို့ ကျောင်းတိုက်အတွင်းသို့ဝင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းသည် လွန်စွာစက်ဆုတ်ဖွယ်ကောင်းသည့် အကြမ်းဖက်မှုတစ်ခုသာဖြစ်ပြီး အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများအား အပြင်းအထန်ရှုတ်ချကြောင်း SSJAC က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အလားတူရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဓမ္မမေဒိနီရွှေကျင်ကျောင်း ဆရာတော် ဘဒ္ဒန္တကလျာဏဝံသသည် အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကျောင်းဝင်းအတွင်း အမည်မသိ သေနတ်သမားနှစ်ဦး၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်သတ်ဖြတ်ခဲ့သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က ပူးပေါင်းသုံးသပ်ဖော်ထုတ်ပေးကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ  (RCSS ) က အောက်တိုဘာ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်တိုက်တွန်းသည်။

မိုင်းပန်မြို့ နားဝမ်ကျေးရွာအုပ်စု နောင်လေကျေးရွာနေ လုံးခွန်ဆုညနှင့် ကျိုင်းတောင်းမြို့နယ် ကွန်မုန့်ကျေးရွာ အမှတ် (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး လုံးစိုင်းညွန့်စိန်အား အိမ်အတွင်း ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များအား အမှုမှန်ပေါ်ပေါက်စေရေးနှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်စေရန်အတွက်  RCSS အနေဖြင့် ဒေသခံပြည်သူလူထုများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း  RCSS က ကြေညာခဲ့သည်။

လက်ရှိ ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု လုပ်ရပ်များအား RCSS မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း  RCSS က ယခု ကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ ဓမ္မမေဒိနီရွှေကျင်ကျောင်းဆရာတော်ကို အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ တအန်းလက် နက်ကိုင်အဖွဲ့(TNLA) ကလည်း များစွာ တုန်လှုပ်ချောက်ချားကာ ထိုအကြမ်းဖက်လုပ်ရပ်အား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၇ ရက်တွင်ပင် TNLA ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent