
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ဝါရှင်တန်တက္ကသိုလ်တွင် ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်နေသော ဒေါ်နယ်ထရန့်နှင့် ဟီလာရီကလင်တန် (Photo:AP)
ဟီလာရီကလင်တန်က ၎င်း၏ ကိုယ်တွေ့မှတ်တမ်း စာအုပ်သစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား စက်ဆုပ်စရာကောင်းသူဟု ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ စကားစစ်ထိုးပွဲ တစ်ခုအတွင်း ထရန့်၏ အပြုအမူများကြောင့် အလွန်အမင်း စိတ်မသက်မသာ ဖြစ်ခဲ့ရကြောင်း ရေးသားခဲ့သည်ဟု သြဂုတ် ၂၄ ရက်တွင် ထွက်ပေါ်လာခဲ့သော ယင်းစာအုပ် ကောက်နုတ်ချက်များအရ သိရသည်။
ပြီးခဲ့သောနှစ်တွင် အမေရိကန် အဓိကပါတီ တစ်ခု၏ ပထမဆုံး အမျိုးသမီးသမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် သမိုင်းဝင်ခဲ့သော ကလင်တန်က “ဟောပြောစင်ငယ်ပေါ်မှာ ကျွန်မဘယ်လျှောက်လျှောက် သူက နောက်ကနေ အနီးကပ်လိုက်တယ်။ ကျွန်မကို စိုက်ကြည့်တယ်။ မျက်နှာပြောင်ပြတယ်။ အရမ်းအရမ်းကိုပဲ ကသိကအောက်ဖြစ်စရာ ကောင်းတယ်”ဟု What Happened ဟု အမည်ပေးထားသော ယင်းစာအုပ်သစ်တွင် ရေးသားခဲ့သည်။ “သူက အလွန်အမင်း အဆင်မပြေဖြစ်အောင်ကိုပဲ ကျွန်မကို အနီးကပ်လိုက်ပြီး စောင့်ကြည့်ခဲ့တယ်” ဟု ကလင်တန်က ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် စိန့်လူးဝစ်ရှိ ဝါရှင်တန်တက္ကသိုလ်၌ ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲမှ အခြေအနေကို ပြန်လည်ရေးသားခဲ့သည်။ အမျိုးသမီးများအား မဖွယ်မရာ စမ်းသပ်ကိုင်တွယ်မှုနှင့် ပတ်သက်၍ ထရန့်က ကြွားဝါပြောဆိုနေမှုကို အသံဖမ်းထားသည့်တိပ်ခွေ ထွက်လာခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယင်းစကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ရှင်ဆိုရင် ဘာလုပ်မလဲ။ သူက ရှင်တို့ရဲ့နေရာကို ထပ်ပြီး မကျူးကျော်တော့သလိုမျိုး ဒီအတိုင်းပဲ သက်သက်သာသာနေ။ ဆက်ပြီး ပြုံးနေလို့ ရှင်က ပြောမှာလား။ ဒါမှမဟုတ် သူ့ကို တည့်တည့် စိုက်ကြည့်ပြီး စက်ဆုပ်စရာကောင်းတဲ့လူ ကျွန်မနဲ့ ဝေးဝေးမှာနေလို့ ပြတ်ပြတ်သားသားနဲ့ ကျယ်ကျယ်လောင်လောင် ပြောမှာလား” ဟု ကလင်တန်က ဒေါသသံဖြင့် ရေးသားခဲ့သည်။
“ရှင်က အမျိုးသမီးတွေကို ခြိမ်းခြောက်ရတာ သဘောကျတယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မကိုတော့ လာလုပ်လို့ မရဘူး” ဟု ကလင်တန်က ပြောကြားခဲ့သည်။
ယင်းကောက်နုတ်ချက်များကို MSNBC သတင်းဌာနက ရရှိခဲ့ခြင်း ဖြစ်သည်။ ကလင်တန်၏ စာအုပ်သစ်အား စက်တင်ဘာ ၁၂ ရက်တွင် အမေရိကန်၌ စတင်ဖြန့်ချိမည်ဖြစ်ပြီး ကြိုတင်အမှာစာများကြောင့် ယင်းစာအုပ်သည် သြဂုတ် ၂၃ ရက်တွင် Amazon ၏ အရောင်းရဆုံး စာအုပ်များစာရင်းတွင် နံပါတ်တစ်၌ ရပ်တည်ခဲ့သည်။ ကလင်တန်က သမ္မတကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ်ရှိနေသည့် နေ့ရက်တိုင်း ပြည်သူသန်းပေါင်းများစွာက ၎င်းကို အားကိုးနေသည်ကို သိရှိကြောင်း၊ သို့သော် ၎င်း၏အလုပ် မပြီးမြောက်ခဲ့သည့်အတွက် ခံစားခဲ့ရကြောင်းလည်း ရေးသားခဲ့သည်။
စာအုပ်ထုတ်ဝေရေးလုပ်ငန်း Simon and Schuster က ယင်းစာအုပ်သစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့မှုအတွက် ခံစားခဲ့ရမှုများ နှင့် ၎င်းကျူးလွန်ခဲ့သည့် အမှားအယွင်းများကို ထုတ်ဖော်ပြမည် ဖြစ်ကြောင်း ပြီးခဲ့သောလတွင် ထုတ်ပြန်ခဲ့သည်။