မန်ယူအသင်းနည်းပြ မော်ရင်ဟိုက နယူးကာဆယ်အသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရသောပွဲအပြီး မန်ယူအသင်းပရိသတ်များက သူ့အပေါ်အားပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းပွဲတွင် မန်ယူပရိသတ်အချို့သည် မော်ရင်ဟိုအား အသင်းတွင် ဆက်ရှိစေလိုသောဆန္ဒဖြင့် " STILL UNITED WITH JOSE" "JOSE IS A WINNER ! WOODWARD IS A LOSER" ဟူသော စာတန်းများထောင်ကာ အားပေးခဲ့ကြသည်။
ထို့ပြင် မန်ယူပရိသတ်တစ်စုကလည်း "Jose's right,the board are s***"ဟု ပွဲချိန်အတွင်း အော်ဟစ်ခဲ့ကြသည်။ ပွဲချိန် (၉၀)မိနစ်တွင် မန်ယူတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် အနိုင်ဂိုးသွင်းပြီးနောက် မန်ယူပရိသတ်များသည် မော်ရင်ဟို၏ အမည်ကို ကျယ်လောင်စွာအော်ဟစ်၍ အားပေးခဲ့ကြသည်။
ပွဲအပြီးတွင် မော်ရင်ဟိုက ပရိသတ်များ၏ အားပေးမှုအတွက် အလွန်အံ့အားသင့်ဝမ်းသာရကြောင်း ပြောကြားခဲ့သည်။ မော်ရင်ဟိုက "ဒီပွဲ အနိုင်ရခဲ့တဲ့အတွက်သာ ကျွန်တော် ဝမ်းသာရတာမဟုတ်ပါဘူး။ ဒီပွဲမှာ ပရိသတ်တွေရဲ့အားပေးမှုနဲ့ ကျွန်တော့်ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုအတွက်လည်း ကျွန်တော် ဝမ်းသာရပါတယ်"ဟု ပြောကြားခဲ့သည်။















