ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အချို့လုပ်ဆောင်မှုများမှာ ဥပဒေကို ချိုးဖောက်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ သတ္တုနှင့် သစ်တောရေးရာ ကော်မတီဥက္ကဋ္ဌ လွှတ်တော်၌ ဝေဖန်

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အချို့လုပ်ဆောင်မှုများမှာ ဥပဒေကို ချိုးဖောက်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ သတ္တုနှင့် သစ်တောရေးရာ ကော်မတီဥက္ကဋ္ဌ လွှတ်တော်၌ ဝေဖန်
Published 18 May 2018

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၂၁) တွင် အချို့လုပ်ဆောင်မှုများမှာ ဥပဒေကို ချိုးဖောက်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၏ ပြောကြားချက်အရ သိရသည်။

မေ ၁၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၉ ရက်မြောက်နေ့) တွင် အဆိုပါ စီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးတင်ရှိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စီမံကိန်းပါ အချက်အလက်နဲ့ စီမံကိန်း ၂၂ ခု လေ့လာလိုက်တဲ့အခါကျတော့ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် မပေးသေးဘဲနဲ့ စက်ရုံတွေကို ဆောက်နေတာကို တွေ့ရပါတယ်။ အဲဒီလိုဆိုရင် ဒါဟာ ဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ ဝန်ကြီးက ပြောထားပါတယ် အနီးကပ်ကြီးကြပ်ပြီးတော့ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ သို့သော်လည်း လုပ်ငန်းမစရသေးဘူး။ လုပ်ငန်းချိုးဖောက်နေတဲ့ ကုမ္ပဏီတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ လယ်ယာမြေကို ဖွံ့ဖြိုးတိုးတက်အောင် ဒီစီမံကိန်းကြီး ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ အဲဒီလူတွေကို ကျွန်တော်တို့ ဘယ်လိုယုံပေးရမှာပါလဲ။ ကျွန်တော်တို့ကော်မတီအနေနဲ့ကတော့ ဒီလိုဥပဒေချိုးဖောက်နေတဲ့သူတွေကို ယုံကြည်နိုင်စရာမရှိတဲ့အတွက် ဥပဒေနဲ့အညီ လွှတ်တော်ဥက္ကဋ္ဌကြီးက အရေးယူဆောင်ရွက်ပေးဖို့ အကြံပြုလိုပါတယ်” ဟု ဦးတင်ရှိန်က ပြောကြားသည်။

အဆိုပါစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီအနေဖြင့် အစည်းအဝေး သုံးကြိမ်ပြုလုပ်လေ့လာပြီး ဆွေးနွေးခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

စီမံကိန်းစာအုပ်၏ အပိုင်း (၄) တွင်ပါဝင်သည့် စီးပွားရေးလုပ်ငန်း ၂၂ ချက်နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များကို လယ်ယာမြေများ အခြားနည်းသုံးစွဲခွင့်ကို မပေးရဟု အတိအလင်းပြဋ္ဌာန်းချက်ရှိသည့်အတွက် စီမံကိန်းများကို မည်သည့်နည်းဖြင့် လုပ်ဆောင်မည်ကို စီမံကိန်းစာအုပ်တွင် ကွဲကွဲပြားပြား မဖော်ပြထားကြောင်း၊ လယ်သမားများအကျိုးအတွက် လုပ်မည်ဖြစ်၍ အဆိုပါပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပေးနိုင်သော်လည်း ၎င်းတို့အပြင် အခြားလုပ်ငန်းရှင်များက တောင်းဆိုလျှင် လုပ်ဆောင်ခွင့်ပေးမည်လားဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရှိန်က ဆိုသည်။

“ဒီစာအုပ်ထဲမှာ လုပ်ငန်းရှင် ၂၂ ဦး စီမံကိန်းပါဆိုပြီး ဘာလို့ပါရတာလဲလို့ အသေးစိတ်လေ့လာတဲ့အခါမှာ စာအုပ်ပြုစုတဲ့အထဲမှာကို လုပ်ငန်းရှင်တွေ ပါနေတာကို တွေ့ရပါတယ်။ တစ်နည်းပြောရရင် ဒီဥစ္စာက ဖျာဝင်ခင်းလိုက်တာပါပဲ။ လယ်သမားတွေ အကျိုးတွေအတွက် စာအုပ်ပြုစုမှာကို လုပ်ငန်းရှင်တွေပါစရာ မလိုပါဘူး။ တကယ်ပါရမှာက လယ်သမားတွေဖြစ်ပါတယ်။ လယ်သမားတွေ ဘာတွေလိုအပ်တယ်ဆိုတာ လယ်သမားတွေပဲ သိပါတယ်။ သို့သော် အဲဒီပညာရှင်တွေဟာ လယ်သမားတွေနဲ့ ဆွေးနွေးသလားဆိုတော့ မဆွေးနွေးပါဘူး။ အဲဒီစာအုပ်ကို ဆွေးနွေးပွဲက ဟိုတယ်မှာ လုပ်တာပါ။ လုပ်ငန်းရဲ့ရည်ရွယ်ချက်က လယ်ပါ။ လုပ်တဲ့နေရာက ဟိုတယ်မှာဖြစ်နေပါတယ်။ ဒါကြောင့် နည်းနည်းလေးတော့ လွဲချော်နေတယ်လို့ ပြောလိုပါတယ်” ဟု ဦးတင်ရှိန်က ပြောကြားသည်။

ထို့ပြင် စီမံကိန်းတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆောင်ရွက်မည့် မျိုးစေ့လုပ်ငန်းစီမံကိန်းကို မြို့နယ်ရှစ်မြို့နယ်တွင် ပြုလုပ်မည်ဟု တွေ့ရှိရကြောင်း၊ ယင်းစီမံကိန်းပြုလုပ်မည့် ဧက ၄၀၀၀ မှာ ယခင်နှစ်က နိုင်ငံတော်ဘတ်ဂျက် ရှစ်ဘီလျံဖြင့် ဖော်ဆောင်ထားသည့် အဆင့်မြင့်လယ်ယာပေါ်တွင် အကောင်အထည်ဖော်မည်ဟု ပြထား၍ ခူးပြီးသားထမင်း အဆင်သင့်ဝင်စားသည့် ပုံစံမျိုးဖြစ်ကြောင်း၊ စီမံကိန်းများတွင် လယ်သမားနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်မည်ကို ပွင့်ပွင့်လင်းလင်း မဖော်ပြထားကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂၀၁၈-၂၀၂၁) အား စာအုပ်ပါ တတိယမူကြမ်းအဖြစ်သာ ထားရှိသင့်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တု နှင့် သစ်တောရေးရာကော်မတီအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက အကြုံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။