လက်ရှိတွင် ခြေစွမ်းပြနေသော်လည်း နှစ်လအတွင်း အခြေအနေပြောင်းသွားနိုင်ကြောင်း ဟာဇက် ဝန်ခံ

လက်ရှိတွင် ခြေစွမ်းပြနေသော်လည်း နှစ်လအတွင်း အခြေအနေပြောင်းသွားနိုင်ကြောင်း ဟာဇက် ဝန်ခံ
Published 6 October 2018

 

ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်က ၎င်းအနေဖြင့် လက်ရှိတွင် ခြေစွမ်းပြကစားနေသော်လည်း နှစ်လအတွင်း အခြေအနေပြောင်းလဲသွားနိုင်သွားနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်သည် ယခုရာသီ၌ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံတွင် (၇)ဂိုးအထိ သွင်းယူထားသည်။

ဟာဇက်က "လက်ရှိအချိန်မှာတော့ ကျွန်တော် ကောင်းနေတယ်။ ဒါပေမဲ့ နှစ်လအတွင်းမှာ အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။ ကျွန်တော်ကတော့ ကွင်းထဲမှာ ခြေစွမ်းပြနိုင်အောင် အစွမ်းကုန်ကြိုးစားမှာပါ။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ဂိုးတွေသွင်းနေတော့ ကျွန်တော် ကောင်းတယ်လို့ ပရိသတ်တွေက သတ်မှတ်နေကြတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဂိုးမသွင်းနိုင်ပေမယ့် ခြေစွမ်းကောင်းတယ်ဆိုရင်တော့ ကျွန်တော့်အတွက်အဆင်ပြေပါတယ်။ ကျွန်တော်က ကိုယ်တိုင်ဂိုးသွင်းဖို့ထက် အသင်းနိုင်ပွဲရဖို့ကို ပိုလိုလားပါတယ်"ဟု ပြောကြားခဲ့သည်။

နည်းပြ ဆာရီလက်ထက်တွင် ချယ်လ်ဆီးအသင်းသည် ကွန်မြူနတီဒိုင်းတွင် မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီးနောက် ယခုရာသီ ပြိုင်ပွဲစုံ (၁၀)ပွဲတွင် လုံးဝရှုံးပွဲမရှိသေးပေ။

ထို့ပြင် ဟာဇက်က ယခုနွေရာသီအပြောင်းအရွှေ့၌ ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့သွားခဲ့သည့် ဂိုးသမား ကော်တိုအာနေရာတွင် အစားထိုးရန် ခေါ်ယူခဲ့သည့် ကယ်ပါမှာ အရည်အချင်းရှိသည့် လူငယ်ဂိုးသမားတစ်ဦးဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

Most Read

Most Recent