ပရိသတ်များကို ဖျော်ဖြေမှုပေးနိုင်ရန်မှာ ဘောလုံးတွင် အရေးအကြီးဆုံးအလုပ်ဖြစ်ကြောင်း ကလော့ပ် ပြောကြား

ပရိသတ်များကို ဖျော်ဖြေမှုပေးနိုင်ရန်မှာ ဘောလုံးတွင် အရေးအကြီးဆုံးအလုပ်ဖြစ်ကြောင်း ကလော့ပ် ပြောကြား
Published 6 October 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ပရိသတ်များကို ဖျော်ဖြေမှုပေးနိုင်ရန်မှာ ဘောလုံးတွင် အရေးအကြီးဆုံးအလုပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကလော့ပ်သည် အောက်တိုဘာလ (၆)ရက်တွင် အန်ဖီးလ်ကွင်း၌ ကစားမည့် မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျော်ဖြေမှုပေးနိုင်သည့် ပွဲတစ်ပွဲဖြစ်လာမည်ဟု မျှော်လင့်နေကြောင်းလည်း သိရသည်။

ကလော့ပ်က "ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ဆာရီကို ကျွန်တော် လှည့်ကြည့်ပြီး ပြုံးပြတယ်။ သူလည်း ကျွန်တော့်ကို ကြည့်ပြီး ပြန်ပြုံးပြတယ်။ အဲဒီပွဲကို ခင်ဗျားတို့ကြိုက်မှာပါ။ ကျွန်တော်ကတော့ သဘောကျတယ်။ ပွဲက တအားကောင်းတယ်လေ။ မန်စီးတီးနဲ့ ကစားမယ့်ပွဲကလည်း အရမ်းကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဘောလုံးမှာ အရေးကြီးဆုံးအလုပ်က ပွဲကြည့်ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ဖို့လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က လူ့အသက်တွေကို မကယ်နိုင်ပါဘူး။ ကျွန်တော် စွမ်းနိုင်တာကဘောလုံးပါ။ လူတွေကိုမှ ဖျော်ဖြေမှုမပေးနိုင်ဘူးဆိုရင် ဘာလို့ကျွန်တော်တို့ ဘောလုံးပွဲတွေ ကစားနေမှာလဲ။ပွဲတိုင်း ဖျော်ဖြေမှုအပြည့်ကစားဖို့တော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲဒီအလုပ်က အရေးကြီးဆုံးအလုပ်ဖြစ်လို့ ကျွန်တော်တို့ ကြိုးစားရမယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က ဂွါဒီယိုလာ၏ မန်စီးတီးအသင်းမှာ ပရိသတ်များကို ဖျော်ဖြေအပေးနိုင်ဆုံးအသင်းဖြစ်ကြောင်းနှင့် မန်စီးတီးကို အကောင်းဆုံးရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက "ပတ်(ဂွါဒီယိုလာ)ရဲ့ အသင်းဟာ ပရိသတ်တွေကို ဖျော်ဖြေမှုအပေးနိုင်ဆုံးအသင်း ဖြစ်ပါတယ်။ ဒါက သိသာလွန်းတာကြောင့် ကျွန်တော် လွယ်လွယ်ကူကူပဲ အခုလို ဝန်ခံလိုက်တာပါ။ ကျွန်တော်တို့အသင်းကလည်း သိပ်ဆိုးတဲ့အသင်းတော့ မဟုတ်ပါဘူး။ ဒါကြောင့် မန်စီးတီးအတွက် ကျွန်တော့်တို့က လွယ်ကူတဲ့ပြိုင်ဘက်တော့ မဟုတ်ပါဘူး။ မန်စီးတီးအသင်းကို အနိုင်ရဖို့ (၁၀၀)ရာခိုင်နှုန်း၊ ဒါနဲ့မှ မရရင် (၁၁၀)ရာခိုင်နှုန်းအထိ ကျွန်တော်တို့ အားထုတ်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့သည် ပရီးမီးယားလိဂ်ပွဲစဉ် (၇)အပြီးတွင် ရမှတ် (၁၉)စီ ရရှိထားပြီးမန်စီးတီးအသင်းက ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။

Most Read

Most Recent