မန်ယူနည်းပြအဖြစ် မော်ရင်ဟို ဆက်ရှိသင့်သည်ဟု ရိုင်ယန်ဂစ် ဆို

မန်ယူနည်းပြအဖြစ် မော်ရင်ဟို ဆက်ရှိသင့်သည်ဟု ရိုင်ယန်ဂစ် ဆို
Published 5 October 2018

 

ဝေးလ်စ်လက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသော မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်က မန်ယူအသင်း၏နည်းပြအဖြစ် မော်ရင်ဟို ဆက်ရှိသင့်သည်ဟု ပြောကြားခဲ့သည်။မော်ရင်ဟိုသည် ရလဒ်ဆိုးများနှင့် ကြုံတွေ့နေသောကြောင့် ဝေဖန်ပြစ်တင်မှုများစွာနှင့် ရင်ဆိုင်နေရပြီး ရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဟုလည်း မှတ်ချက်ပေးခံထားရသည်။သို့သော် ရိုင်ယန်ဂစ်က မော်ရင်ဟိုကို ထုတ်ပယ်ရုံနှင့် အပြောင်းအလဲဖြစ်မသွားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝေးလ်စ်လက်ရွေးစင်အသင်း လူရွေးချယ်မှုအတွက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုကို မန်ယူအသင်း ထုတ်ပယ်သင့်သလားဟု မေးမြန်းခဲ့ရာ ရိုင်ယန်ဂစ်က '' NO ။ မန်ယူအသင်းက ခက်ခဲတဲ့အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရတာပါ။ ဘယ်လမ်းကြောင်းကို သွားနေသလဲဆိုတာက အရေးကြီးပါတယ်။ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ရင်လည်း ဒီပုံစံအတိုင်းပဲ တစ်နှစ် ဒါမှမဟုတ် (၂)နှစ်လောက် ဆက်ရှိနေမှာပါပဲ။ ဒါကြောင့် မော်ရင်ဟိုပဲ ဆက်ပြီးကိုင်တွယ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်'' ဟုပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး မော်ရင်ဟိုကို ထုတ်ပယ်ရန် အသင်းမှကစားသမားများကပင် လိုလားနေပြီဆိုသောသတင်းများ ထွက်ပေါ်လျက်ရှိသည်။လေ့လာသူများက ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို အစားထိုးခန့်အပ်ဖွယ်ရှိသည်ဟု ထင်ကြေးပေးနေကြသော်လည်း Mirror သတင်းစာမှ ဆောင်းပါးရှင် ဂျိတ်ခ်ပိုလ်ဒန်ကမူ မန်ယူအသင်း၏အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ် ခေါ်ယူလိုသည့် ဦးစားပေးပစ်မှတ်မှာ ဇီဒန်းမဟုတ်ဘဲ စပါးနည်းပြ ပိုချက်တီနိုသာဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် မော်ရင်ဟိုကို ထုတ်ပယ်ရန်လည်း အစီအစဉ်မရှိကြောင်း သုံးသပ်ရေးသားခဲ့သည်။

Most Read

Most Recent