ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ရောက်လာသူများ၏ အနာဂတ် လူမူစီးပွားဘဝဖူလုံရေးနှင့် ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကုလသမဂ္ဂအေဂျင်စီမှ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာမှုုပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။
“ပြီးခဲ့တဲ့လ ၁၃ ရက်နေ့လောက်က စစ်တမ်းစကောက်ပါတယ်။ ပထမတော့ ပဏာမ ကွင်းဆင်းရာမှာ ဌာနဆိုင်ရာပိုင်းက တာဝန်ရှိသူတွေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ သီးသန့်ဆင်းနေတာဖြစ်ပါတယ်။ UNDP နဲ့ UNHCR ကတော့ အဓိက ပြန်လည်ဝင်ရောက်လာသူတွေကို နေရာချထားမှုတွေ၊ ဘယ်နေရာမှာ အိမ်ဆောက်မယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုရလဒ်ကို ပြည်ထောင်စုအဆင့်မှာ ပြန်လည်ဆွေးနွေးမှုလုပ်မှာ ဖြစ်ပါတယ်။ ပထမကွင်းဆင်းတာတော့ ပြီးသွားပါပြီ။ နောက်ထပ်ကွင်းဆင်းမယ့်ရွာတွေကို အဆိုပါပြုထားတာတွေ ရှိပါတယ်။ အခုလောလောဆယ်တော့ ဆင်းနေတာမရှိသေးပါဘူး” ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ရဲထူးက ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မောင်တောခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၂၇ ရွာသို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP) တို့မှ တာဝန်ရှိ သူများ ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ကျေးရွာများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသောအချက်အလက်များ စစ်တမ်းပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထပ်မံစာရင်းကောက်ယူရန် အဆိုပြုထားသော ကျေးရွာများမှာ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့ နယ်အတွင်းက ကျေးရွာစုစုပေါင်း ၂၆ ရွာ ဖြစ်ကြောင်း ကျေးရွာပေါင်း ၈၆ ရွာကို ဆက် လက်စစ်တမ်းကောက်ယူရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ကုလသမဂ္ဂဝန်ထမ်းများကို ဘူးသီးတောင် နှင့် မောင်တောမြို့နယ်အတွင်းမှ ကျေးရွာများသို့ ခရီးသွားလာခွင့်ပြုလိုက်ခြင်းသည် အစိုးရ နှင့် UNHCR နှင့် UNDP တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာ (MoU) ကို စတင်အကောင်အထည်ဖော်ခြင်းလည်းဖြစ်ပြီး ကနဦးအဆင့်အနေဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ကျော်ကို စတင်ကွင်းဆင်းခဲ့ခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာ (MoU) ကို လက် တွေ့အကောင်အထည်ဖော်ရေးအတွက် ရခိုင်ပြည်နယ်သို့ UNDP နှင့် UNHCR ဝန်ထမ်းများအား ကွင်းဆင်း၊ အကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန် ခရီးသွားလာခွင့်ပြုပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သြဂုတ် ၉ ရက်က သတင်းထုတ်ပြန်ထားသည်။
မြန်မာအစိုးရ UNDP နှင့် UNHCR တို့အကြား ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား လက်တွေ့အကောင်အထည်ဖော်ရေး ပထမအဆင့်အနေဖြင့် ရခိုင်ပြည်နယ်မြောက် ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု ငါးအုပ်စု (ကျေးရွာ ၁၂ ရွာ) နှင့် မောင်တော မြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်အုပ်စု (ကျေးရွာ ၁၁ ရွာ)၊ စုစုပေါင်းကျေးရွာအုပ်စု ၁၃ အုပ်စု (ကျေးရွာ ၂၃ ရွာ) တို့၌ ကွင်းဆင်း၊ အကဲဖြတ် မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရဝန်ကြီးဌာန လေးခုအပါအဝင် UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များ ပါဝင်သော နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်း အဖွဲ့သည် ဇူလိုင်၂၁ ရက်နှင့် ဇူလိုင် ၂၂ ရက်တို့တွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းသို့ ကနဦး ကွင်းဆင်းခဲ့သည်။
၂၀၁၈ ခုနစ် ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ လျာထားသော ကျေးရွာအုပ်စု ၃၁ အုပ်စုအောက်ရှိ ကျေးရွာ များတွင် Assessment ပြုလုပ်သွားနိုင်ရန် UNDP နှင့် UNHCR မှ အဆိုပြုထားသည်။
ယင်းနားလည်မှု စာချွန်လွှာကို အဆိုပြုလုပ်ငန်း အစီအစဉ်နှင့်အညီ သုံးလနှင့် ခြောက်လအစီအမံများ ရေးဆွဲပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းအစီအစဉ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူ့အသိုက်အဝန်းများအကြား ရေရှည်တည်တန့်သည့် လူမှု-စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိ သည့် ကဏ္ဍများနှင့် သဟဇာတရှိစေမည့် အခြေခံများကို ပံ့ပိုးကူညီသွားမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာအား ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်” ကို အကောင်အထည်ဖော် ရာတွင် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များအား အထောက်အပံ့ပြုနိုင်ရေးအတွက် ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကို ဖိတ်ခေါ်ခဲ့မှုအရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။