သတင်းပေးမှု ရခဲ့ပြီးနောက် ဂက်စ်ဗူးများ တင်လာသော စပိန် ဗင်ကားတစ်စီးအား ဒတ်ချ်ရဲများက စစ်ဆေး

သတင်းပေးမှု ရခဲ့ပြီးနောက် ဂက်စ်ဗူးများ တင်လာသော စပိန် ဗင်ကားတစ်စီးအား ဒတ်ချ်ရဲများက စစ်ဆေး
Published 25 August 2017

သြဂုတ် ၂၃ ရက်က ရော့တာဒမ်တွင် ရဲများက အရံအတားဖြင့် ကာရံထားသည့်နေရာ၌ ဖမ်းဆီးထားသော ဗင်ကားတစ်စီးကို တွေ့ရစဉ် (Photo: AFP)

တိုက်ခိုက်ခံရမည် စိုးသောကြောင့် ရုတ်တရက် ဖျက်သိမ်းလိုက်ရသော ရော့ခ်ဖျော်ဖြေပွဲ ကျင်းပမည့်နေရာအနီး ဂက်စ်ဗူးများ တင်ဆောင်လာသော ဗင်ကားတစ်စီးကို မောင်းနှင်လာသည့် စပိန်ယာဉ်မောင်း တစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဒတ်ချ်ရဲများက အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်နွှယ်နိုင်ခြေများအတွက် သြဂုတ် ၂၄ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။
စပိန်တာဝန်ရှိသူများ၏ သတင်းပေးမှုကြောင့် ယင်းယာဉ်မောင်းအား ဖမ်းဆီးခဲ့သည်ဟု ရော့တာဒမ်ရဲတပ်ဖွဲ့က Twitter တွင် ထုတ်ပြန်ခဲ့သည်။

စပိန်တွင် IS အဖွဲ့က ၎င်းတို့ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သော လူ ၁၅ ဦး သေဆုံးခဲ့ရသည့် လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့အပြီး တစ်ပတ်ခန့်အကြာတွင် ယင်းကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ရော့ခ်အဖွဲ့ တစ်ဖွဲ့က ဖျော်ဖြေပွဲကျင်းပမည့် Maassilo ပြဇာတ်ရုံမှ လမ်းနှစ်လမ်းသာခြားသော နေရာတွင် တွေ့ရှိခဲ့သည့် ယင်းဗင်ကားကို ဒတ်ချ် ဗုံးရှင်းလင်းရေး တာဝန်ရှိသူများက စစ်ဆေးနေသည်။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေအတွက် စပိန်ရဲတပ်ဖွဲ့က သတင်းပေးခဲ့အပြီး ဥရောပ၏ အကြီးဆုံးဆိပ်ကမ်းမြို့တွင် ကယ်လီဖိုးနီးယား အဆိုတော်အဖွဲ့ Allah - Las ၏ ဖျော်ဖြေပွဲကို ဖျက်သိမ်းရန် ဒတ်ချ်တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းရော့ခ်အဖွဲ့ဝင်များအား ကျည်ကာများ ဝတ်ပေးပြီး ရဲများက ခန်းမထဲမှ စောင့်ကြပ်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

လူ ၁၀၀၀ ခန့်ဆံ့သော ဖျော်ဖြေပွဲ ကျင်းပသည့်နေရာမှ လူများအား ရွှေ့ပြောင်းခဲ့ပြီးနောက် ယင်းနေရာကို ဒတ်ချ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ရှာဖွေခဲ့သည်။ ဖျော်ဖြေပွဲခန်းမအနီး တာဝန်ကျသည့် ရဲတစ်ဦးက ဒေသစံတော်ချိန် ၂၁ နာရီ မိနစ် ၃၀ ခန့်တွင် မောင်းနှင်လာသော ယင်းဗင်ကားအား တားဆီးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ စပိန် နံပါတ်ပြား တပ်ထားသော ယင်းဗင်ကားအား စပိန်နိုင်ငံသားက မောင်းလာခဲ့ကြောင်း၊ ကားထဲတွင် ဂက်စ်ဗူးများ တွေ့ရကြောင်း၊ ယင်းယာဉ်မောင်းအား စစ်ဆေးမေးမြန်းနေကြောင်း ရော့တာဒမ်ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒတ်ချ်တွင် ပထမဆုံး မွတ်စလင်နှင့် ရွှေ့ပြောင်းအခြေချများမှ မွေးဖွားသော မြို့တော်ဝန်ဖြစ်သည့် အဘူတာလက်က စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေပြီး ယင်းဂက်စ်ဗူးများသည် ခြိမ်းခြောက်မှုနှင့် ဆက်နွှယ်နေခြင်း ရှိ၊ မရှိအား လောလောဆယ်တွင် မပြောနိုင်သေးကြောင်း ပြောကြားခဲ့သည်။

စပိန်တိုက်ခိုက်မှုများ နောက်ကွယ်တွင် ပါဝင်ခဲ့သော မော်ရိုကိုနိုင်ငံသား အများစုပါဝင်ခဲ့သည့် အကြမ်းဖက်အဖွဲ့၏ နိုင်ငံတကာနှင့် ချိတ်ဆက်မှုကို စုံစမ်းစစ်ဆေးနေပြီး ပြင်သစ်နှင့် ဘယ်လ်ဂျီယမ်တွင် ယင်းအဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ခြေရာပြန်ကောက်နေကြောင်း သိရသည်။ စပိန်ရဲတပ်ဖွဲ့က ဘာစီလိုနာ တောင်ဘက် အယ်ကာနာမြို့ရှိ နေအိမ်တစ်လုံးအား စီးနင်းမှုအတွင်း Acetone အရည်လီတာ ၅၀၀ ထက်မနည်း၊ သံများနှင့် စနက်တံ အများအပြားတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း တရားရုံးမှတ်တမ်းများက ဖော်ပြခဲ့သည်။

နယ်သာလန်သည် ပြီးခဲ့သော နှစ်များအတွင်း အိမ်နီးချင်း ဥရောပနိုင်ငံများ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများမှ ကင်းလွတ်နေခဲ့သော်လည်း တိုက်ခိုက်မှုအချို့နှင့် ဆက်နွှယ်သူများသည် ယင်းနိုင်ငံသို့ အခိုက်အတန့် ဖြတ်သန်းသွားခဲ့ကြောင်း သတင်းများကြောင့် ဒတ်ချ်လုံခြုံရေးနှင့် ထောက်လှမ်းရေး ထိပ်တန်းတာဝန်ရှိသူများသည် ယင်းဖြစ်စဉ်များအား သတိကြီးစွာ စောင့်ကြည့်နေရသည်။

Most Read

Most Recent