အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် စီရော်နယ်လ်ဒိုဘက်မှ ဂျူဗင်တပ်စ်အသင်း ရပ်တည်

အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် စီရော်နယ်လ်ဒိုဘက်မှ ဂျူဗင်တပ်စ်အသင်း ရပ်တည်
Published 5 October 2018

 

ဂျူဗင်တပ်စ်အသင်းသည် အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုဘက်မှ ရပ်တည်ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒို (၃၃ နှစ်)သည် ၂၀၀၉ ခုနှစ်၊ ဇွန်လ (၁၃)ရက်က အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်စ်မြို့ရှိ ဟိုတယ်တစ်ခုတွင် မာယော်ဂါဟု အမည်ရသည့် အမေရိကန်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်း ဖြစ်သည်။

စီရော်နယ်လ်ဒိုက ယင်းစွပ်စွဲမှုမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ထားသော်လည်း လတ်စ်ဗေးဂတ်စ်ရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေးနေကြောင်း သိရသည်။ ယင်းကဲ့သို့ စွပ်စွဲခံထားရသည့်အတွက် ၎င်းကို စပွန်ဆာပေးထားသည့် Nike နှင့် EA Sports တို့က ဝမ်းနည်းကြောင်းထုတ်ပြန်ထားပြီး စပွန်ဆာစာချုပ်များကိုပါ ဖျက်သိမ်းဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

သို့သော် ဂျူဗင်တပ်စ်အသင်းကမူ ၎င်းတို့အနေဖြင့် စီရော်နယ်လ်ဒိုကို အပြည့်အဝထောက်ခံကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်က ထုတ်ပြန်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်း၏ ထုတ်ပြန်ချက်တွင် "စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လတွေအတွင်း ပရိုဆန်ဆန်နဲ့ အလုပ်ကို စိတ်နှစ်ပြီး ကြိုးစားခဲ့သူပါ။ သူ့ရဲ့ ကြိုးစားမှုတွေကို ကျွန်တော်တို့  အသိအမှတ်ပြုပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် သူ့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ပြောင်းလဲမှာ မဟုတ်ပါဘူး။  ကျွန်တော်တို့အနေနဲ့ ဘာပဲဖြစ်ဖြစ် စီရော်နယ်လ်ဒိုနဲ့အတူ ရပ်တည်သွားမှာပါ"ဟု ပါရှိသည်။

Most Read

Most Recent